စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ် စိတ်ဝင်စားနေ

RFA Burmese
2023.03.15
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ် စိတ်ဝင်စားနေ တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်းနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။
မြန်မာ့အလင်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင်းဟာ ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်နေ့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ မေးမြန်းခဲ့တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းမှု၊ နိုင်ငံရေးပါတီများ တည်ထောင်ခွင့်၊ မှတ်ပုံတင် လျှောက်ထားမှု၊ အီလက်ထရောနစ်စနစ်နဲ့ မဲပေးနိုင်ရေး၊ အချိုးကျကိုယ်စားပြု စနစ်တွေအကြောင်း တရုတ်သံအမတ်ကြီးက မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

“အာဏာသိမ်းပြီးတော့ နှစ်နှစ်ကြာလာတဲ့အခါမှာ တရုတ်ဘက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်တဲ့ပုံစံ ပြောင်းလဲလာတာကို သတိထားမိတယ်ပေါ့နော်"

UEC ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်နေတာနဲ့ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေတွေကို ပြန်လည်ရှင်းပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေး လေ့လာစောင့်ကြည့်နေသူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို လူထုဘယ်လောက် လက်ခံမှုရှိလဲဆိုတာ တရုတ်က လေ့လာနေပုံရတယ်လို့ သုံးသပ်ပါတယ်။

“ဗမာပြည်ရဲ့ပြဿနာက တော်တော်ကြီးမားနေတော့ စစ်ကောင်စီက ရွေးကောက်ပွဲနဲ့ ထွက်ပေါက်ရှာနေတယ်လို့ သူတို့တွေ့တော့ ရွေးကောက်ပွဲဟာ ဘယ်လောက် တရားမျှတနိုင်လဲ။ ပြည်သူလူထုက ဘယ်လောက်လက်ခံနိုင်မလဲဆိုတာ လေ့လာနေပုံရပါတယ်။ သူက ဗမာပြည်အတွက် ငြိမ်းချမ်းဖို့ပေါ့နော်။ နိုင်ငံရေးအရ တည်ငြိမ်ဖို့ ငြိမ်းချမ်းဖို့အတွက် လမ်းရှာနေတာဖြစ်တာကိုး”

တရုတ်ဟာ နဝတ၊ နအဖ၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအထိ ကောင်းမွန်တဲ့ ဆက်ဆံရေးရအောင် ထူထောင်ထားတယ်လို့ ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအထူး ကိုယ်စားလှယ် Mr. Deng Xijun ဟာ နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယအကြိမ် သွားတွေ့ခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ နယ်စပ်ဒေသနဲ့ ပြည်တွင်းတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးပြောင်းလဲမှုနဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေကို ဆွေးနွေးခဲ့ တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ဘယ်အစိုးရပဲ အုပ်ချုပ်သည်ဖြစ်စေ အေးအေးချမ်းချမ်း ဖြစ်စေချင်ပြီး အဲဒီလိုမှသာ သူ့အကျိုးစီးပွားတွေကို ကာကွယ်နိုင်မှာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“တရုတ် အကျိုးစီးပွားကတော့ မြန်မာပြည်မှာ ဘယ်အစိုးရပဲ တက်လာတက်လာ အေးအေးချမ်းချမ်း ဖြစ်စေချင်တာပေါ့။ သူ့နယ်နိမိတ်တွေမှာ အေးအေးချမ်းချမ်းရှိမှ သူ့ရင်းနှီးမြှုပ်နှံမှုတွေ စီးပွားကုန်သွယ် ဆက်ဆံမှုတွေ လုပ်လို့ရမယ်လေ။ နောက်တစ်ခါ သူ့ရဲ့မဟာဗျူဟာ ရည်မှန်းချက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကို ယူနန်ပြည်နယ် ကနေတစ်ဆင့် ထွက်ပြီးတဲ့အခါကျတော့ ကားလမ်း၊ ရထားလမ်းတွေ ဖောက်ပြီးတော့ ကူးသန်းရောင်းဝယ်ရေးတွေ လုပ်မယ်။ နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွား ရှိစေချင်တယ်ပေါ့နော်။ အဲဒီ ရည်မှန်းချက်ပါပဲ”

တရုတ်ဟာ အာဆီယံဘုံသဘောညီချက် ငါးချက်ကို ထောက်ခံခဲ့ပြီး ၂၀၀၈ အခြေခံ ဥပဒေအတိုင်း ဖြေရှင်းဖို့ တိုက်တွန်းခဲ့တာဟာ စစ်တပ်ကို အာဏာအကြာကြီး ယူမထားစေချင်တဲ့သဘောလို့ ဦးရဲထွန်းက ဆိုပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကုန်အထိ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ဖြတ်သန်းရာ လမ်းတစ်လျှောက်က မြို့နယ်ပေါင်း ၄၃ ခုမှာ တိုက်ပွဲ (၃၀၁) ကြိမ် ဖြစ်ခဲ့ပါတယ်။

ဒီအထဲမှာ ၂၀၂၁ ခုနှစ်အတွင်း တိုက်ပွဲပေါင်း (၁၀၁) ကြိမ်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ပထမ ၁၀ လအတွင်းမှာ အကြိမ် (၂၀၀) ထက်မနည်း ဖြစ်ခဲ့တာကြောင့် တိုက်ပွဲအရေအတွက် နှစ်ဆမြင့်တက်လာတာလို့ ဆိုပါတယ်။

ISP Myanmar ရဲ့ တရုတ်လေ့လာရေးအစီအစဉ် တာဝန်ခံ မနန်းလွင်က ဘယ်နိုင်ငံမှာမဆို တည်ငြိမ်တဲ့နိုင်ငံရေး အခြေအနေရှိမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မယ်လို့ ပြောပါတယ်။

“တရုတ်စီမံကိန်းတွေကနေ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားဖြစ်ထွန်းဖို့ဆိုတာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံထားတဲ့အစိုးရနဲ့ Check and Balance လုပ်နိုင်တဲ့ လွှတ်တော်လို ပလက်ဖောင်းတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပြည်သူတွေ လွတ်လပ်စွာပြောဆို တောင်းဆိုနိုင်တဲ့ အခွင့်အရေးရှိတဲ့ အနေအထားမှာပဲ ဖြစ်နိုင်တယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ ဘယ်နိုင်ငံမှာမဆို တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေရှိမှ နိုင်ငံရပ်ခြားက လာရောက်ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေက အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာပါ”

တရုတ်နဲ့နီးစပ်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲဖြစ်မှုကိုကြည့်ရင် တရုတ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းလို သူ့အတွက် အရေးပါတဲ့ စီမံကိန်းနေရာတွေနဲ့ နယ်စပ်ဒေသ တွေမှာ မြန်မာ့ပဋိပက္ခမီး ကျယ်ပြန့်မလာအောင် မကူးစက်အောင် ကြိုးပမ်းထားနိုင်တာ တွေ့ရတယ်လို့လည်း မနန်းလွင်က ပြောပါတယ်။

တရုတ်ဟာ မြန်မာနိုင်ငံကို တည်ငြိမ်စေလိုတဲ့ဆန္ဒရှိတာဟာ စစ်ကောင်စီနဲ့ အကျိုးစီးပွား တွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်သာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“တည်ငြိမ်အေးချမ်းစေလိုတဲ့ ဆန္ဒရှိတယ်။ ဒါပေမဲ့ တည်ငြိမ်အေးချမ်းမှုကို ဘယ်လို ထိန်းသိမ်းတည်ဆောက်ထားသလဲဆိုတဲ့ ပြဿနာနဲ့ ပတ်သက်တဲ့ကိစ္စမှာ ဘယ်တော့မှ သူက ပြောလေ့မရှိပါဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ အစိုးရတစ်ရပ်အဖြစ် တည်ရှိနေသမျှ သူနဲ့ပူးပေါင်းပြီး အကျိုးစီးပွားတွေ အကောင်အထည်ဖော်နိုင်တဲ့ အနေအထားရှိတယ်လို့ သဘောပေါက်မှု အခြေခံမူအပေါ်မှာ စကစနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေ တည်ဆောက်နေတာဖြစ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်”

တရုတ်နိုင်ငံဟာ စစ်ကောင်စီသွားနေတဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို ပွင့်ပွင့်လင်းလင်း ထောက်ခံတယ်လို့ မပြောပေမယ့် သူ့အကျိုးစီးပွားအတွက် ဒီအပေါ်နားလည်အောင် ကြိုးစားနေတာလို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာကျင်းပတဲ့ စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး ထုတ်ပြန်ချက်အရ ဇန်နဝါရီကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံက စင်ကာပူ၊ တရုတ်နဲ့ ထိုင်းဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအထူးကိုယ်စားလှယ် Mr. Deng Xijun တို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။ (Photo: Myanmar Military)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှအထူးကိုယ်စားလှယ် Mr. Deng Xijun တို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်။ (Photo: Myanmar Military)

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရုတ်နဲ့ မြန်မာအကြား အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄ သန်း တန်ဖိုးရှိတဲ့ စီမံကိန်း ၉၂ ခုကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်နဲ့ လုပ်ကိုင်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်ထုတ် The Diplomat သတင်းမှာလည်း စစ်ကောင်စီနဲ့ တရုတ် ဆက်ဆံမှု ဆက်ကောင်းမွန်နေသလို တရုတ်အတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ သံဖြူနဲ့ ကြေးနီ တင်သွင်းရေး၊ မြေရှားသတ္တု ရောင်းဝယ်ရေး တွေ အဆင်ပြေချောမွေ့ဖို့ လိုနေတာလို့ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသခံ တက်ကြွလှုပ်ရှားသူ ဦးထွန်းကြည်ကတော့ တရုတ်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့အကျိုးစီးပွားတွေ ကာကွယ်နိုင်ရေး စစ်ကောင်စီနဲ့ပူးပေါင်းဖို့ ရွေးချယ်လိုက်တာလို့ RFA ကို ပြောပါတယ်။

“အာဏာသိမ်းပြီးတော့ နှစ်နှစ်ကြာလာတဲ့အခါမှာ တရုတ်ဘက်က မြန်မာနိုင်ငံအပေါ် ချဉ်းကပ်တဲ့ပုံစံ ပြောင်းလဲလာတာကို သတိထားမိတယ်ပေါ့နော်။ ဒီပုံစံက ဘာကို ပြနေသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့ဗျာ။ ပြည်တွင်းစစ်က နှစ်ပေါင်း ၂၀ ကျော်လောက်အထိ အနည်းဆုံးကြာလိမ့်မယ်လို့ သူတို့ ခန့်မှန်းသွားပုံ ရတယ်။ အဲဒါကြောင့်မို့လို့ သူတို့ရဲ့လုပ်စရာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ အင်အားအကြီးဆုံးဖြစ်တဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးလုပ်ဖို့ ရွေးချယ်လိုက်တယ်လို့ ကျနော်အနေနဲ့မြင်တယ်”

လက်ရှိ ရခိုင်မှာလုပ်နေတဲ့ တရုတ်စီမံကိန်းတွေဟာလည်း ရခိုင်လူထုအတွက် သိသာတဲ့အကျိုးအမြတ် မရှိသလို ဒေသဖွံ့ဖြိုးရေးအတွက်လည်း ဘာအထောက်အကူမှ မရှိဘူးလို့ ဦးထွန်းကြည်က ဝေဖန်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အကြားအလပ်မရှိ ရွေးကောက်ပွဲလုပ်မယ်လို့ မကြာခဏပြောဆိုခဲ့ပေမယ့် ဖေဖော်ဝါရီ ၁ ရက်မှာတော့ တိုင်းပြည်ပုံမှန်အခြေအနေ မရှိသေးဘူးဆိုပြီး အရေးပေါ်ကာလ သက်တမ်းခြောက်လ ထပ်တိုးခဲ့ပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုပြီး မတ်လ ၁၅ ရက်နေ့အထိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၂၃ ခု မှတ်ပုံပြန်တင်ထားကြပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့် အခြေအနေ၊ တရုတ်သံအမတ်နဲ့ တွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲကျင်းပဖို့ မကြေညာသေးသလို ပြည်လုံးကျွတ် သန်းခေါင်စာရင်းကိုလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ကောက်ယူမယ်လို့ ကြေညာထားတာကြောင့် ရွေးကောက်ပွဲဟာ ၂၀၂၅ ခုနှစ်မှ ဖြစ်နိုင်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။