စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် လက်တွေ့အလုပ်မဖြစ်
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၀၂၂ မှာစတင်မယ့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွေ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ငြင်းပယ်လိုက်ပြီး စစ်တပ်ကို အာဏာစွန့်ဖို့နဲ့ စစ်တန်းလျားပြန် ဖို့သာ တိုက်တွန်းလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနှစ်အတွင်း ငြိမ်းချမ်းရေးခြေလှမ်းသစ်တွေ စတင်မယ်၊ နှစ်ဖက်ညှိုနှိုင်းမှု တွေကြောင့် မကြာခင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာမယ်လို့ ၂၀၂၂ ဇန်နဝါရီ ၁ ရက် နှစ်သစ်မိန့်ခွန်းနဲ့ ဌာနဆိုင်ရာအစည်းအဝေးတွေမှာ မကြာခဏ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
"စစ်တပ်ရဲ့အကျင့်စရိုက်တွေ၊ ဗိုလ်ကျတာတွေ၊ ဘာမှရိုးသားမှုမရှိတာတွေ အဲဒါတွေက နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်လိုမှအလုပ်မဖြစ်ဘူး"
ငြိမ်းချမ်းရေး ခြေလှမ်းသစ်ဆိုတာဟာ တပ်မတော်ဘက်က NCA ကို မူဝါဒအဖြစ်ထားရှိပြီး နှစ်ဖက်ဆွေးနွေးမှု တွေကို အရှိန်အဟုန်မြှင့်ဖို့ ရည်ရွယ်တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
“ခြေလှမ်းသစ်ဆိုတာ ကျွန်တော်တို့အနေနဲ့ NCA ကို မူဝါဒအဖြစ် ဆုတ်ကိုင်ထားတယ်။ သို့သော် ကျွန် တော်တို့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို ပိုမိုအရှိန်မြင့်တင်ဖို့ပေါ့။ NCA ကို အထောက် အကူဖြစ်စေမယ့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတွေ၊ NCA မတိုင်ခင် ဖြစ်ပေါ်လာရမယ့် Bilateral သဘောတူညီချက်တွေ၊ Gentleman agreement လို့ခေါ်တဲ့ သဘောတူညီချက်တွေ ဆောင်ရွက်ဖို့ စတင်မယ်လို့ ပြောခြင်းဖြစ်ပါတယ်”
စစ်တပ်ဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက အရှိန်မြှင့် ဆောင်ရွက်ဖို့ ပြင်ဆင်ခဲ့တာလို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီဘက်က အခုလို ပြောနေပေမယ့် လက်တွေ့မှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ သထုံခရိုင်၊ တောင်ငူခရိုင်၊ ဖာပွန်ခရိုင်၊ ထားဝယ်ခရိုင်၊ ညောင်လေးပင်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း KNU လက်အောက်ခံ KNLA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထား ပါတယ်။
KNU ထိန်းချုပ်ရာ ငြိမ်းချမ်းရေးမြို့ လေးကေ့ကော်မှာလည်း NUG နဲ့ PDF အဖွဲ့တွေကို လက်ခံထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒီဇင်ဘာ ၁၅ ရက်ကစလို့ မကြာခဏ တိုက်ပွဲတွေဖြစ် နေပြီး အပြစ်မဲ့ပြည်သူ နှစ်သောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီကိစ္စကြောင့်ပဲ စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA စာချုပ်ပါ သဘောတူ ညီချက်တွေကို လိုက်နာဖို့နဲ့ မလိုက်နာရင် အရေးယူမယ့်အကြောင်း ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြီး KNU ကို သတိပေးခဲ့ပါတယ်။ သူတို့ဘက်ကတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် NCA စာချုပ်ပါ မူတွေကို ဆက်ထိန်းထားပြီး အပစ်အခတ်ရပ်စဲရေးကို အခုနှစ် ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့်ထားတယ် လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးက အလုပ်မဖြစ်တဲ့အတွက် စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ အပြီးထွက်ပြီး စစ်တန်းလျားပြန်သင့်တယ်လို့ (KNU) နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က ပြောပါတယ်။
“စစ်တပ်ပါဝင်တဲ့ ငြိမ်းချမ်းရေးက ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ သူတို့မပါမှဘဲ ရှင်းမှာ။ အဲဒါကြောင့်မို့ ကျွန်တော်တို့ တောင်းဆိုချက်ထဲမှာ ပါပြီးသား။ ဒီစစ်တပ်ဟာ နိုင်ငံရေးက လုံးဝထွက်ပြီး သူတို့ စစ်တန်းလျားကိုပြန်ရမယ်။ အဲဒါ အခြေခံအချက်ပဲ။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ကိုယ်တိုင် ၂၀၁၂ ကစခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အခါကျတော့ စစ်တပ်ရဲ့အကျင့်စရိုက်တွေ၊ ဗိုလ်ကျတာတွေ၊ ဘာမှ ရိုးသားမှုမရှိတာတွေ အဲဒါတွေက နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်လိုမှ အလုပ်မဖြစ်ဘူး”
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကလည်း စစ်တပ်ဟာ တိုင်းပြည်ကို အမှန်တကယ်ငြိမ်းချမ်းစေချင်တယ်ဆိုရင် အရင်ဆုံး အာဏာစွန့်ဖို့ လိုတယ်လို့ ပြောပါတယ်။
“ပထမကတော့ စစ်တပ်ဟာ အာဏာသိမ်းမှုကို စွန့်လွှတ်ရပါမယ်။ အဲဒါမစွန့်လွှတ်ဘဲ လက်နက်တကဲကဲနဲ့ ဆွေးနွေးကြပါ၊ နိုင်ငံရေး ဆွေးနွေးကြရအောင်ဆိုပြီး ဖိတ်ခေါ်ရင်တော့ ဘယ်သူမှ လာမှာမဟုတ်ဘူး။ နောက်အားလုံးပါဝင်တဲ့ ဒီမိုကရေစီအရေး တိကျသော၊ မှန်ကန်သော လမ်းစဉ်ဘက်ကို သူက လျှောက်ရမှာ ဖြစ်တယ်။ အာဏာရှင်ပုံစံနဲ့ပဲ လုပ်မယ်ဆိုရင်တော့ ဘာမှအောင်မြင်မှာ မဟုတ်ပါဘူး”
အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ KIO ဟာလည်း စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ် ဒေသတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
KNU နဲ့ KIA လိုအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေချိန်မှာပဲ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ၀ တပ်ဖွဲ့ အပါအဝင် NCA မထိုးရသေးတဲ့ မြောက်ပိုင်းမဟာ မိတ် ၆ ဖွဲ့ကို မိုင်းလားဒေသမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှု မှာပါဝင်ခဲ့တဲ့ တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော် (TNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က စစ်တပ်ရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မှုဟာ ယုံကြည်နိုင်စရာမရှိသေး ဘူးလို့ RFA ကို ပြောပါတယ်။
“တစ်ဖက်နဲ့တစ်ဖက် ယုံကြည်ရလောက်တဲ့ အခြေအနေမရှိသေးလို့ပဲ တော်လှန်ရေးက တာရှည်တာပေါ့။ အဆိုရင် တစ်နိုင်ငံလုံး လက်နက်ကိုင်တဲ့သူရော မကိုင်တဲ့သူရော ဆန့်ကျင်ဆန္ဒပြနေတာတွေလည်း ရှိတယ်၊ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းတွေလည်းရှိတယ်။ လူထုတွေလည်း တော်တော်လေး အရှိန်အဟုန် မြင့်ပြီးတော့မှ တော်လှန်ကြတယ်။ ဒီငြိမ်းချမ်းရေးဟာ တိုင်းရင်းသားတွေနဲ့ပဲဆိုင်တာ မဟုတ်တော့ဘူး ထင်တယ်”

ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် စစ်ကောင်စီဘက်က ဖက်ဒရယ်စနစ်အတွက် ပိုတိကျတဲ့ ကမ်းလှမ်းချက်မျိုး လုပ်မှသာ တိုင်းရင်းသား လက်နက်ကိုင်တွေက စိတ်ဝင်စားလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း က သုံးသပ်ပါတယ်။
“ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြန်စမယ်ဆိုတာလောက်နဲ့ EAOs တွေကို ထူးထူးခြားခြား ဆွဲဆောင်နိုင် မှာ မဟုတ်ဘူး။ ဖက်ဒရယ်စနစ်ကိုသွားမယ် ဒီကိစ္စကို သဘောတူတယ်၊ အဲတော့ ဒီကိစ္စကို ဘယ်လိုလုပ် မှာလဲ၊ အခြေခံဥပဒေကို ဖျက်ချင်တာလား၊ ဒါကိုဖျက်ပြီး အသစ်ရေးချင်တာလား စသဖြင့် အဲဒီလို ရှင်းလင်းတိကျပြတ်သားတဲ့ ဒဲ့ဒိုးကျတဲ့ ကမ်းလှမ်းမှုကိုပြမှ အဲဒါ စိတ်ဝင်စားမှုပြမယ်”
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ရဲဘော်မျိုးဝင်း ကတော့ (PPST) အနေနဲ့ NCA မူဘောင်တွေအောက်မှာ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေးဆွေးနွေးမှု မလုပ်ဘူးဆိုတဲ့ မူဝါဒကို အပြောင်းအလဲမရှိ ဆက်လက်ဆုတ် ကိုင်ထားဆဲလို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ တင်ပြနေတာက ဒီကနေ့ကာလ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံး အဖြေရှာဖို့ကိုပဲ ပြောနေတာ။ ဒီ NCA အခြေခံအတိုင်း NCA မူဘောင်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆောင်ရွက်မှာ မဟုတ်ဘူးဆိုတဲ့ သဘောထားရပ်တည်ချက်ကတော့ နဂိုမူလ အတိုင်းပဲ ဆက်ရှိနေသေးတယ်”

အခုအချိန်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးဖို့ထက် စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပြီး အရပ်သားအစိုးရ ထံ အာဏာလွဲပြောင်းနိုင်ရေး ဆွေးနွေးမှုမျိုးတွေ ဖြစ်လာဖို့ကသာ ပိုအရေးကြီးတယ်လို့လည်း ရဲဘော်မျိုးဝင်း က တိုက်တွန်းသွားပါတယ်။
NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးညီလာခံတွေကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူတချို့ကို သဘောတူညီချက်တွေအဖြစ် ရရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေကို ဒီနှစ်သစ်မှာ ပြန်စမယ်၊ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့ ကြိုးပမ်း မယ်လို့ ပြောထားပေမယ့် ဒီကြိုးပမ်းချက်နောက်ကို ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လိုက်ပါ သွားမလဲ၊ ဘယ်သူတွေက စစ်အာဏာသိမ်းမှုနဲ့ အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်မလဲဆိုတာကို ပြည်တွင်းရော၊ ပြည်ပမှာပါ စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။