ဖားကန့် မှော်ဘုံရွာတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရပြီး ၂၀ ခန့်အဖမ်းခံထားရ

RFA Burmese
2022.12.07
ဖားကန့် မှော်ဘုံရွာတိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရပြီး ၂၀ ခန့်အဖမ်းခံထားရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Myu Tsaw Kasa

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ဘုံရွာမှာ ဒီဇင်ဘာလ ၅ ရက်ကနေ ၆ ရက်အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ဒေသကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံတစ်ဦး သေနတ်ကျည် ထိမှန်ဒဏ်ရာ ရခဲ့သလို ရွာသား ၂၀ လောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းထားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မှော်ဘုံရွာက နေအိမ်အချို့ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံတစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

မှော်ဘုံရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် KIA နဲ့ PDF တွေက သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့တာပါ။

"၂၀ ခန့်လောက် ဖမ်းဆီးပြီးတော့ စစ်ကောင်စီက လူသားဒိုင်းသဖွယ် ဘုန်းကြီးကျောင်းမှာ လုပ်ထားတယ်ပေါ့နော်"

လက်နက်ကြီးတွေနဲ့ပါ ပစ်တာကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မှော်ဘုံရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးစပစ်ပြီး ဘေးပတ်ဝန်ကျင်းက သေနတ်သံ တွေလည်း တော်တော်ကြားရတယ်။ ကျနော်တို့လည်း မြင်ရတယ်။ ပြီးတော့ လုံခင်း ဘက်က ဒီပတ်ဝန်ကျင်းက ဖောင်းဖောင်းဖောင်းဆိုတဲ့ အသံတွေ တော်တော်ကြားရ တယ်။ ပြီးတာနဲ့ ၉ နာရီနောက်ပိုင်းလောက်မှာတော့ တရစပ်ကို မှော်ဘုံဘက်မှာ စစ်ဖြစ်နေတယ်။ ဟိုပစ်ဒီပစ် တစ်ညလုံးကို။ လက်နက်ကြီးက ဖားကန့်ထောင်ကနေ၊ မဇွပ်ယန်ထောင်ကနေ ပစ်တယ်။ ပြီးတော့ မှော်ဘုံဘက်မှာရှိတဲ့ PDF နဲ့ KIA စစ်ကောင်စီတွေ ထိပ်တိုက်တိုက်ပွဲဖြစ်နေကြပြီး တော်တော်ကြာပစ်တယ်”

ဒီဇင်ဘာလ ၆ ရက် မနေ့က နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ သေနတ်ကျည် ထိမှန် ဒဏ်ရာရသူ တစ်ဦးအပါအဝင် ရွာသား ၂၀ လောက်ကို ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“၂၀ ခန့်လောက်ပေါ့နော်။ ၂၀ ခန့်လောက် ဖမ်းဆီးပြီးတော့ စစ်ကောင်စီက လူသားဒိုင်း သဖွယ် ဘုန်းကြီးကျောင်းမှာ လုပ်ထားတယ်ပေါ့နော်။ အဲဒီလိုမျိုး သူတို့ကို ဖမ်းထား တယ်ပေါ့။ နောက်ပြီးတော့ တစ်ရွာလုံး နီးနီးပေါ့နော် တချို့လည်း ကျန်တာပေါ့။ တော်တော်များများကတော့ ထွက်လာကြပြီဗျ၊ အထုတ်တွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ပေါ့လေ။ အဲဒီလိုမျိုး ထွက်လာကြပြီဗျ”

အဖမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်လာသလား ဆိုတာတော့ သေချာမသိရသေး ဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ နေထိုင်သူတစ်ဦးကလည်း ဖားကန့်မှာ နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ညပိုင်းမှာ လုံခြုံမယ်ထင်တဲ့ နေရာတွေ သွားအိပ်နေရ တယ်လို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ ဖားကန့်မှာ ညတိုင်းလိုလို ဒီဗျုဟာကုန်းကနေ သေနတ်ကြီးတွေ ပစ်တဲ့ အခါကျတော့ အားလုံးစိုးရိမ်ကြတာပေါ့။ တချို့ကလေးအမေတွေ၊ အသက်ကြီးတဲ့ သူတွေက ကိုယ့်အိမ်မှာကိုယ် မအိပ်ဘဲနဲ့ ဆွေမျိုးအိမ်တွေ၊ တခြားလုံခြုံမယ်လို့ ခံစားရတဲ့နေရာမှာ ပြောင်းရွှေ့ပြီးမှ ညအိပ်ပြီးမှ မနက်ပြန်လာကြတဲ့ သူတွေလည်း ရှိတာပေါ့”

ဒီဇင်ဘာလ ၇ ရက် ဒီနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာနေသလို လေကြောင်းကပါ လာပစ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကတော့ KIO အတွက် အဓိကဝင်ငွေရနေတဲ့ ဖားကန့်ဒေသကို စစ်ကောင်စီဘက်က ပြန်စိုးမိုးချင်တာကြောင့် စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတဲ့အတွက် တိုက်ပွဲဖြစ်တာလို့ RFA ကို ပြောပါတယ်။

“သူကလည်း ဖားကန့်ကို ပြန်ကိုင်နိုင်ဖို့အတွက် ကြိုးစားတဲ့ အနေအထားတော့ ရှိပါတယ်။ ဆိုတော့ လှုပ်ရှားရင်တော့ တိုက်ပွဲတော့ ပြန်ဖြစ်မှာ။ သူက ကျနော်တို့ KIO ရဲ့ ဒီဝင်ငွေ ရတဲ့နေရာဆိုတော့ သူတို့ကလည်း အဲဒါကို ဖြတ်ချင်တဲ့သဘောမျိုး ရှိပါတယ်။ ဒါကြောင့် ဒီဖားကန့်ကို သူပြန်ကိုင်နိုင်အောင်ပေါ့နော် ကြိုးစားတဲ့ သဘောရှိပါတယ်။ ဒါကြောင့် တိုက်ပွဲဖြစ်တာပါ။ သူမလှုပ်ရှားရင်တောင်မှ တိုက်ပွဲတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒီစစ်ကောင်စီဘက်က အပြင်ထွက်လှုပ်ရှားရင်တော့ တိုက်ပွဲတော့ ဆက်ဖြစ်မှာပါ”

ဖားကန့်မြို့နယ်၊ အနန့်ပါရွာကို လေကြောင်းကနေ တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာလက စပြီး ဖားကန့်မှာ တစ်ပတ်ကို တိုက်ပွဲ (၃) ကြိမ်လောက် အနည်းဆုံးဖြစ်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖားကန့်ဒေသမှာ ကျောက်တူးဖော်တာကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ထားပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ စစ်ကောင်စီနဲ့ KIA အဖွဲ့ကို အခွန်ပေးပြီး ပြန်လုပ်ကိုင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ အခုလိုဆက်ဖြစ်လာရင် ကျောက်လုပ်ငန်းကို ထိခိုက်လာနိုင်ပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးပါ ထိခိုက်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့ တစ်နေ့တုန်းကဟာက ပြင်းထန်တဲ့အနေအထား ရှိတာပေါ့။ တိုက်ပွဲကတော့ အပတ်တိုင်းမှာ နေ့တိုင်းနီးပါး ဖြစ်တာပေါ့။ လက်နက်ကြီးသံတို့၊ မိုင်းကွဲသံတို့၊ သေနတ်ပစ်သံတို့တော့ ဆက်တိုက်ကြားနေရတယ်။ ဖားကန့်က ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင်တော့ လက်ရှိ ကျောက်လုပ်ငန်းကလည်း ထိခိုက်နိုင်တဲ့ အလားအလာရှိတာပေါ့။ လူထုရဲ့အနေအစား နေ့စဉ်ဝင်ငွေတွေ ထိခိုက်လာတယ်။ ပြီးလို့ရှိရင် အသက်အိုးအိမ် လုံခြုံမှု အနေထားလည်း အဆင်မပြေ ဖြစ်လာတာပေါ့”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က ဖားကန့်မြို့ သောင်းကော့၊ ကောင်ဆန်နဲ့ ကရင်ဂျောင် ရွာတွေကို စစ်ကြောင်းဝင်ရောက်လာပြီး လက်နက်ကြီးနဲ့ပစ်တာကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့သလို သုံးရွာစလုံးက ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဖားကန့်မြို့၊ ကျောက်တွင်းတောင်ရပ်ကွက်ကထွက်လာ တဲ့ စစ်ကြောင်းဟာ ဆိပ်မူရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

kachin-refugees.jpg
စစ်ကောင်စီတပ်မှ အင်းအားတိုးချဲ့နေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသည့် ကချင်စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီဇင်ဘာလ ၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် လူဦးရေ တစ်ရာကျော်ရှိတဲ့ ဖားကန့်မြို့၊ မအူပင်ရွာက ဒေသခံတွေဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲအခြေအနေကို သူ့အနေနဲ့ သေချာမသိရသေးကြောင်းနဲ့ တိုက်ပွဲကြောင့်ပဲဖြစ်ဖြစ် ဒုက္ခရောက်တဲ့ ပြည်သူတွေကို ကူညီဖို့အသင့်ရှိတယ်လို့ RFA ကို ပြောပါတယ်။

“တိုက်ပွဲကြောင့်ပဲဖြစ်ဖြစ်၊ သဘာဝဘေးကြောင့်ပဲဖြစ်ဖြစ် တစ်ခုခု ဒုက္ခရောက်ပြီဆိုရင် အစိုးရက ထောက်ပံ့ဖို့ ကျနော် ဝန်ကြီးချုပ်ဆီ တင်ပြဖို့လုပ်ပါတယ်။ အဲဒါက ကျနော် အစိုးရအပိုင်း။ နောက်တစ်ခုက တိုက်ပွဲရှောင်တွေ များနေတဲ့ဆိုတဲ့ဟာ ကျနော် confirm မဖြစ်ရင် ကျနော် မပြောပါဘူး”

ဒီရက်ပိုင်း စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်တိုက် ပြင်းထန် နေပေမယ့် ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ နှစ်ဖက်စလုံးက ထုတ်ပြန်တာမရှိ သေးသလို RFA အနေနဲ့လည်း သီးခြားအတည် မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ညက ဖားကန့်မြို့၊ အနန့်ပါရွာမှာ KIO တည်ထောင် ခြင်း (၆၂) နှစ်မြောက်နေ့ အထိမ်းအမှတ်အကြို စတိတ်ရှိုးပြုလုပ်နေချိန် စစ်ကောင်စီတပ် က ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း ၇၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။