လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ရွာပေါင်းနှစ်ဆယ်ကို တပ်က နယ်မြေရှင်းလင်းနေ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းခွင် အနီးက ကျေးရွာတွေကို ဇွန်လ ၂၁ ရက်ကစပြီး ဒီကနေ့ ဇွန်လ ၂၅ ရက်အထိ စစ်ကောင်စီ တပ်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးခဲ့ရာ ရွာပေါင်း ၂၀ လောက်က ဒေသခံ ၂၀၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၁ ရက်ကစတင်ပြီး စစ်ကောင်စီတပ်တွေဟာ ကြေးနီစီမံကိန်းနဲ့ တစ်မိုင်လောက် အကွာက မိုးကြိုးပြင် (မြောက်ရွာ) ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာထဲက အိမ်အလုံး ၃၀၀ ကျော်ကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နဲ့ ညောင်ပင်ကြီးရွာလမ်းတစ်လျှောက်က ထန်းတော၊ ရွှေလှေ၊ ကံတော၊ ဝက်မှေး၊ ဇီးတော၊ ဆည်တဲ၊ တုံ၊ တောကျောင်း၊ အလယ်ရွာ၊ ရွာသစ်၊ ဖောင်းကတာ၊ မကျည်းတန်း၊ ကျောက်ဖြူတိုင်၊ ထန်းပု၊ ထန်ဇင်ရွာတွေကို ငါးရက်အတွင်း စစ်ကြောင်း ထိုးနေတာလို့ ပြောကြပါတယ်။
ညောင်ပင်ကြီးနဲ့ ယင်မာပင်မြို့နယ်ကြားက ဖောင်းကား၊ တယ်ပင်ကန် စတဲ့ရွာတွေလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်လာလို့ ရွာသားတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
စစ်သားတွေဟာ သူတို့ရောက်တဲ့ရွာတွေမှာ ရွာသားတွေကို သတ်ဖြတ်တာတွေတောင် လုပ်နေကြလို့ ရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးနေကြရတယ်လို့ ဆည်တဲ ကျေးရွာသား တစ်ယောက်က ပြောပါတယ်။
"၂၁ ရက်နေ့ ၆ နာရီခွဲခန့်က ဝမ်ပေါင်ဘက်ကနေ ရွာထဲကို ဆင်းလာတယ်၊ ရွာသားတွေ က အေးဆေးတယ်ဆိုပြီး ရှောင်လာတဲ့အချိန် ရောက်လာကြတာ၊ ကြောက်လို့ဆိုပြီး ပြန်ပြီးရှောင်ကြရတာ၊ တိရစ္ဆာန်တွေ၊ နွားတွေရှိတာ ကြိုးတွေလွှတ်ပြီး ပစ်ထားခဲ့ရတာ၊ တချို့ဆို ဝက်ကလေးတွေမွေးတာ ခြံထဲကို မလွှတ်ခဲ့ရဘူး၊ ကြောက်တယ်လေ၊ တခြား ရွာတွေကျတော့ သတ်လိုက်ဖြတ်လိုက်နဲ့ မီးတွေရှို့တာရှိတော့ ကြောက်တော့ ပြေးကြရတာ"
လက်ပံတောင်းတောင် ဒေသကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း နှစ်ခုနဲ့ နယ်မြေ ရှင်းလင်းနေတာဖြစ်ပြီး တစ်ခုက တရုတ် အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီမှာ အခြေစိုက် တပ်စွဲထားပြီး နောက်ထပ်စစ်ကြောင်း တစ်ခုကတော့ တုံကျေးရွာမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာတွေကိုမီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို ဝမ်ပေါင်ကုမ္ပဏီက လက်ခံထားနေသမျှ ဒေသခံတွေနဲ့ ကုမ္ပဏီအကြား ပြဿနာဖြစ်နေမှာပဲလို့ လက်ပံတောင်းတောင် ဒေသခံ တစ်ယောက်က ပြောပါတယ်။
"ဒေသခံတွေ အကုန်လုံး ရှောင်နေရတယ်။ ဆားလင်းကြီးမြို့နယ် မြောက်ဘက်အခြမ်းနဲ့၊ ဝမ်ပေါင် ဧရိယာရွာတွေအကုန်လုံးက ရှောင်နေရတယ်။ နီးစပ်ရာ ရှောင်နေကြတယ်။ တချို့တစ်ဝက်တွေက ယူနီဖောင်းတွေလည်း ပါတယ်။ အရပ်ဝတ်တွေလည်း ပါတယ်။ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ စစ်တပ်ကိုလက်ခံပြီးနေမယ်ဆိုရင် ဒေသခံပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ငြိနေမှာပဲ၊ စစ်သားတွေက သူတို့အထဲကနေပဲ ထွက်လာတာ၊ စစ်ကြောင်းတွေလာတယ်၊ လက်ခံထားတယ်။ ကုမ္ပဏီပတ်ပတ်လည်ကနေ ထွက်တယ်။ ဘေးနားရွာတွေကိုမီးရှို့ပြီး ကုမ္ပဏီထဲပြန်ဝင်တယ်"
စစ်သားအင်အား ၁၅၀ လောက်နဲ့ ခြေလျင်စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်း ဝင်ရောက်တဲ့ ရွာတွေက ပြည်သူအချို့အသတ်ခံရတာတွေ၊ ဒဏ်ရာရသူတွေနဲ့ နေအိမ် မီးလောင်ခံရတာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပေမဲ့ ရွာတွေကိုပြန်ကပ်လို့ မရသေးတာကြောင့် အတည်မပြုနိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
"ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ စစ်တပ်ကိုလက်ခံပြီးနေမယ်ဆိုရင် ဒေသခံပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ငြိနေမှာပဲ"
အခုလို ကြေးနီစီမံကိန်းအနီးက ရွာတွေကို အင်အားသုံးစီးနင်းနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ် ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
မြန်မာနိုင်ငံမှာ ပြည်ပကနေ လာရောက်ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေကို ဥပဒေအရရော၊ မြေပြင်အခြေအနေအရရော ကာကွယ်ပေးဖို့ အစိုးရအဆက်ဆက်မှာ တာဝန်ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ မေလ ၂၉ ရက်က RFA ကို ပြောထားပါတယ်။
ကြေးနီစီမံကိန်းက ဝမ်ပေါင်ကုမ္ပဏီတာဝန်ရှိသူတွေထံလည်း ဆက်သွယ်ဖို့ ကြိုးစား ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် အဲဒီစီမံကိန်းကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ လက်ပံတောင်းတောင် အခြေစိုက် အမိမြေတော်လှန်ရေးတပ်ဖွဲ့က ရဲဘော် မင်းကိုက ပြောပါတယ်။
"ယင်းမာပင်နယ်အတွင်းမှာ ဝမ်ပေါင်ကိုအခြေစိုက်ပြီး ပြည်သူတွေကို သတ်တယ်။ ပစ္စည်းတွေ ယူတယ်။ ဖျက်ဆီးတယ်။ ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့ အစီအစဉ် သုံးခုနဲ့ လက်တုံ့ပြန်ခဲ့တယ်။ ပထမက ရှော့တိုက်ဒုံးနဲ့ ထုတယ်။ ဒုတိယက ညပိုင်းမှာပဲ ဝမ်ပေါင် ကုမ္ပဏီရဲ့ ရဲကင်းတစ်ခုကို လက်နက်ငယ်နဲ့ပစ်တယ်။ နောက်ဆုံးကတော့ ဝမ်ပေါင်ကို ပေးတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို တိုက်တယ်"
အဲဒီကြေးနီစီမံကိန်းအနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေဦးမယ်ဆိုရင် ဆက်လက် တိုက်ခိုက်သွားမှာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်ကလည်း မိုးကြိုးပြင် (မြောက်ရွာ) ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရာမှာ နေအိမ် ၃၀၀ ကျော် မီးလောင်ခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ PDF က နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA က သီးခြား အတည်မပြုနိုင် သေးပါဘူး။
အဲဒီနေ့မှာပဲ ဒေသခံရွာတွေကို မီးရှို့တဲ့အတွက်ဆိုကာ PDF တပ်ဖွဲ့ ၇ ဖွဲ့ပူးပေါင်းပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကုမ္ပဏီဝင်းအတွင်းကို ရှော့တိုက်ဒုံး ၁၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ပံတောင်းတောင်ဒေသဟာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာရင်တော့ တယ်လီဖုန်းလိုင်းတွေပါ ဖြတ်တောက် ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။