စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ကြာအင်းဆိပ်ကြီးမှာ အရပ်သားနှစ်ဦး သေဆုံး
2024.10.14

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၂၈၄ ကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ် PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂ ရက်ကစပြီး ဒရုန်းနဲ့ တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ မြို့ပြင်ကို ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာ ၁၄ ရက်ထိ ပစ်ခတ်နေပြီး ကြခတ်ချောင်း ကျေးရွာ ဒါမှမဟုတ် ကရင်ဒေသအခေါ် ဝက်ဆီကုန်းရွာကို အောက်တိုဘာ ၁၂ရက် ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ လူ နှစ်ယောက် သေဆုံးခဲ့ပြီး နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံးကလည်း ဒီအကြောင်း အောက်တိုဘာ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ ၈ဝ မမ မော်တာစိန်ပြောင်း ကျေးရွာထဲ ကျရောက်ပေါက်ကွဲတဲ့အတွက် ၁ဝ နှစ်သမီး နော်အဲ့ခူနဲ့ အသက် ၆၄ နှစ်အရွယ် ဦးပန်းမြိုင်တို့ သေဆုံးခဲ့ပြီး ၁၃ နှစ်သား ဂေလော်အဲ့နဲ့ ၁၇ နှစ်အရွယ် မလှထွန်းတို့ မော်တာအစအနတွေ ထိမှန်ဒဏ်ရာရသွားကြတယ်လို့ ကြခတ်ချောင်းရွာသား တစ်ယောက်က ပြောပါတယ်။
“အသီးတွေက ၈၁ သီးပဲ။ အသက် ၁၀ နှစ်အရွယ်မိန်းကလေးကတော့ ဆုံးသွားပြီ။ နောက် ပန်းမြိုင် ဆိုတဲ့လူကြီးလည်း ဆုံးတယ်။ နှစ် ယောက်ဒဏ်ရာရတာက တစ်ယောက် တော်တော်ပြင်းတယ်။ သူတို့နား ကပ်ကျတာ ၈၁ သီးတဲ့၊ နှစ်လုံးပစ်တာ ပထမ တစ်လုံးကဝေးတယ်။ နောက်တစ်လုံးက သူများခြံဝတည့်တည့်ပဲကျတာ”
မလှထွန်းက ကြာအင်းဆိပ်ကြီး ဆေးရုံမှာ ကုသနေပြီး ဒဏ်ရာပြင်းထန်တဲ့ ဂေလော်အဲ့ကိုတော့ မော်လမြိုင်ဆေးရုံ ပို့ဆောင်လိုက်ရတယ်လို့လည်း ပြောပါတယ်။
“ကလေးတွေကော ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကြာအင်းဆိပ်ကြီး ဆေးရုံကို ပို့လိုက်တယ်။ အခုတော့ရွာသားတွေ မရှောင်ကြသေးဘူး။ စိုးရိမ်ထိတ်လန့်တာတော့ရှိတာပေါ့။ ၁၇ နှစ်အရွယ် မိန်းကလေးကတော့ အရမ်းကြီးစိုးရိမ်စရာ ဒဏ်ရာမရှိဘူး။ နောက် တစ်ယောက်ကတော့ မော်လမြိုင်ဆေးရုံမှာ စိုးရိမ်ရတယ်”
ဆက်နွှယ်သောသတင်းများ
ပုစွန်မြောင်း စစ်ဘေးဒုက္ခသည်တွေ အကူအညီလိုအပ်
ညောင်လေးပင်ခရိုင်မှာ ဒရုန်းဗုံးနဲ့ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဖာပွန်ခရိုင်ကတိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် ၇၄ ဦး သေဆုံးခဲ့ကြောင်း KNU ထုတ်ပြန်
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို ဆက်သွယ်ပေမဲ့ တယ်လီဖုန်းလက်ခံမဖြေဆိုပါဘူး။
ကြာအင်းဆိပ်ကြီးမြို့မှာ သန်းခေါင်စာရင်းကောက်ယူနေတာကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက နေ့စဉ်တိုက်ခိုက်နေတဲ့အတွက် ရပ်ကွက် ၁ နဲ့ ၂ မှာပဲ ကောက်ယူနိုင်သေးပြီး ကျန်တဲ့ ရပ်ကွက်လေးခုမှာ သန်းခေါင်စာရင်းကောက်လို့ မရသေးဘူးလို့လည်း ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။