တပ်ပြေးတွေများမလာအောင် ထိန်းချုပ်နေရတဲ့ မြန်မာစစ်တပ်

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2023.03.07
တပ်ပြေးတွေများမလာအောင် ထိန်းချုပ်နေရတဲ့ မြန်မာစစ်တပ် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။
AFP

မြန်မာစစ်တပ်အတွင်း တပ်ပြေးတွေ များပြားလာနေခဲ့ရာက၊ အခုအခါ စစ်ဗိုလ်ချုပ်တွေက တင်းတင်းကြပ်ကြပ် ကိုင်တွယ်လိုက်တာကြောင့် တပ်ထဲက ထွက်ပြေးတာတွေ လျော့ကျသွားကြောင်း Aljazeera သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်က စစ်ဗိုလ်ချုပ်တွေက နိုင်ငံတော်အာဏာကို အဓမ္မ အကြမ်းဖက်သိမ်းယူလိုက်ပြီး စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူတွေကို ဖြိုခွဲဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အခုတော့ သွေးထွက်သံယိုတွေ ရှိနေသေးပေမယ့် တပ်ပြေးကိစ္စတွေတော့ တဖြည်းဖြည်း လျော့နည်းလာနေတယ်လို့ ဆိုပါတယ်။

ဩစတေးလျရောက် မြန်မာစစ်သားဟောင်း တစ်ဦးကလည်း - တပ်ထဲက ထွက်ပြေးချင်ရင် အချိန်အများကြီးရှိကြောင်း၊ စစ်တပ်ဟာ နှစ်နှစ်တာကာလအတွင်း အပြစ်မဲ့ပြည်သူ အများအပြားကို သတ်ဖြတ်ခဲ့ကြောင်း Al Jazeera သတင်းကို ပြောဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကလည်း စစ်တပ်ဟာ အာဏာသိမ်းခဲ့ပြန်တဲ့အချိန်ကစပြီး အရပ် ဘက်ပြည်သူတွေနဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင် လူသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

စာသင်ကျောင်းထဲက ကလေးငယ်တွေကို ရဟတ်ယာဉ်ပေါ်ကနေ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တာကအစ ပြည်သူတွေကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာ အဆုံး၊ စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဟာ အပတ်စဉ်နီးပါး ပေါ်ပေါက်နေတာဖြစ်သလို၊ စစ်သားနဲ့ အရပ်ဘက်ပြည်သူတွေကြားက အကွာအဟဟာလည်း ကြီးမားကျယ်ပြန့်လာနေတာဖြစ်ပါတယ်။

တော်ဝင်လက်နက်ကိုင်တပ်ဖွဲ့လို့ အဓိပ္ပာယ်ရတဲ့ "တပ်မတော်" ဆိုတဲ့ ဝေါဟာရကိုတောင် ပြည်သူ့နှုတ်ဖျားမှာ မကြားရတော့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ပြည်သူ့ရင်ခွင် အမည်ရှိ အဖွဲ့ကို ပူးတွဲတည်ထောင်သူ၊ စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး လင်းထက်အောင်က ၂၀၂၁ ခုနှစ်အတွင်း စစ်သား သုံးထောင်နဲ့ ရဲအရာရှိ ၇ဝဝဝ နီးပါး တပ်က ထွက်ခဲ့ကြကြောင်းပြောဆိုပါတယ်။ ဒါပေမဲ့ အရေအတွက်အတိအကျကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ 

မြန်မာစစ်တပ်ရဲ့စစ်သည် တစ်သိန်းနှစ်သောင်းဝန်းကျင်ထဲက အများအပြားအတွက် မက်လုံးဟာ ပုံမှန်လစာငွေ မဟုတ်ဘဲ တိုးပွားလာနေတဲ့ စစ်ဆေးရေးဂိတ်တွေဖြစ်ကြောင်း စစ်တပ်အရာရှိဟောင်း ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ 

တပ်ကထွက်ခဲ့သူတချို့က တော်လှန်ရေးအတွက် လက်နက်ထုတ်လုပ်ရေး၊ စစ်မြေပြင်ဆိုင်ရာ နည်းဗျူဟာနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် ရယူစုဆောင်းရေးတွေမှာ ပါဝင်နေကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

soldiers-009.jpg
၂ဝ၂၁ ခုနှစ် မတ်လက ရန်ကုန်မြို့တွင်းတွင် ပြုလုပ်သော စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအား ဖြိုခွင်းရန် ရောက်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (Photo: RFA)

မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ အထက်အမိန့်ကို ခြွင်းချက်မရှိ နာခံမှုတွေရဲ့အခြေအမြစ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ရဲ့အမွေ ဖြစ်ကြောင်းလည်း သတင်းမှ ာဖော်ပြပါတယ်။

အဲဒီအမွေက လွတ်လပ်ရေးရအပြီး မြန်မာ့နိုင်ငံရေးကို နှစ်ပေါင်းအတော်ကြာ လွှမ်းမိုးထားခဲ့တာဖြစ်သလို ဒီမိုကရေစီဖော်ဆောင်ရေးကာလအတွင်းမှာတောင် လွှတ်တော်နေရာ လေးပုံတစ်ပုံနဲ့ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် အဓိကဝန်ကြီးဌာနသုံးခုကို စစ်တပ်က ထိန်းချုပ်လိုက်ပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး မြန်မာပြည်ဖွား အမေရိကန် စစ်ရေးသုတေသီ မီမီဝင်းဘတ်က မြန်မာစစ်ကောင်စီဟာ ကျင့်ဝတ် သိက္ခာကင်းမဲ့သွားတဲ့ စစ်ရာဇဝတ်ဂိုဏ်းသဖွယ် ဖြစ်သွားပြီး အထီးကျန်ဆန်လာနေတာနဲ့အတူ မထီမဲ့မြင်ပြုတဲ့ လုပ်ရပ်တွေကိုပါ တွေ့မြင်လာရကြောင်း၊ ဒါ့ပြင် အခုအခါ စစ်သည်တွေရဲ့ဇနီးတွေပါ စစ်ရေးသင်တန်းတွေ တက်ရောက်နေကြရပြီလို့ ပြောဆိုကြောင်း ဖော်ပြပါတယ်။

social_media.jpg
၂ဝ၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် (၇၄)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမြင်ကွင်းတစ်ခု။ (Photo: Myanmar Military)

ဒါ့ပြင် စစ်တပ်ကို ပြည်သူတွေနဲ့ နီးစပ်မသွားဖို့ အမြဲအားထုတ်နေပြီး စစ်တပ်ကသာ ကျန်တဲ့ အရပ်ဘက်ထက် ပိုပြီး သာလွန်ကြီးမြတ်တယ်ဆိုတဲ့ အစွဲကို သွတ်သွင်းပေးနေကြောင်း ပြောဆိုခဲ့တယ်လို့ Aljazeera သတင်းက ဖော်ပြပါတယ်။

အခုနောက်ဆုံး စစ်တပ်အာဏာမသိမ်းခင်ကတော့ စစ်တပ်ဟာ သဘာဝဘေးအန္တရာယ်ကူညီဆောင်ရွက်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆောင်ရွက်မှုတွေကို စစ်တပ်ထိပ်ပိုင်းက မကြိုက်ပါဘူး။ ပြည်သူလူထုနဲ့ စစ်တပ်နီးစပ်ရင် အရေးအကြောင်းရှိလာတဲ့အခါ စစ်သည်တွေ အမိန့်မနာခံမှာ စိုးရိမ်လို့ဖြစ်ကြောင်း သုတေသီ မီမီဝင်းဘတ် က ဆိုပါတယ်။

အလားတူ စစ်တပ်ဟာ သူ့အကျိုးအတွက် ဘာသာရေးကို အသုံးချတတ်ကြောင်း၊ ပြည်သူတွေကို အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်နေတာဟာ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ဖြစ်ကြောင်း စစ်ကောင်စီက အကြောင်းပြလေ့ရှိကြောင်းလည်း ပြောဆိုပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။