တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဘာဆက်လုပ်မှာလဲ

ခင်မောင်စိုး
2021.01.12

ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လွှတ်တော်အထူးအစည်းအဝေးခေါ်ဖို့ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂ဝဝ ကျော်က ဒီလ ၁၁ ရက်နေ့မှာ တင်ပြခဲ့တာကို ပြည်ထောင်စု လွှတ်တော်ရုံးက ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်တဲ့အတွက် လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ကြောင်းနဲ့ လွှတ်တော်အသစ် စတင်ဖို့ ရက်ပိုင်းပဲလိုတော့တဲ့အတွက် မဖြစ်နိုင်တော့ကြောင်း မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေး ဝမ်ယိနဲ့ မနေ့က တွေ့ဆုံရာမှာ ရွေးကောက်ပွဲ မသမာမှုတွေကို တပ်မတော်က ပြန်စိစစ်ပြီး ဥပဒေအတိုင်း ဒီမိုကရေစီ မယိမ်းမယိုင်အောင် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံရေးသုတေသီတဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့ တရုတ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီးဖြစ်တယ်၊ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ရန် ခက်ခဲနေပါပြီလို့ RFA ကိုပြောပါတယ်။

“စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအနေနဲ့ လွှတ်တော်မှာ ကန့်ကွက်ချက်တွေ ဘာတွေလုပ်ဖို့ အဲလောက် အင်အားမရှိဘူး။ NLD ကပဲ ရှိနေတဲ့အနေအထားပဲ။ နောက်တခုက အဲဒီလို လွှဲပြောင်းခါနီးမှာ နောက်ဆုံးလွှတ်တော်ကို ခေါ်ရမယ်လို့ လွှတ်တော်ပြဌာန်းချက်မှာ မရှိဘူး။ အဲဒီအစီအစဉ်တွေက ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒု ဥက္ကဋ္ဌ တွေရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိနေတာ။ နောက်ပြီး UEC ဆုံးဖြတ်ချက်က အတည်ပဲ။ နောက်ဘယ်ခုံရုံးမှ ထပ်တက်စရာ မလိုဘူးဆိုတာလည်း ရှိပြီးသားပဲ။ အဲဒီနောက် ဘာလုပ်မလဲ ဘာမှ လုပ်စရာမရှိဘူး။ ဗြောင်လုပ်ချင်ရင် အရေးပေါ်အခြေအနေ ကြေညာတာ။ ဒါလည်း ၂ဝဝ၈ အခြေခံဥပဒေအရ မဖြစ်နိုင်ဘူး။ အဲဒါလုပ်ရင် ကာလုံခေါ်မှရတာ။ အဲဒါလဲ သမ္မတရဲ့ လုပ်ပိုင်ခွင့် Right ထဲမှာရှိတာ။ အဲဒီတော့ ဘယ်လိုမှ သူတို့လုပ်လို့မရတော့ဘူး။ အဲဒီလိုဖြစ်စဉ်တွေ ကြားထဲမှာ NLD က တက်သုတ်ရိုက်ပြီးတော့ သူ့အစီအစဉ်သူ အကောင်အထည်ဖော်တော့မှာပဲလို့ ကျနော်ယူဆတယ်”

အခုလို ပြည်ထောင်စုလွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတွေရဲ့ တုံ့ပြန်ချက်ကို လတ်တလော မသိရသေးပါဘူး။

မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကို စီးပွားရေးလုပ်ငန်းရှင်တွေကလည်း စိတ်ဝင်တစား လေ့လာစောင့်ကြည့်နေကြပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က-

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရုတ်အစိုးရက ပါဝင်ပတ်သက်မယ်လို့ မယုံကြည်ပါဘူး။ ဘာလို့လည်း ဆိုတော့ တဖက်မှာလည်း အစိုးရအဖွဲ့နဲ့ တွေ့တဲ့အခါ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်တဲ့ အတွက်ကြောင့် ဂုဏ်ယူတယ်ဆိုတာ ပြောထားပြီးသားပါ။ နောက် တရုတ်ရဲ့ မူဝါဒ နောက်ပိုင်းမှာ ပြောင်းလဲလာတာကလည်း ပြည်သူလူထုကို ချဉ်းကပ်တဲ့ ပုံစံနဲ့ ပြောင်းလဲလာတဲ့ အနေအထားကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ပြည်သူလူထု လုံးဝဥဿုံ ထောက်ခံပြီးရလာတဲ့ ရွေးကောက်ပွဲ ရလဒ်ကိုတော့ သူတို့ မျက်ကွယ်ပြုလိမ့်မယ်လို့ မယူဆပါဘူးခင်ဗျ။”

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ ညီညွတ်ပါတယ်။ အခုကြေညာချက်ကြောင့် တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရွေးကောက်ပွဲကိစ္စကို လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ဖို့ အခွင့်အလမ်း ပိတ်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတော်သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ကို အရေးယူဖို့ တိုင်ကြားထားတဲ့အမှုတွေကို တရားလွှတ်တော်ချုပ်က လက်ခံစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂ဝ (င) နဲ့ (စ) ကို သုံးစွဲပြီး ဝင်ရောက်စွက်ဖက် လာနိုင်ပါတယ်။ အဲဒီစာချွန်တော်ထုတ်ဖို့ တိုင်ကြားတဲ့အမှုတွေကို လာမယ့် ၂၉ ရက်နေ့မှာ အဆောတလျှင် ကြားနာမယ့်ကိစ္စဟာ သတိထားရမယ့် ကိစ္စဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“တကယ်ကျတော့ စာချွန်တော်အမိန့်တွေက (လက်ခံကြားနာနေတာ) အမှတ်စဉ် ၁၅၃ က နောက်ဆုံးပဲ ရှိသေးတယ်။ အမှုဆိုတာ တန်းစီရတယ်။ မနေ့ တနေ့ကမှ တင်တဲ့ UEC နဲ့ သမ္မတကို စွဲတဲ့အမှု အမှတ်စဉ် ၁၉၈ နဲ့ ၁၉၉ ကို ကြားထဲမှာရှိနေတဲ့ အမှု ၄၅ မှုကို ကျော်ပြီး အခု ခေါ်လိုက်တယ်။ တကယ်လို့သာ လာမယ့်၂၉ ရက်နေ့မှာ လက်ခံတယ်။ နောက် တဖက်ကို အကြောင်းကြားစာထုတ်တယ်ဆိုရင် အဲဒီအကြောင်းကြားစာကို ကူးပြီး လွှတ်တော်ကိုလည်း ပြပြီး တားနိုင်တယ်၊ သမ္မတကိုလည်း ပြောနိုင်တယ်။ အဲဒါပြလိုက်လို့ဟာကို မရပ်ဘူးဆိုရင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝ ( င) နဲ့ (စ) ကို သုံးနိုင်တယ်။ ဒီနေ့ပဲ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ပြောတဲ့စကားဟာ အကြောင်းမဲ့မဟုတ်ဘူး၊ တဖက်ရဲ့ သဘောထားကို တီးခေါက်တဲ့သဘောနဲ့ နောက်တခုကလည်း အသိပေးထားပြီ ဆိုတဲ့သဘော ယူဆလို့ ရပါတယ်။”

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ (င) မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် တာဝန်ရှိသည်လို့ ပြဌာန်းထားပြီး ပုဒ်မခွဲ (စ) မှာတော့ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန် တာဝန်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။