ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ သုံးလအတွင်း တိုက်ပွဲ ၃၀၀ နီးပါးဖြစ်ပွား
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းနဲ့ မုံးကိုးမြို့နယ်ခွဲအတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပြီးခဲ့တဲ့ ဇွန်လကစလို့ တိုက်ပွဲတွေစတင်ခဲ့ပြီး နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာခဲ့တာပါ။
ကိုးကန့်တပ်ဖွဲ့ တပ်စွဲထားတဲ့ မုံးကိုးမြို့နယ်က မန်ရန်တပ်စခန်းနဲ့ ရှီကျိကျ တောင်တန်းတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်နေတာလို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီဘက်က တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၁၅)၊ (၅၉)၊ (၇၉)၊ (၁၁၃) နဲ့ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း (၃၁၃) တပ်ဖွဲ့ ပူးပေါင်းစစ်အင်အား (၅၀၀) လောက်က ကိုးကန့်တပ်ဖွဲ့ရဲ့ မန်ရန်စခန်းကို ၁၀ ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ပန်ရှိတိုက်နဲ့ မန်ရန်ကြားက ကိုးကန့်စစ်စခန်းတစ်ခုကိုလည်း စစ်အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
အဲဒီနေ့က စစ်ကောင်စီဘက်က ကျဆုံးဒဏ်ရာရသူ ၁၀၀ ရာနီးပါးရှိခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ ဘက်ကတော့ နှစ်ဦး ကျပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
"တကယ် တိုက်ပွဲဖြစ်ခဲ့တာကတော့ ဇွန်လလောက်ထဲက ကြိုကြားကြိုကြားနဲ့ တိုက်ခဲ့တာပေါ့"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိဆိုရင် နှစ်ဘက် တိုက်ပွဲပေါင်း ၃၀၀ နီးပါးရှိခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုရန်နိုင်က RFA ကိုပြောပါတယ်။
"အောက်တိုဘာလ တစ်ရက်နေ့ကနေ အခုချိန်အထိက တိုက်ပွဲအကြိမ်ရေ သုံးရာလောက်အထိ ရှိပြီဗျ။ ဒါပေမဲ့ တကယ် တိုက်ပွဲဖြစ်ခဲ့တာကတော့ ဇွန်လလောက်ထဲက ကြိုကြားကြိုကြားနဲ့ တိုက်ခဲ့တာပေါ့နော့်။ ကျွန်တော်တို့ဘက်ကတော့နော် အကြီးအသေးမခွဲ ဒဏ်ရာရထားတာကတော့ လေးဆယ်ကျော် ငါးဆယ် လောက် ရှိပြီဗျ။ ဇွန်လထဲကစပြီး အခုထိပေါ့နော့်။ ကျဆုံးတာကတော့ ဆယ်ယောက်ကျော်ရှိပြီဗျ။ တပ်ဘက်က သေဆုံးတာကတော့ သူတို့ဘက်က ထိုးစစ်ဆင်နေတော့ စစ်မြေပြင်စည်းမျဉ်းအရ တိတိ ကျကျ မသိရသေးဘူး။ ခန့်မှန်းခြေ တော့ လေးငါးရာတော့ရှိပြီ ထင်တယ်"
ဒီသုံးလတာ ကာလတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် ထိခိုက်ကျဆုံးသူ သုံးရာကျော် လောက်အထိ ရှိခဲ့ပြီး ကိုးကန့်တပ်ဘက်တော့ ကျဆုံးသူ ၁၀ ဦးကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါတွေနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့ ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီလ ၂၁ ရက်နေ့က RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ကိုးကန့် တပ်ဖွဲ့ဟာ အစွန်အဖျားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တဲ့အတွက် အရင်လို တည်ငြိမ်တဲ့ အခြေအနေ ရောက်အောင် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
"အဲဒီဘက်မှာတော့ မုံးကိုးဘက်မှာတော့ ကျွန်တော်တို့ဖြစ်နေတာ ရှိတယ်။ တချို့နေ့တွေမှာတော့ ထိတွေ့ တိုက်ပွဲဖြစ်တာတွေ ရှိပါတယ်။ လုံခြုံရေးအရ ကျွန်တော်တို့က ဆောင်ရွက်နေရခြင်း ပဲဖြစ်ပါတယ်။ ယခင် တည်ငြိမ်တဲ့ အနေအထား ရရှိအောင် ကျွန်တော်တို့က နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်ဗျ။ တချို့ နေရာတွေမှာဆိုရင် မရှိဘူးတဲ့ နေရာတွေမှာ ဝင်ရောက်လာတဲ့ အနေအထားမျိုး တွေ တွေ့ရတယ်။ အဲဒီကနေ စပြီးတော့မှ ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်။ အစွန်အဖျားကျတဲ့ တပ်မတော်စခန်း တွေကို အဝေးကနေ တိုက်ခိုက်တာတွေ၊ မြေပြင်ထိုးစစ်ဆင်ပြီး တိုက်ခိုက်တာတွေ ဖြစ်လာတယ်။ ဒါကြောင့်မို့ ဒီဟာတွေ ဖြစ်လာတာ ဖြစ်ပါတယ်"
ကိုးကန့်တပ်ဖွဲ့ကတော့ လက်ရှိ မုံးကိုး၊ ဖောင်းဆိုင်ဒေသနဲ့ သံလွင်မြစ်အရှေ့ဘက်အခြမ်းတွေမှာ အရင်ထဲက အထူးဒေသ (၁) အနေနဲ့ လှုပ်ရှားခဲ့ပြီး အခုနှစ်ဆန်းပိုင်းမှာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆောင်ရွက် နေချိန် စစ်ကောင်စီက လာရောက်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်ရတာလို့ တုံ့ပြန်ထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ကိုးကန့်တပ်စခန်းတွေကို လက်နက်ကြီးတွေကို အကြိမ်ပေါင်း ထောင် နဲ့ချီ နေ့စဉ်လိုလို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်မရှိတော့ဘဲ မန်ရန် တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို လူအင်အားတွေ ဆက်လက်ဖြည့်တင်း နေတာကြောင့် နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ကိုးကန့်တပ်ဖွဲ့က ပြောပါတယ်။
တိုင်းရင်းသားအရေးနဲ့ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်ကလည်း မုံကိုးလွင်ပြင်ဒေသဟာ စစ်ရေးအရ မဟာဗျူဟာ ကျနေတာကြောင့် နှစ်ဘက် အပြန်အလှန် ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြမှာဖြစ်လို့ တိုက်ပွဲတွေ ပိုပြင်းထန်နိုင်တယ်လို့ ပြောပါတယ်။
"မုံးကိုးကွင်းကနေ အနောက်ဘက် တည့်တည့်ကို ဆက်ပြီးသွားလိုက်လို့ရင် ကွမ်းလုံ၊ ဟိုပန်၊ ပန်လုံ ကားလမ်းကို ရောက်နိုင်တာပေါ့။ အဲဒီတော့ ကိုးကန့်မှာ ရှိနေတဲ့ စစ်ရေးလှုပ်ရှားမှု အားလုံးကို အားဖြည့် မယ်ဆိုရင် အဲဒီလမ်းကြောင်းကို ထိန်းချုပ်ရမှာပေါဗျာ့။ အဲဒါကလည်း သူ့အနေနဲ့ မုံးကိုးကို အခြေစိုက်တဲ့ မဟာဗျူဟာ ဦးတည်ချက်တစ်ရပ်ပဲ။ တိုက်ပွဲတွေအတွင်းမှာ အစိုးရဘက်က တော်တော် သတိထားပြီး တော့ ဂရုစိုက်လာတဲ့အချက်က ဘာလဲဆိုတော့ များပြားတဲ့ စစ်ရေးဖိအားတွေအတွင်းမှာ ကိုးကန့်ကို ဘယ်သူက ထောက်ပံ့နေလဲဆိုတာ စဉ်းစားစရာရှိတယ်"
နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပန်ဆိုင်းမြို့နယ်ခွဲမှာဆိုရင် ကျေးရွာခြောက်ခုက လူဦးရေ ၁၅၀၀ ကျော်၊ မုံးကိုးမြို့ပေါ်မှာ လူဦးရေ ၇၀၀ ကျော်နဲ့ ဖောင်းဆိုင်ဒေသမှာ ၂၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။
အဲဒီအထဲက ပန်ဆိုင်းနဲ့ ဖောင်းဆိုင်က ဒုက္ခသည်တွေဟာ တရုတ်နယ်စပ် ခြံစည်းရိုးအနီးမှာ တိမ်းရှောင် နေကြရဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ရှမ်းပြည်နယ်မြောက်ပိုင်းက အပစ်ရပ်စာချုပ်မှာ လက်မှတ်မရေးထိုးတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ဝတပ်ဖွဲ့ UWSA၊ မိုင်းလားအဖွဲ့ NDAA၊ ရက္ခိုင့်တပ်တော် AA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP စတဲ့ အဖွဲ့တွေနဲ့ မိုင်းလားမှာ အခုလ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီဆွေးနွေးမှုနဲ့ပတ်သက်လို့ အသေးစိတ်ကို နှစ်ဖက်တပ်တွေက ထုတ်ဖော်ပြောဆိုကြတာ မရှိပါဘူး။
ဒါပေမဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ ဆွေးနွေးတဲ့အခါ တချို့ ကိစ္စ ထပ်မံဆွေးနွေးရဖို့ ကျန်နေသေးတယ်လို့ သိရတာ ကြောင့် စစ်ရေးအရှိန်ကတော့ ဆက်ရှိနေမယ်လို့ ယူဆရကြောင်း တိုင်းရင်းသား အရေးနဲ့ စစ်ရေး လေ့လာသူ တွေက သုံးသပ်ကြပါတယ်။