KNU နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ရှိလာ

RFA Burmese
2023.03.27
KNU နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ရှိလာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

KNU သတင်းနဲ့ ပြန်ကြားရေးဌာန စာရင်းတွေအရ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း အကြိမ် ရှစ်ထောင်ကျော် ဖြစ်ခဲ့ပြီး မတ်လ ၂၆ ရက် မနေ့ကအထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

မတ်လ ၂၅ နဲ့ ၂၆ ရက်နေ့က မြဝတီမြို့ ကုန်သွယ်ရေးဇုန် အပါအဝင် ကရင်ပြည်နယ် နေရာငါးခုမှာ တစ်ပြိုင်တည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် သုံးဦးဒဏ်ရာရ ပြီး လူ ၆ဝဝဝ ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လာမယ့်နှစ် မိုးတွင်းပိုင်းဆိုရင် မိုးကြီးလေကြီးအတွက် ကျမတို့ အန္တရာယ်ရှိတယ်"

KNU ထိန်းချုပ်နယ်မြေတွေမှာ တစ်လကို အနည်းဆုံး တိုက်ပွဲနှစ်ရာကျော်ကနေ ငါးရာကျော်အထိ ဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ် ပထမ နှစ်လအတွင်းမှာတင် တိုက်ပွဲပေါင်း ၈၅၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် KNU ဘက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မခံတော့ဘဲ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို လက်ခံကူညီ‌နေတာကြောင့် စစ်ကောင်စီတပ်ဘက်က အငြိုးထား တိုက်ခိုက်နေသလို သူတို့ဘက်ကလည်း ပြန်လည်ခုခံနေတာလို့ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောသမိန်ထွန်း က RFA ကို ပြောပါတယ်။

“PDF တွေကို တစ်ပြည်လုံး ပြဿနာဖြစ်တဲ့အခါမှာ ကျနော်တို့ကလည်း ကူညီထောက်ပံ့မှုတွေ ရှိတယ်လေ။ ပြည်တွင်းကို ထိုးဖောက်နိုင်အောင်လည်း ကြိုးစားပေးတယ်။ ဒါတွေလုပ်တဲ့အပေါ်မှာ သူက ဒီဟာကို သဲကြီးမဲကြီးနဲ့ ချတာပဲ။ ကျနော်တို့ကလည်း သူတို့ခေါ်တဲ့ NCA လမ်းကြောင်းက သူတို့ကပဲဖျက်တော့ NCA လမ်းကြောင်းနဲ့ အလုပ်လုပ်လို့မရတော့ ကျနော်တို့ကလည်း သူနဲ့အဆက်အသွယ် မလုပ်ဘူးလေ။ အရင်က ဒီအခြေခံနှစ်ချက်ပါပဲ။ ဒီအခြေခံနှစ်ချက်အပေါ်မှာ သူက ထိုးစစ်ကြီးတွေဆင်တယ်”

မတ်လ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေက မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင် ရဲစခန်း၊ အာရှလမ်းမ၊ ကော့ကရိတ်မြို့ စတဲ့ နေရာငါးခုမှာ တစ်ပြိုင်တည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အကောက်အခွန် ဝန်ထမ်း၊ ရဲနဲ့ စစ်ကောင်စီတပ်သားတွေ အပါအဝင် လူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ ကရင်သတင်းအချက် အလက်ဌာန (KIC) က မနေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ မတ်လ ၂၆ ရက် ထုတ်ပြန်ချက်မှာတော့ မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှုမှာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးနဲ့ ဒေသခံတစ်ဦး သေဆုံးခဲ့သလို လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ပြောထားပေမယ့် အရေအတွက် အတိအကျကို ဖော်ပြမထားပါဘူး။

မနေ့က ကျုံဒိုးမြို့ပေါ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား သေဆုံးမှုနဲ့ နေအိမ်မီးလောင်ပျက်စီးမှုတွေ ဖြစ်ခဲ့တယ်လို့ (KIC) သတင်းက ဖော်ပြပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီတပ်က မြေပြင်မှာ အင်အားနည်းလာတာနဲ့အမျှ လေကြောင်းကနေ ဖိတိုက်လေ့ရှိတယ်လို့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ရေးတော့ အခုအချိန်မှာတော့ ပြင်ဆင်နေတာတော့ရှိတယ်။ ကျနော်တို့ တစ်ခွင်လုံးမှာဆိုမှ သူတို့ဘက်က စစ်အင်အားအများဆုံးရှိမှ ၄၀၀ နဲ့ ၅၀၀ ကြားပဲ ရှိတော့မယ်။ စစ်ဆင်ရေးတစ်ခု လုပ်မယ်ဆိုရင် နောက်ကနေ စစ်ကူလာမယ့် အင်အားအထိ မရှိသလောက် နည်းပါးနေတာကိုး။ စစ်ကူဆိုရင် လေယာဉ်ပဲလာတာ များတယ်လေ။ ခြေလျင်ခရီးနဲ့ စစ်ကူလာတာတို့ မရှိသလောက်ဖြစ်နေတာပေါ့ တိုက်ပွဲတိုင်းမှာလေ”

KNU ရဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ နှစ်လအတွင်း နှစ်ဖက်တိုက်ပွဲတွေ အပါအဝင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄ ဦးသေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနှစ်လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၈ ကြိမ် လုပ်ခဲ့တယ်လို့ KNU က ပြောပါတယ်။

စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေဟာ ကရင်ပြည်နယ်က မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘားအံနဲ့ ဖာပွန်၊ ပဲခူးတိုင်းထဲက တောင်ငူနဲ့ ညောင်လေးပင်ခရိုင်၊ မွန်ပြည်နယ်ထဲက သထုံခရိုင်၊ တနင်္သာရီတိုင်းက မြိတ်နဲ့ ထားဝယ်ခရိုင်တို့မှာ တိုက်ပွဲတွေဖြစ်နေတာပါ။

ဒီတိုက်ပွဲတွေကြောင့် စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ဘေးဒုက္ခသည် ငါးသိန်းကျော်အထိ ရှိလာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က လေးကေ့ကော်မြို့သစ်မှာလည်း ၂၀၂၁ ခုနှစ်ကစလို့ စစ်ကောင်စီတပ် နဲ့ KNU တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အချိန်ကြာလာတာနဲ့အမျှ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ မြဝတီမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်း Site 5 မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“လက်ရှိမှာတော့ ကျမတို့နေရတာက သူများလာလှူတဲ့ အရာလေးတွေကို မှီပြီးနေရတာပေါ့။ အခု ကျမတို့မှာ တစ်နွေလုံး အခက်အခဲဖြစ်နေတာက သုံးရေတစ်ခုက တော်တော်လေး ခက်ခဲတယ်။ ပြီးတော့ ကျမတို့ မီးအန္တရာယ် အတွက်လည်း စိုးရိမ်ရတယ်။ ဒီအိမ်တွေက ဝါးအိမ်တွေပဲ။ ခြေသလုံးလောက်ပဲရှိတဲ့ ဝါးတိုင်လေးတွေနဲ့ပဲ ကျမတို့ ဆောက်ထားတယ်။ လာမယ့်နှစ် မိုးတွင်းပိုင်းဆိုရင် မိုးကြီးလေကြီးအတွက် ကျမတို့ အန္တရာယ်ရှိတယ်။ စိုးရိမ်စရာရှိတယ်။ ပြိုမှာလည်း စိုးရတယ်”

အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ မိသားစု ၁၇၀ ကျော်နေထိုင်ပြီး လူဦးရေ ၆၈၀ ဝန်းကျင်ရှိတယ်လို့ သူက ပြောပါတယ်။ ပဲခူးတိုင်းထဲက စစ်ဘေးဒုက္ခသည် မိသားစု ၅၀ ဝန်းကျင်ဟာလည်း ဒီစခန်းကို လာရောက်ခိုလှုံဖို့ ရှိနေတာကြောင့် စခန်းမှာ လူဦးရေထပ်တိုးလာဦးမှာလို့ သူက ဆိုပါတယ်။

ကရင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Karen Peace Support Network)
ကရင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Karen Peace Support Network)

မြဝတီမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်း Site 3 ကို တာဝန်ယူထားတဲ့ စောလားဝါး ကတော့ အခက်အခဲမျိုးစုံကြောင့် ဒုက္ခသည်တချို့ စခန်းတွေမှာ ဆက်မနေတော့ဘဲ နေရပ်ပြန်သွားပြီး တချို့ကတော့ နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ခိုလှုံသွားတယ်လို့ ပြောပါတယ်။

“ရွာထဲမှာ ပြန်နေရဲတဲ့သူဆိုလည်း ပြန်နေ၊ ပြန်မနေရဲတဲ့သူက ဒီကမ်းနားမှာနေ၊ ကမ်းနားမှာမနေဘူးဆိုရင်လည်း တချို့တွေက ဆွေမျိုးသားချင်းတွေ၊ ထိုင်းဘက်မှာ နေတယ်ဆိုလည်း ထိုင်းဘက်မှာ သွားနေကြတယ်။ တချို့မိသားစုတွေကျတော့ သားသမီးတွေ ဘန်ကောက်မှာတည်းပြီးတော့ အလုပ်လုပ်တဲ့သူတွေရှိတယ်။ တချို့တွေက မဲဆောက်မှာ အလုပ်သွားလုပ်ပြီး အိမ်စရိတ်အတွက် ပြန်ထောက်ပံ့ တဲ့သူတွေရှိတယ်။ တချို့တွေ တောင်ယာတွေ ရှိတဲ့သူတွေကျတော့ လုပ်လို့အဆင်ပြေ မပြေတော့ မသိသေးဘူး။ ဒါပေမဲ့ သူတို့တွေကတော့ Ready (အဆင်သင့်) ထားတာပေါ့နော်”

မြဝတီမြို့နယ်ထဲက ရသေ့ဂူ၊ မယ်ဝါးခီး၊ ဖလူးလေး စတဲ့ ဒေသတွေက စစ်ဘေးဒုက္ခသည် တွေဟာ Site 3 စစ်ဘေးဒုက္ခသည်စခန်းမှာ အများဆုံး ခိုလှုံနေပြီး လူဦးရေ စုစုပေါင်း ၉၀၀ ဝန်းကျင် ရှိပါတယ်။ ဒုက္ခသည်တွေအတွက် ရေ၊ ရိက္ခာ၊ ဆိုလာ၊ ယာယီတဲတွေ ပြန်ပြင်ဆောက်ဖို့ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) ကတော့ စစ်ဘေးဒုက္ခသည် တွေကို ထိုင်းနိုင်ငံက နေထိုင်ခွင့်ပြုဖို့၊ ထိုင်းနိုင်ငံရောက် စစ်ဘေးဒုက္ခသည်တွေကို လူသားချင်းစာနာမှု အဖွဲ့အစည်းတွေနဲ့ ထိတွေ့ခွင့်ပေးဖို့၊ လူနာတွေကို ထိုင်းဆေးရုံ တွေကနေ လက်ခံကုသပေးဖို့ကို တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်ရေးရုံး (UN OCHA) ရဲ့ မတ်လ ၂၁ ရက် အစီရင်ခံစာအရ လက်ရှိ မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း တစ်သန်း ခုနစ်သိန်းကျော် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။