ထိုင်း ဒု-ဝန်ကြီးချုပ်ခရီးစဉ်အပြီး နယ်စပ်ဒီမိုကရေစီအင်အားစုတွေ ပိုခက်ခဲလာနိုင်
2023.04.27

ဧပြီ ၂၁ ရက်နေ့က နေပြည်တော်ကို နေ့ချင်းပြန် လာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Don Pramudwinai ရဲ့ ခရီးစဉ်နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်မှာ ထိန်းချုပ်တင်းကျပ်မှုတွေ ပိုများလာနိုင်တယ်လို့ နယ်စပ်ဒေသက တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ပြောပါတယ်။
ထိုင်း ဒု-ဝန်ကြီးချုပ်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုအတွင်း ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနဲ့ တရားမဝင်လက်နက်ကုန်သွယ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေ ပပျောက်ရေး ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ဧပြီ ၂၁ ရက် ညပိုင်းမှာပဲ ချက်ချင်း သတင်းထုတ်ပြန်ပါတယ်။
ဒီလိုစစ်ကောင်စီနဲ့ ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်လာတာဟာ ထိုင်းနယ်စပ်မှာ ခိုလှုံနေသူတွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ထိုင်းနယ်စပ်မှာရှိတဲ့ PDF စစ်ကြောင်းတစ်ခုရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
"ထိုင်းအာဏာပိုင်တွေနဲ့ စကစနဲ့ သဘောတူညီချက်တွေကိုလည်း ကျွန်မတို့လည်း ကြားသိရတယ်။ အဲဒါတွေကတော့ ကျွန်မတို့ ဒီဘက်မှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ အသွားအလာ သတိထားရမယ့် အနေအထားမျိုး ဖြစ်တယ်ပေါ့နော်။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲနီးလာလေ အဲဒီရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ကျွန်မတို့ဘက်က ပိုပြီး ခံစားလာရလိမ့်မယ်ပေါ့နော်"
ထိုင်း-မြန်မာနယ်စပ် KNU နယ်မြေက Lion Battalion ဗျူဟာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းနဲ့ ကိုစောဖြိုးလေးတို့ သုံးဦးဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆေးကုသဖို့သွားရင်း ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် ဧပြီလ ၄ ရက်နေ့မှာ သူတို့ကို စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထံ လွှဲပြောင်းပေးခဲ့ပါတယ်။
သူတို့နှစ်ဦးထဲက ကိုစောဖြိုးလေး သေဆုံးသွားပြီး ကျန်နှစ်ဦး နှိပ်စက်ညှဉ်းပန်း ခံနေရကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ထိုင်းနိုင်ငံကို တားဆီးပေးဖို့ လိုအပ်နေတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက RFA ကို ပြောပါတယ်။
"မြန်မာပြည်ရဲ့ ၈၈ အရေးအခင်းကစလို့ ဒီနေ့အထိ တစ်စုံတစ်ရာ ထိုင်းနိုင်ငံနဲ့ အလုပ်လုပ်ရတာတွေ ရှိတယ်။ အရှေ့မှာတော့လည်း အခြေအနေကောင်းတဲ့ဟာတွေ ရှိတယ်။ နှိပ်ကွပ်တာမျိုးတွေလည်း ရှိတယ်။ ဒါမျိုးတွေက တစ်လှည့်စီ ဖြစ်နေမယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာပိုဆိုးတာက ဖမ်းမိတဲ့ ရဲဘော်သုံးယောက်ကို မြန်မာဘက် ပြန်ပို့လိုက်တာ တွေ့ရတယ်။ အဲဒီအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ခိုလှုံတဲ့ သူတွေအတွက်ကတော့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်တယ်။ ဒီဟာမဖြစ်အောင် ဒီမိုကရေစီကို လက်ခံတဲ့နိုင်ငံတွေက ထိုင်းနိုင်ငံကို တင်းတင်းကျပ်ကျပ် တားဆီးပေးဖို့လိုတယ်လို့ မြင်ပါတယ်လို့"
ထိုင်းဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် ထိုင်း ဒု-ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း အာဆီယံ ဘုံသဘောတူညီချက်တွေကို တိုးတက်အောင်လုပ်ဖို့ တိုက်တွန်းခဲ့တာမျိုး ရှိနိုင်တယ်လို့လည်း ကိုမိုးထက်နေက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ အရင်ကလည်း နယ်စပ်တော်လှန်ရေးအင်အားစုတွေကို လက်ခံဆက်ဆံခဲ့ပေမယ့် စစ်အာဏာရှင်တွေကိုလည်း မိတ်မပျက် ဆက်ဆံလေ့ရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။
"တော်တော်ကို ပရိယာယ်များပါတယ်ဗျာ။ သတင်းလွှင့်တာကတစ်မျိုး၊ လုပ်တာက တစ်မျိုး အဲဒီလိုမျိုးတွေ ရှိတယ်။ ထိုင်းဘက်ကလည်း လုပ်တတ်တာက နှစ်ဖက်မျက်နှာ ကျင့်သုံးတယ်လေ။ စစ်ကောင်စီကိုလည်း သူတို့ ဆက်ဆံရေးကောင်းအောင်လုပ်တယ်။ အခုက မြန်မာပြည်ကလည်း မတည်ငြိမ်တော့ နယ်စပ်မှာ သူ့တပ်တွေတော့ အများကြီး ထားထားတာပေါ့။ ကျွန်တော်တို့ ဒဏ်ရာရ ရဲဘော်တွေ မဲဆောက်မှာ ကုချင်တယ် ဆိုလည်း ခွင့်ပေးတာပဲ။ သွားတာ၊ လာတာကလေ"
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ ထိုင်းနိုင်ငံဟာ KNU ကို ကာလကြာရှည် ထောက်ပံ့နေတဲ့နိုင်ငံဖြစ်တာကြောင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ထိုင်းနိုင်ငံနဲ့ မဖြစ်မနေ လက်တွဲလုပ်ရတာလို့ RFA ကို ပြောပါတယ်။
"KNU စပြီး အဖွဲ့အစည်းရယ်လို့ တည်လာကတည်းက ထိုင်းက KNU ရဲ့ ရေခံမြေခံလို ဖြစ်နေတာကိုး။ အဲဒီအခါကျတော့ ထိုင်းဘက်က ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှု မရှိဘဲနဲ့ ကျွန်တော်တို့က အလုပ်လုပ်ရတာ အထူးသဖြင့် နယ်စပ်ဒေသမှာဖြစ်နေတဲ့ ပြဿနာတွေ ရှင်းရတာ အတော်ခက်တယ်။ အဲဒီတော့ ထိုင်းနဲ့ အဓိက တွေ့တယ်ဆိုတာက အခု KNU ဘက်မှာက ငြိမ်းချမ်းရေးသွားချင်တဲ့သူနဲ့ ဒီအတိုင်း လက်နက် ကိုင်ချင်သူ ဆိုပြီးတော့ သဘောထားအပျော့နဲ့ သဘောထားအမာ ကွဲတဲ့အခါမှာ နှစ်နိုင်ငံ နယ်စပ်ဒေသအတွက် ပိုပြီးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့လိုပါတယ်။ အဓိက ကတော့ အဲဒီအချက်တွေ ပါပါလိမ့်မယ်"
အမေရိကန်ရဲ့ ဩဇာခံ ထိုင်းနိုင်ငံနဲ့ တရုတ်နဲ့ နီးကပ်မှုရှိတဲ့ မြန်မာဟာ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုအကြား နိုင်ငံငယ်တွေက လိုအပ်လို့ ဆွေးနွေးညှိနှိုင်းနေရတာလို့လည်း သူက သုံးသပ်ပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စစ်ကောင်စီရဲ့ ကောင်စစ်ဝန်ရုံးကလည်း ထိုင်းရောက် မြန်မာတွေအနေနဲ့ ဧပြီလ ၁၇ ရက်ကစလို့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ ပညာရေးအတွက် နိုင်ငံကူးလက်မှတ် (PE) တို့ကို သက်တမ်းတိုးရာမှာ ထောက်ခံစာ အမျိုးမျိုးကို ပြသဖို့ တင်းကျပ်ထားပါတယ်။
အဲဒီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေကို သက်တမ်းတိုးရာမှာ မြန်မာနိုင်ငံက ရပ်ကွက် ထောက်ခံစာ၊ ပြန်တမ်းဝင် အရာရှိတစ်ဦးရဲ့ ထောက်ခံစာ၊ မိဘနှစ်ပါးရဲ့ ထောက်ခံစာ၊ မှတ်ပုံတင်၊ ပြည်ပရောက်နေချိန် ဆောင်ရွက်မှု အသေးစိတ်နဲ့ တက္ကသိုလ်ကျောင်းသား ဆိုရင် ကိုယ်တက်မယ့် ကျောင်းရဲ့ အထောက်အထားပေးရမယ်လို့ တင်းကျပ်ထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ထိုင်းနိုင်ငံမှာ လာမယ့်မေလထဲ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတာကြောင့် တရားမဝင် နေထိုင်သူတွေအပြင် တရားဝင် နေထိုင်သူတွေပါ အခက် တွေ့လာနိုင်တယ်လို့ ထိုင်းရောက် မြန်မာတစ်ဦးက ပြောပါတယ်။
ထိုင်း-မြန်မာ အာဏာရှိသူချင်း ဆက်ဆံရေးကြောင့် ထိုင်းရောက်မြန်မာနိုင်ငံသားတွေ အပေါ် ထိန်းချုပ်တင်းကျပ်မှုတွေ ရှိလာနိုင်မလားဆိုတာသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
"တရားဝင်အစိုးရဖြစ်တဲ့ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်ဆိုတာကိုလည်း ထောက်ပြ ပြောကြားချင်ပါတယ်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကတော့ ထိုင်းအစိုးရဟာ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် (NUG) ကို ထည့်သွင်း ဆွေးနွေးတာမျိုး မလုပ်ဘဲ စစ်ကောင်စီ တစ်ဖက်တည်းနဲ့သာ ဆွေးနွေးနေတာက အာဆီယံ ဆုံးဖြတ်ချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။
"ဒီထိုင်းခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ဟာက အာဆီယံအဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေသလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ တရားဝင်အစိုးရဖြစ်တဲ့ NUG အစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်ဆိုတာကိုလည်း ထောက်ပြ ပြောကြားချင်ပါတယ်။ ဒါမှလည်း အတူတကွ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်မှာ ပြဿနာတွေ၊ မတည်ငြိမ်မှုတွေကို ဘယ်လိုတည်ငြိမ်အောင် လုပ်နိုင်မလဲ၊ မြန်မာနိုင်ငံရဲ့အရေးမှာ ဘယ်လိုမျိုး ထိုင်းနဲ့ပူးတွဲပြီး ဆောင်ရွက်နိုင်မလဲဆိုတာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်"
မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေနဲ့ အာဏာသိမ်းမှုကြောင့် ခိုလှုံနေရသူတွေကို လက်ခံ စောင့်ရှောက်ပေးတဲ့အတွက်တော့ ထိုင်းအစိုးရကို ကျေးဇူးတင်တယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံက ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် စတဲ့ ပြည်နယ်ကြီး တွေနဲ့ နယ်စပ်တစ်လျှောက် မိုင်ပေါင်း ၁၅၀၀ ကျော် ထိစပ်နေတဲ့ အိမ်နီးချင်း ဖြစ်ပါတယ်။
မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်နဲ့ ဒီမိုကရေစီအင်အားစု အများအပြား နယ်စပ်တစ်နံတစ်လျားမှာ ခိုလှုံနေရတဲ့အတွက် ထိုင်းနဲ့ စစ်ကောင်စီက ဘယ်လောက်ပဲ ပူးပေါင်း ဆောင်ရွက်ပါစေ နယ်စပ်ဒေသတည်ငြိမ်ရေးက ထိရောက်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။
"အခု PDF တွေကို စီးဝင်နေတဲ့ လက်နက်လမ်းကြောင်းက ထိုင်းကနေ စီးဝင်တယ် ဆိုတာ တရားဝင်လမ်းကြောင်း မဟုတ်ပါဘူး။ ဒါကြောင့် အဲဒီကိစ္စတွေလည်း ထိုင်းဘက်က လုံးဝတားဆီးပိတ်ပင်လို့ ရမယ်မထင်ပါဘူး။ နောက်တစ်ချက်ကကျတော့ တရုတ်ဘက်ကနေပြီးတော့ ဝင်ရောက်နေတဲ့ လက်နက်တွေလည်း ရှိနေတာပဲ။ ဒီတရားမဝင်ဈေးကွက်က ဝယ်ယူရတဲ့အတွက် လက်နက်ဈေးတွေကတော့ ရှိသင့်ရှိထိုက်တာထက် ပိုကြီးလာပါတယ်။ PDF တွေအနေနဲ့ လက်နက်အပြည့်အစုံ တပ်ဆင်နိုင်ရေးမှာ အခက်အခဲ၊ အတားအဆီးတော့ ဖြစ်တာပေါ့ဗျာ"
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ သူတို့အထဲက အများစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူတွေနဲ့ ကျောင်းသား လူငယ်တွေ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့ အာဏာသိမ်းပြီးကတည်းက လက်ရှိနှစ်နှစ် ကျော်လာချိန်အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်း အကြိမ် ၇၅၀၀ ကျော် ဖြစ်ခဲ့ပြီး၊ ဒေသခံ ၂၂ ဦး သေဆုံးကာ လူဦးရေ ၃၆၅,၁၈၇ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့နေရကြောင်း KNU က ဧပြီ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။