အာဏာသိမ်း ၁၉ လကျော် အကြာမှာ သတင်းလွတ်လပ်ခွင့် ပိုဆိုးလာ

2022.09.23
အာဏာသိမ်း ၁၉ လကျော် အကြာမှာ သတင်းလွတ်လပ်ခွင့် ပိုဆိုးလာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ ဂျပန်သံရုံးအနီးက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲအား မှတ်တမ်းတင်ရိုက်ကူးနေသည့် သတင်းထောက်တစ်ဦးကို တွေ့ရစဉ်။
Photo: RFA

ဒေသတွင်း သတင်းမီဒီယာတွေ၊ ဖမ်းဆီးခံ သတင်းသမား မိသားစုဝင်တွေရဲ့ ပြောဆို ချက်ပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းအရ စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၉ လကျော် အတွင်း မြန်မာနိုင်ငံမှာ သတင်းသမား ၁၃၅ ဦး အဖမ်းခံခဲ့ရပြီး ၇၀ ပြန်လွတ်လာ ခဲ့ပါတယ်။ ၆၅ ဦးကတော့ အခုချိန်ထိ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။ အဲဒီ အထဲကမှ သတင်းသမား ၂၉ ဦးဟာ အနည်းဆုံး ထောင်တစ်နှစ်ခွဲကနေ အမျာဆုံး ထောင် ၁၁ နှစ်ထိ အမိန့်ချခံထားရပါတယ်။

BBC Media Action က ထုတ်လုပ်တဲ့ “ခံစားကြည့်” အစီအစဉ် တင်ဆက်သူနဲ့ အလွတ် သတင်းထောက် မထက်ထက်ခိုင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ရန်ကုန် အင်းစိန်ထောင် အထူးတရားရုံးကနေ ပုဒ်မ- ၅၀၅ နဲ့ ထောင်သုံးနှစ် ချမှတ်တာကို ခံခဲ့ရပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ ဖက်ဒရယ် FM မှာ လုပ်လို့ဆိုပြီး ထောင် ငါးနှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု ပုဒ်မ-၁၇ (၁) နဲ့လည်း ထပ်မံ တရားစွဲခံထားရပါတယ်။

ဒီပုဒ်မ နှစ်ခုစလုံးဟာ မတရား စွပ်စွဲခံရတာဖြစ်ပြီး စစ်ကောင်စီဟာ သတင်းသမားတွေကို ပစ်မှတ်ထား ဖိနှိပ်နေတာလို့ မထက်ထက်ခိုင်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က စွပ်စွဲတာပေါ့နော်၊ ၁၇ (၁) ဒါကလည်း သူတို့ရဲ့ စွပ်စွဲချက်ပါပဲ။ အရင်ကလည်း ၁၇ (၁) နဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချတာရှိတယ်။ ဖယ်ဒရယ် FM မှာ စေတနာ့ ဝန်ထမ်း (Volunteer) နှစ်ရက်လုပ်တယ်။ အဲဒီလူတွေနဲ့ ဆက်သွယ်ဆိုပြီးတော့ မတရားပုဒ်မ တပ်တာကတော့ သူတို့လုပ်ချင်သလို လုပ်တာပါပဲ။ အဲလိုပဲ မြင်တယ်။ သူတို့ မတရားအသင်းနဲ့ ဖမ်းတယ်။ ပုဒ်မတပ်လိုက်တယ် ဆိုတာလည်း အဲဒီလူက မတရား ခံလိုက်ရတာပဲ”

မထက်ထက်ခိုင်နဲ့ အတူ ဖမ်းဆီးတရားစွဲ ခံထားရသူကတော့ ပြည်တွင်းသတင်းမီဒီယာ လောကမှာ လူသိများတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ဖြစ်ပါတယ်။ သူ့ကိုတော့ ဗဟန်းနဲ့ ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တပ်တွင်းဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ- ၅၀၅ (က)၊ အရှေ့ပိုင်းခရိုင်တရားရုံးမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ-၁၂၄ (က) တို့နဲ့ တရားစွဲထားတာပါ။

မတရားဖမ်းဆီးပြီး ဒီလိုပုဒ်မမျိုးစုံတပ် တရားစွဲထားတာဟာ လွတ်လပ်စွာရေးသား ပြောဆိုခွင့်ကို ကန့်သတ်ထိန်းချုပ်တာဖြစ်တယ်လို့ ဦးစည်သူအောင်မြင့်ရဲ့ မိသားစုဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“အရင်တုန်းကလည်း ရေးသားကြ လုပ်ကြတာပဲလေ။ အခုကျမှ ဒီလိုမျိုးလုပ်တယ် ဆိုတာကတော့ ဒါက မတရားဖမ်းဆီးတယ်လို့ပဲ ပြောရမှာပေါ့။ သူက ဘယ်သူပဲဖြစ်ဖြစ် သတင်းစာဆရာဆိုတော့ ပြောတာပဲလေ။ အရင် NLD လက်ထက်မှာလည်း ပြောတာပဲ။ အခုလည်းပြောတာပဲ။ အမှန်တရားကို သူပြောတယ်လို့ပဲ ထင်တယ်။ ၅၀၅ ဆိုတာက နည်းနည်းနားလည်လို့ ရသေးတယ်။ ၁၂၄ က ကတော့ သူ့အနေနဲ့ အရမ်းများတာပေါ့။ သတင်းစာဆရာ တစ်ယောက်အနေနဲ့ ပြောတာဆိုတာလောက်နဲ့တော့ အဲလောက် အထိတော့လည်း အရမ်းများလွန်းတယ်”

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့ တုန်းကလည်း ပြည်တွင်းအခြေစိုက် မဲခေါင်သတင်းဌာနရဲ့ အလွတ် သတင်းထောက် ကိုမောင်မောင်မျိုးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က) နဲ့ ဘားအံမြို့နယ် တရားရုံးက ထောင်ခြောက်နှစ် ချမှတ်လိုက်ပါတယ်။ သူ့ရဲ့ လက်ကိုင်ဖုန်းထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေ တွေ့ရှိ ခဲ့တာကြောင့် စစ်ကောင်စီ တပ်ဖွဲ့က ဖမ်းဆီးပြီး ထောင်ချခဲ့တာပါ။

အရင်က ဖမ်းဆီးခံရတဲ့ သတင်းသမားအများစုကို အနည်းဆုံး ၆ လလောက် စစ်ဆေးပြီးမှ ထောင်ချလေ့ရှိပေမယ့် သူ့ကိုတော့ ဖမ်းဆီးပြီး နှစ်လအကြာမှာပဲ စစ်ကောင်စီတရားရုံးက ထောင်မိန့် ချမှတ်လိုက်တာပါ။

"သတင်းလွတ်လပ်ခွင့်ကတော့ အပွင့်လင်းဆုံးပြောရရင် တစ်ရာ ရာခိုင်နှုန်းနီးပါး လောက် ဆုံးရှုံးသွားတယ်"

သတင်းထောက်တစ်‌ယောက်ကို ထောင်ခြောက်နှစ် ချတာဟာ များလွန်းတဲ့အတွက် အယူခံဝင်ဖို့ ကြိုးစားနေပေမယ့် ကိုမောင်မောင်မျိုးကို ဘားအံထောင်ကနေ ကျိုက်မရော ထောင်ကို ပြောင်းလိုက်တဲ့အတွက် အယူခံဝင်ဖို့နဲ့ ထောင်ဝင်စာတွေ့ရတဲ့ ကိစ္စတွေ ပိုခက်ခဲသွားတယ်လို့ ကိုမောင်မောင်မျိုးရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ညီမတို့က မိသားစုဝင်အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေကိုပြောတော့ ရှေ့နေကလည်း လုပ်ပေးတယ်။ ဒီလမှာ အယူခံ ပြန်ဝင်နေတယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ရှေ့နေက လုပ်ပေးတယ်။ ညီမတို့ကတော့ ဘာမှ လုပ်စရာမလိုသေးဘူး။ ရှေ့နေက လိုအပ်လို့ ညွှန်ကြားလာရင်တော့ လုပ်ပေးရမှာပေါ့။ အခုထိတော့ ရှေ့နေက အကြောင်း မပြန်သေးဘူး။ အခုဟာက မျိုးမြင့်ဦး (မောင်မောင်မျိုး) ကိုကျတော့ ဘားအံ အကျဉ်းထောင် ကနေပြီး ကျိုက်မရော အကျဉ်းထောင်ကို ပြောင်းသွားတယ်။ ပြောင်းသွားတော့ ရှေ့နေက ကျိုက်မရာအထိ သွားပြီးတော့ အယူခံဝင်တဲ့ စာရွက်စာတမ်းတွေ သွားလုပ်ရတာပေါ့”

၂၀၁၄ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းအတည်ပြုခဲ့တဲ့ သတင်းမီဒီယာဥပ‌ဒေ ပုဒ်မ - ၇ အရ သတင်းသမားတစ်ဦးဟာ လုံခြုံရေးဆိုင်ရာ အဖွဲ့စည်းတစ်ခုခုရဲ့ ဖမ်းဆီးခြင်း ကနေ ကင်းလွတ်ခွင့်ရှိတဲ့အပြင် သတင်းလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေကို သိမ်းဆည်းတာမျိုး မလုပ်ရဘူးလို့ ပြဌာန်းထားပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံက သတင်းသမားတွေဟာ သတင်းကို လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့် မရတော့ဘဲ တစ်ခုခု ရေးလိုက်တာနဲ့ စစ်ကောင်စီဘက်က နိုင်ငံရေးပုဒ်မ၊ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မတွေနဲ့ တရားစွဲ လာတယ်လို့ သတင်းသမားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“သတင်းလွတ်လပ်ခွင့်ကတော့ အပွင့်လင်းဆုံးပြောရရင် တစ်ရာ ရာခိုင်နှုန်းနီးပါး လောက် ဆုံးရှုံးသွားတယ်၊ ဘာ့ကြောင့်လဲဆိုရင် သတင်းမီဒီယာတွေက အမှန်အတိုင်း တင်ပြခွင့်မရဘူး။ အမှန်အတိုင်းတင်ပြရင် အခုနောက်ပိုင်း အကြမ်းဖက်ဥပဒေပုဒ်မ ၅၂ တို့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ တို့နဲ့ စွဲဆိုခံရဖို့က များလာတယ်”

media
၂၀၂၁ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် တရားရုံးအရှေ့မှာ သတင်းမီဒီယာသမားတွေ စောင့်ဆိုင်းနေကြစဥ်။ (Photo: AFP)

သတင်းသမားတွေ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အခုလို သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတာဟာ သတင်းထောက်အလုပ်ကို စွန့်လွှတ်အောင် ဖိအားပေးနေတာဖြစ်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ သတင်းမီဒီယာ ဥပဒေကိုလည်း အသိအမှတ် မပြုဘူးလို့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ သတင်းစာဆရာ ဦးမြင့်ကျော်က ထောက်ပြဝေဖန်ပါတယ်။

“ပြည်တွင်းမှာ တဖြည်းဖြည်းနဲ့ ဖမ်းဆီးခံရတဲ့ အရေအတွက်က ပြန်လွတ်သွားတဲ့ သူတွေနဲ့ ပေါင်းလိုက်ရင် ရာဂဏန်းနီးပါး လောက်ရောက်သွားပြီ။ ဒီအရေအတွက်က သတင်းအလုပ်ကို ပြည်တွင်းမှာ စွန့်လွတ်သွားအောင် ဖိအားပေးတဲ့ ပုံစံပေါ့။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှာ သတင်းမီဒီယာဥပဒေကို အသိအမှတ်လည်း ပြုပုံမရဘူး။ ဒီဥပဒေနဲ့ တစ်ခါမှ တရားစွဲဆို အရေးယူတာ မရှိဘူး၊ ဒီဥပဒေကို လျစ်လျူရှုလိုက်တဲ့ သဘောမှာရှိတယ် ”

ပြည်တွင်းက သတင်းသမားတွေဟာ အချိန်မရွေး ဖမ်းဆီးခံရနိုင်တာ ဒါမဟုတ် အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေတွေကို ကြုံနေရပေမယ့် အခုလို တိုင်းပြည် အရေးကြီးချိန်မှာ ပြည်သူတွေအတွက် သတင်းစီးဆင်းမှုကတော့ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ဦးသိန်းစိန် အစိုးရနဲ့ NLD အစိုးရ လက်ထက်တုန်းက သတင်းသမား၊ အစိုးရနဲ့ စစ်တပ်အကြား မကျေလည်မှုတွေကို ကြားခံဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို ဖွဲ့စည်းပြီး ပြဿနာအတော်များများကို တရားစွဲတာ၊ ထောင်ချတာတွေမလုပ်ဘဲ ဖြေရှင်းနိုင်ခဲ့ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီး နောက်မှာတော့ သတင်း လွတ်လပ်ခွင့်ကို တန်ဖိုးထားတဲ့ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် အားလုံးနီးပါး နုတ်ထွက်သွားခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း အရပ်သားအစိုးရတွေ လက်ထက် ဖွဲ့စည်းခဲ့တဲ့ သတင်းမီဒီယာ ကောင်စီကို ပယ်ဖျက်ပြီးနောက် စစ်တပ်ကအငြိမ်းစား အရာရှိကြီးတွေ၊ စစ်တပ် ထောက်ခံသူတွေသာ ပါဝင်တဲ့ သတင်းမီဒီယာ ကောင်စီသစ်ကို ဖွဲ့စည်းခဲ့ပါတယ်။ အသစ် ဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာ ကောင်စီဟာ သတင်းသမားတွေ အတွက် အကာအကွယ် ပေးတာမျိုး၊ သတင်းလွတ်လပ်ခွင့်အတွက် ကြိုးစားလုပ်ဆောင် တာမျိုး မတွေ့ရဘူးလို့ ဖမ်းဆီးထောင်ချခံရတဲ့ သတင်းထောက်တွေနဲ့ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ သတင်း လွတ်လပ်ခွင့် ဆိုင်ရာ ညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့် အဆင့်ဟာ အဆင့် ၁၇၆ မှာသာ ရှိပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် မြန်မာဟာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း (RSF) အဖွဲ့က ၂၀၂၂ ခုနှစ် မေလ ၃ ရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။