ဆိပ်ဖြူ၊ ပေါက်နဲ့ ဆောမှာ လေကြောင်းကြောင့် နှစ်ဦးသေဆုံးပြီး ရှစ်ထောင်ခန့် ထွက်ပြေးနေရ
2023.12.16

မကွေးတိုင်း၊ ဆိပ်ဖြူ၊ ပေါက်နဲ့ ဆောမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၅ ရက်ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို စက်သေနတ်နဲ့ပါ ပစ်ခဲ့တာကြောင့် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ပြီး ဒေသခံ ရှစ်ထောင်ခန့် ထွက်ပြေးနေရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ရွာက အသက် (၂၁) နှစ်အရွယ် မယုနန္ဒာနဲ့ (၂၄) နှစ်အရွယ် မမေသင်္ကြန်တို့ နှစ်ဦး သေဆုံးခဲ့ပြီး တစ်နှစ်ခွဲအရွယ် မဇင်ယမှုံထွန်းနဲ့ ညီမဖြစ်သူ အသက် ၁၂ နှစ်အရွယ် မသီတာသိမ့်အပြင် အသက် ၅၀ ခန့်အရွယ် ဒေါ်တင်စန်းထွေးတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
"သံပုရာပင်မှာ အမျိုးသမီးနှစ်ယောက် သေဆုံးသွားတယ်"
လက်ရှိ ဆိပ်ဖြူမြို့နယ်က သံပုရာပင်၊ ပိုင်း၊ ဝန်ကြီးနဲ့ ဆောမြို့နယ်ထဲက ကျောက်ဆွဲ၊ ပေါက်တော၊ သုံးလံပြည့်၊ ကြခတ် စတဲ့ရွာတွေ အပါအဝင် အနီးအနားရွာတွေက ပြည်သူ ရှစ်ထောင်ခန့် ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ရွာထဲကိုဗုံးကြဲခဲ့တာဖြစ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းတွေကိုတော့ မနေ့ညနေပိုင်းမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆိပ်ဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဗုံးနှစ်လုံးကျတော့ ကလေးမလေး နှစ်ယောက်က ရေခပ်သွားတာ။ အဲမှာ ကျတာလည်း လမ်းမှာဆိုတော့ အစပျောက်ပေါ့။ ဘာမှကို ရှာမရလိုက်ဘူး။ နောက်တစ်ခေါက်က ပြန်ပတ်ပြီးတော့ ဝင်ပြီးတော့ စက်လက်နက် ဆွဲသွားတာ။ ကလေးလေးနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ထပ်ထိသေးတယ်။ ဒေါ်တင်စန်းထွေးက နောက်စေ့ကို မှန်သွားတာ သူက အခုထိ ခေါ်လို့၊ မေးလို့ကို မရသေးဘူး။ ပျက်စီးတာက ကျောင်းတစ်လုံး ပျက်စီးသွားတယ်”
သံပုရာပင်ရွာဟာ ခန့်မှန်းအိမ်ခြေ ၁၄၀ ခန့်နဲ့ လူဦးရေခြောက်ရာခန့် နေထိုင်တဲ့ရွာဖြစ်ပြီး လက်ရှိမှာ နောက်ထပ်လေကြောင်းနဲ့ လာပစ်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ ရွာထဲပြန်မဝင်ရဲသေးဘူးလို့ ဆိုပါတယ်။
သံပုရာပင်ရွာအပြင် ရှားလှရွာနဲ့ ဆောမြို့နယ်၊ ကျောက်ဆွဲရွာက ဆေးခန်းအနားကိုလည်း ဗုံးနှစ်လုံးကြဲခဲ့တဲ့အပြင် စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတာလို့ အမည်မဖော်လိုတဲ့ ဆိပ်ဖြူကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“စက်လက်နက်နဲ့ ကုတ် (ပစ်) တာက ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းမှာလည်း ကုတ်သွားတယ်။ နောက်ပြီးကျတော့ ဆောမြို့နယ်ထဲမှာလည်း ကုတ်သွားတယ်။ ဆောမြို့နယ် ကျောက်ဆွဲကျေးရွာနားလေးမှာ ကုတ်သွားတယ်ပေါ့နော်။ သံပုရာပင်မှာ အမျိုးသမီးနှစ်ယောက် သေဆုံးသွားတယ်။ နောက်ပြီးကျတော့ အမျိုးသမီးသုံးယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးသုံးယောက်ထဲမှာ တစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက်နဲ့ ၁၂ နှစ် အရွယ်ကလေး တစ်ယောက်ပါတယ်”
ဆောမြို့နယ်ဘက်က ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ သူတို့အနေနဲ့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဆိပ်ဖြူမြို့နယ်ဟာ စစ်ရေးအရ အရေးကြီးတာကြောင့် တိုက်ပွဲမရှိဘဲ အခုလို ပစ်ခတ်နေတာလို့ ဆိပ်ဖြူမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဆိပ်ဖြူဟာ စစ်ရေးနဲ့ပတ်သက်ပြီးတော့ အရမ်းအရေးကြီးတဲ့နေရာလေ။ ငွေစက္ကူထုတ်တဲ့ ဝါဇီဆိုတာကလည်း ပခုက္ကူထဲမှာပါပေမယ့် ဆိပ်ဖြူနယ်ထဲမှာ ရှိတာကိုး။ နောက်ပြီး ဝါဇီတပ်ရှိမယ်။ နောက်ပြီး လေကြောင်းရန် လစခ (လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) ရှိမယ်။ နောက်ပြီး လကသဆိုပြီး လေကြောင်း လေ့ကျင့်ရေး သင်တန်းကျောင်းရှိမယ်။ နောက်ပြီး ကပစ (ကာကွယ်ရေး ပစ္စည်းစက်ရုံ) နှစ်ခုရှိတယ်။ ကပစ (၂၁)နဲ့ (၂၂) ရှိတယ်။ ဒီထဲမှာလည်း ရဲစခန်းတွေ လည်း ရှိတာကိုး။ ဒီကဇွန်းမ ရဲစခန်းဆိုတာလည်း ဆိပ်ဖြူနယ်မှာ ပထမဆုံး ရဲစခန်းတိုက်ပွဲပေါ့။ အဲဒါကြောင့်လည်း ဆိပ်ဖြူနယ်ကို နည်းနည်းလေး ပြည်သူတွေ အနေနဲ့ ကြောက်အောင်လို့၊ ကာကွယ်ရေးအဖွဲ့တွေ ကြောက်အောင်လို့ ငြိမ်သွားအောင်လို့ လုပ်တယ်ထင်တယ်”
ပေါက်မြို့နယ်ထဲက ချက်ကန်၊ ကျွန်းပင်နဲ့ ကျောက်မဆင်ရွာတွေကိုလည်း မနေ့ညနေ ပိုင်းမှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကြောင်းတစ်ဆောင်နဲ့ အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပေါက်ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစစ်ကတော့ အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“စာသင်ကျောင်းဆောင် တစ်ခုရယ်၊ ကျားနှစ်ဦးပေါ့ မစိုးရိမ်ရ ဒဏ်ရာရတယ်။ ပေါက်မြို့နယ်တောင်ပိုင်း ကျွန်းပင်ရွာမှာကျတော့ တောထဲပေါ့။ ယာစောင့်တဲ့ တဲတစ်လုံးနဲ့ ကြက်သွန်ခင်းတွေ ပျက်စီးတယ်။ ပေါက်မြောက်ပိုင်းမှာတော့ Mi - 35 နဲ့ ပစ်သွားတယ်ဗျာ။ ကျောက်မဆင်ရွာ တောင်ဘက်မြောက်ဘက်ကိုပတ်ပြီး ပစ်သွားတာ။ ထိခိုက်မှုမရှိဘူးလို့တော့ သိရတယ်။ ဒီဟာက တိုက်ပွဲဖြစ်တာ မဟုတ်ဘူးဗျ။ ဘယ်လိုအချက်ကြောင့် လာပစ်တာလဲဆိုတာ ခန့်မှန်းရခက်နေတယ်”
ပေါက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ခံစစ်အနေအထားပြင်ဆင်မှုတွေရှိပေမယ့် နှစ်ဖက်တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်း RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်ဖြေဆိုခြင်း မရှိပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလ အထိ (၁၁) လအတွင်း အရပ်သား ၇၃၀ ဦးသေဆုံးခဲ့ပြီး (၁၂၉၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။