ကျောက်ဖြူစီမံကိန်း အမြန်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့ စစ်ကောင်စီကြိုးပမ်း

RFA Burmese
2023.12.27
ကျောက်ဖြူစီမံကိန်း အမြန်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့ စစ်ကောင်စီကြိုးပမ်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာဝဓာတ်‌ငွေ့ပိုက်လိုင်းစီမံကိန်းလုပ်ငန်းခွင်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ကတွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ အကောင်အထည်ဖော်မယ့် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေတယ်လို့ စစ်ကောင်စီရဲ့ မြန်မာ့အထူး စီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောဆိုလိုက်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ နောက်ဆက်တွဲဖြည့်စွက်စာချုပ်ကို ဒီဇင်ဘာ ၂၆ ရက် မနေ့က နေပြည်တော် မှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့တာပါ။

ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက် ဒါရိုက်တာ Mr.Liang Chuanxin တို့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

“ဒေသခံတွေကတော့ အမြဲတမ်းနစ်နာနေတာပဲလေ။ ဟိုတစ်ခါကလည်း စီမံကိန်းတွေ တစ်ခု နှစ်ခု အကောင်အထည်ဖော်ထားတာ ဒေသခံတွေက အလုပ်အကိုင်အခွင့်အလမ်း မရကြဘူး"

ဒီစီမံကိန်းဟာ ကျောက်ဖြူဒေသအပါအဝင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတွေကိုပါ မြှင့်တင်ဖန်တီးပေးမယ့် စီမံကိန်းဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဒီပြောဆိုမှုနဲ့ပတ်သက်လို့ အယုံအကြည်နည်းကြောင်း ကျောက်ဖြူဒေသခံတွေက RFA ကိုပြောပါတယ်။

ကျောက်ဖြူဒေသမှာ ပြီးခဲ့တဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၊ ရေနံပိုက်လိုင်းစီမံကိန်းတွေ တုန်းကလည်း အာဏာပိုင်တွေက အခုလို မက်လုံးပေးပြီး ပြောဆိုခဲ့ကြပေမယ့် နောက်ဆုံး မှာ ပြောသလိုဖြစ်မလာဘဲ ဒေသခံတွေပဲ ထိခိုက်နစ်နာခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒေသခံတွေကတော့ အမြဲတမ်းနစ်နာနေတာပဲလေ။ ဟိုတစ်ခါကလည်း စီမံကိန်းတွေ တစ်ခုနှစ်ခု အကောင်အထည်ဖော်ထားတာ ဒေသခံတွေက အလုပ်အကိုင်အခွင့်အလမ်း မရကြဘူး။ စိုးရိမ်မှုကတော့ ကျွန်တော်တို့ ဒေသခံတွေ အများကြီးစိုးရိမ်ရတာပေါ့နော်။ ငါးဖမ်းလုပ်ငန်းကိုပဲ အမှီပြုပြီး လုပ်ကိုင်နေရတဲ့ ဒေသခံတွေဖြစ်တဲ့အတွက် အဲဒီနေရာတွေမှာ လုပ်ကိုင်ခွင့်မရတော့ရင် ဒေသခံတွေအတွက် နစ်နာမှုတွေ အများကြီး ဖြစ်မယ်လို့ မြင်ပါတယ်”

အဲဒီ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ကွန်တိန်နာတင် သင်္ဘောတွေရပ်နားနိုင်တဲ့ ဆိပ်ခံတံတား ဆယ်ခုပါဝင်မှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီက ပြောပါတယ်။

စီမံကိန်းပြီးသွားရင် တစ်နှစ်ကို ပေနှစ်ဆယ် ကွန်တိန်နာ အလုံးရေ ခုနစ်သန်း အတင်အချလုပ်နိုင်မှာဖြစ်သလို မြန်မာနိုင်ငံကထွက်တဲ့ ကုန်စည်တွေကိုလည်း ဒီကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ ဥရောပ၊ တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေကို တိုက်ရိုက်တင်ပို့သွားနိုင်မှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဒီစီမံကိန်းကိုဒေသခံတွေက လိုလိုလားလားရှိပြီး အမြန်ဆုံးအကောင်အထည်ဖော်ဖို့ တောင်းဆိုတာတွေရှိတယ် လို့လည်း စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မနေ့က လက်မှတ်ရေးထိုးအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် နောက်ဆက်တွဲဖြည့်စွက်စာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က နေပြည်တော်တွင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့စဉ်။ (Photo: Myanmar Military)
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် နောက်ဆက်တွဲဖြည့်စွက်စာချုပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က နေပြည်တော်တွင် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့စဉ်။ (Photo: Myanmar Military)

ဒါပေမဲ့ စီမံကိန်း ဧရိယာမှာရှိတဲ့ ဒေသခံတွေကတော့ ဒီရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ဖို့ တောင်းဆိုသူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တချို့သာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တချို့ ဒေသခံစီးပွားရေးသမားတွေရှိတယ်။ သူတို့တွေကတော့ ဒါတွေကို အကောင်အထည်ဖော်ဖို့ မက်လုံးတွေ ပေးပြီးတော့ ကြိုးစားနေတဲ့သူတွေဖြစ်တယ်။ ရှင်းရှင်းပြောရရင် ခရိုနီတွေပေါ့။ တကယ့် စီမံကိန်းဒေသက ကိုယ့်ရဲ့ လုပ်ကိုင် စားသောက်နေတဲ့ နေရာတွေပျောက်သွားမယ်၊ ဆုံးရှုံးသွားမယ်ဆိုတဲ့သူတွေရှိတယ်။ သူတို့တွေ ကတော့ ကြိုဆိုဖို့ ခက်ခဲပါတယ်။ သူတို့ရဲ့နယ်မြေတွေ ဆုံးရှုံးမှာ၊ အလုပ်အကိုင်တွေ ပျက်စီးသွားမှာကို စိုးရိမ်နေကြပါတယ်”

ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာထဲက ဒေသခံတွေဟာ ငါးဖမ်းလုပ်ငန်းကိုပဲ အဓိက အမှီပြု လုပ်ကိုင်နေကြ တာဖြစ်ပြီး စီမံကိန်းစတင်လာရင် အလုပ်အကိုင်တွေလည်းမရဘဲ နဂိုကတည်းက လုပ်ကိုင်ခဲ့တဲ့ ငါးဖမ်း လုပ်ကွက်တွေ ဆုံးရှုံးမှာကို စိုးရိမ်နေကြတာလို့လည်း ဆိုပါတယ်။

ဒါကြောင့် တရုတ်နဲ့ စစ်ကောင်စီအနေနဲ့ ဒေသခံတွေတွက် ဘယ်လိုအလုပ်အကိုင် တွေပေးမယ်၊ ဘယ်လို အခွင့်အလမ်းတွေ ပေးမယ်ဆိုတာကို တိတိကျကျ တရားဝင် ချပြဖို့လိုအပ်တယ်လို့ ကျောက်ဖြူမှာရှိတဲ့ တရုတ်စီမံကိန်းတွေကို အနီးကပ် စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တရုတ်စီမံကိန်းတွေကတော့ ကျောက်ဖြူမှာ တော်တော်များများလုပ်ပြီးပြီ။ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းရယ်၊ ရေနံပိုက်လိုင်းရယ် နောက်ပြီး ရေနံတင်သင်္ဘော၊ ဆိပ်ကမ်းစီမံကိန်းတွေရယ် အများကြီး လုပ်ပြီးပြီ။ သို့သော် ကျွန်တော်တို့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိတာ အင်မတန်နည်းပြီး ဝင်ငွေလည်းနည်းတယ်။ အခု သူတို့လုပ်လာမယ့် စီမံကိန်းက ဘယ်လိုအခြေအနေလဲ၊ အလုပ်အကိုင် အခွင့်အလမ်းရမယ်ဆိုရင် ဘယ်လို အလုပ်မျိုးကို ပေးမယ်ဆိုတာကိုတော့ လူထုကို ပွင့်ပွင့်လင်းလင်း ချပြစေချင်ပါတယ်”

စစ်ကောင်စီဘက်ကရော၊ တရုတ်ဘက်ကရော ဒေသခံတွေကို တိတိကျကျ တရားဝင် ချပြတာမရှိသေးတဲ့ အတွက် ဒီကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းကနေ ဒေသခံတွေအတွက် မျှော်လင့်စရာ မရှိဘူးလို့လည်း သူကပြောပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ဒီစီမံကိန်းတွေဟာ အကောင် အထည်ဖော်ဖို့ မဖြစ်နိုင်သေးဘူလို့ တရုတ်စီမံကိန်းတွေကို လေ့လာစောင့်ကြည့်နေတဲ့ ရခိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နိုင်ငံရေးတည်ငြိမ်တဲ့ အချိန်ကျမှာ ဒီစီမံကိန်းကိုစတင်မယ်လို့ ကျွန်တော်မြင်ပါတယ်။ နိုင်ငံရေးအခြေအနေ မတည်ငြိမ်လို့ရှိရင် ဒီစီမံကိန်းက ဘယ်လိုမှစတင်လို့မရဘူး။ အခု ပြည်တွင်းစစ်က ကြီးကြီးမားမားဖြစ်နေတဲ့ အခါကျတော့လေ။ အခု လက်မှတ်ထိုးတဲ့ အဆင့်ကကျတော့ အရင်တုန်းကတည်းက လုပ်နေတဲ့အလုပ်ဖြစ်တဲ့ အတွက်ကြောင့် လုပ်တာပဲ။ တစ်ဖက်ဖက်က ပျက်ကွက်လို့မရဘူး။ ပျက်ကွက်ရင် ကြီးကြီးမားမား လျော်ကြေး ပြန်ပေးရမယ့် စီမံကိန်းမျိုးဖြစ်တယ်။ ဒါပေမဲ့ မြေပြင်မှာ အကောင် အထည်ဖော်ဖို့ကျတော့ တရုတ်အနေနဲ့ အများကြီး ညှိနှိုင်းပြင်ဆင်ရဦးမှာပါ”

တစ်ဖက်မှာလည်း စီမံကိန်းတည်ဆောက်မယ့် ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တွေက နယ်မြေအများအပြား ကို ရက္ခိုင့်တပ်တော်(AA)က စိုးမိုးထားပြီး စီမံကိန်းစတင်မယ်ဆိုရင် တရုတ်အနေနဲ့ AA နဲ့ပါ ညှိနှိုင်းရမယ့် အခြေအနေရှိတယ်လို့လည်း သူက ထောက်ပြပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ သဘောထားကို သိနိုင်ဖို့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို တရုတ်နိုင်ငံ သံရုံးရဲ့ ယာယီ တာဝန်ခံနဲ့ တာဝန်ရှိသူ တချို့လည်း တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို အကောင်အထည် ဖော်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ နှစ်နိုင်ငံ သဘောတူ စာချုပ် စတင်ချုပ်ဆိုခဲ့တာပါ။ အဲဒီစာချုပ်ရဲ့ နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီနဲ့ တရုတ်တို့အကြား မနေ့က ဆက်လက်ချုပ်ဆိုခဲ့ ကြတာလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။