စစ်တပ်နဲ့ KNU ရဲ့ NCA ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြယ်သွားပြီလား
2021.04.01
မတ်လ နောက်ဆုံးအပတ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေနဲ့ NCA အပစ်ရပ်သဘောတူညီ စာချုပ်လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ တပ်မဟာ ၅ တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။
KNU သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၃၀ရက်နောက်ပိုင်း ကရင် ပြည်နယ် ဖာပွန်ခရိုင်နဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲက တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေထဲက ရွာပေါင်း ၇ရွာလောက်ကို မြန်မာစစ်တပ်က တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံရွာသား ဆယ်ဦးထက် မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရကြပါတယ်။ တိုက်ပွဲတွေကြောင့် ဖာပွန်ခရိုင်ထဲက ဒေသခံအမြောက်အမြားဟာ သံလွင်မြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေကြပါတယ်။
“နှစ်ရက် နှစ်ည ဆက်တိုက် ထမင်းလဲ မစားရဘူး။ ခေါင်းတစ်ခုလုံး သွေးတွေချည်းပဲ။ အဲလိုမျိုး တနေကုန် နေခဲ့ရတာ။ ဆေးလဲ မသောက်ရ ဆေးလဲ မထည့်ရနဲ့။ ထွက်ပြေးနေရတာ။”
အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ခြေမြန်တပ်ရင်း (၃၉၄) အခြေစိုက် စခန်းကို KNU တပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး၊ မြန်မာစစ်တပ်ဘက်က ဒုတပ်ရင်းမှုး တစ်ဦးအပါအဝင် တပ်သား ၁၀ဦးကျဆုံးခဲ့တဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသခံ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ ထိုင်းနိုင်ငံ အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ အန်တိုနီ ဒေးဗစ်က RFA ကို ပြောပါတယ်။
KNU ဘက်ကတော့ စစ်ကောင်စီဘက်က NCA ထဲက သဘောတူညီချက်တွေကို စတင်ချိုးဖောက်ပြီး KNU နယ်မြေထဲမှာ တပ်စခန်းသစ်တွေ တိုးချဲ့တာ၊ အကြောင်းမကြားဘဲ KNU ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက်လာတာ စတဲ့ လုပ်ရပ်တွေကြောင့် တုံ့ပြန်တိုက်ခိုက်ရတာ ဖြစ်တယ်လို့ KNU တပ်မဟာ၃ က စောအယ်စတားက ပြောပါတယ်။
“အဲဒါကတော့ ကျွန်တော်တို့ NCA စာချုပ်ရှိတယ်။ အဲဒီမှာ သတ်မှတ်ထားတဲ့နေရာမှအပ သွားလာခြင်းမပြုရဆိုတဲ့ အချက်တွေပါတယ်။ KNU ထိန်းချုပ်တဲ့ နယ်မြေထဲမှာ သူ့နယ်မြေ၊ ကိုယ့်နယ်မြေ ဆိုပြီး ရှိတယ်။ လက်နက်နဲ့ သွားလာမယ်ဆိုရင် ကျွန်တော်တို့ကို အကြောင်းကြားရတယ်။ ကျွန်တော်တို့ သွားလာရင်လည်း အလားတူ သူတို့ကို အကြောင်းကြားရတယ်။ အဲဒီမှာ တပ်မရဲ့ နယ်မြေကျော်လွန်သွားရင် ပစ်ပိုင်ခွင့်ရှိတယ်လို့လည်း NCA စာချုပ်မှာ ပါပါတယ်။ နောက်ပြီး NCA စာချုပ်ချုပ်ပြီး ကတည်းက တပ်စခန်းတွေ အသစ်တိုးချဲ့ခြင်းမပြုရဘူး။ အများနဲ့ ဆိုင်တဲ့နေရာတွေမှာ တပ်စခန်းတွေ ချခြင်း မပြုရဘူး။ အဲဒါကို NCA စာချုပ်မှာလည်း ရှိတယ်။ အဲဒါကို သူတို့ဘက်က လိုက်နာခြင်း မရှိဘူး။”
ဒါ့အပြင် အခု KNU နဲ့ ဖြစ်နေတဲ့ စစ်ရေး ပဋိပက္ခတွေဟာ ပြည်တွင်းစစ်ဖြစ်တဲ့အတွ စစ်ကောင်စီဘက်က လေယာဉ်သုံးပြီး ပစ်ခတ်ခွင့်မရှိဘူးလို့လည်း စောအယ်စကားက ပြောပါတယ်။
အခုလို KNU ဘက်က ပြောကြားချက်တွေနဲ့ ပတ်သက်လို့ RFA က အာဏာသိမ်း စစ်ကောင်စီက ခန့်ထားတဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မတ်လအတွင်းမှာပဲ NCA ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးမထားတဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ထိန်းချုပ်နယ်မြေထဲမှာလဲ မြန်မ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
ငြိမ်းချမ်းရေး နဲ့ လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျူ (MIPS) က ဒေါက်တာ မင်းဇော်ဦးကတော့ အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာတာ အာဏာသိမ်း စစ်ကောင်စီကနေ ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် နှိမ်နှင်းတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ပြသတဲ့အနေနဲ့ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့ လိုလားတဲ့ အဖွဲ့ခွဲတွေ ရှိနေတာကြောင့်လို့ သုံးသပ်ပါတယ်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စလုပ်ပြီ ဆိုတဲ့ နောက်ပိုင်းမှာ စသုံးခဲ့တဲ့ သူ့ရဲ့ နည်းဗျူဟာကတော့ သူ့စစ်ကြောင်း အတိုက်ခံရတယ် ဆိုရင် ပိုကြီးမားတဲ့ အင်အားနဲ့ ပြန်တိုက်ခိုက်ခဲ့တဲ့ ပုံသဏ္ဍာန်တွေ တွေ့ရတယ်။ ဒါပေမယ့် ခု ဆန္ဒပြပွဲတွေ ဖြစ်တယ်၊ ဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုတွေ ဖြစ်တယ်။ အဲဒီမှာ အရပ်သား သေဆုံးမှုတွေ ဖြစ်တဲ့အခါမှာ EAO ထဲက အချို့တွေကလည်း ဒါတွေ ကို ဆန့်ကျင် ကန့်ကွက်ကြတာတွေ ဖြစ်လာတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ KNU ရဲ့ တပ်မဟာ ၅ ကနေပြီးတော့ သူတို့ လက်မခံနိုင်ဘူးပေါ့။ အရင်တုန်းကတည်းက ရှိခဲ့တဲ့ တပ်မတော်အပေါ်မှာ မယုံကြည်မှုတွေ အများကြီး ရှိတယ်။ အဲဒီဟာတွေ အားလုံး ပေါင်းလိုက်တဲ့အခါ ခုအချိန်မှာ စစ်ရေးအရ ဖိအားပေးရမယ်ဆိုတဲ့ အမြင်မျိုး ရှိကောင်းရှိလာတာပေါ့။”
အခုအချိန်မှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့ ဘယ်အဖွဲ့ကမှ စာချုပ်ပျက်ပြယ်ကြောင်း တရားဝင် ကြေညာတာ မရှိသေးပေမယ့်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးအတွက် ထိခိုက်စေတယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
“အခု ကျွန်တော်တို့ ကြည့်ရသလောက်ကတော့ ဘယ် EAO ကမှတော့ တရားဝင် လက်ရှိ ရှိပြီးသား ceasefire သဘောတူညီချက်တွေကို ဖျက်လိုက်ပြီ။ တပ်မတော်ကို စစ်ရေးအရ ပြန်လည် တိုက်ခိုက်မယ်ဆိုတာမျိုး တရားဝင် ထုတ်ပြန်တာ မတွေ့ရသေးဘူး။ ဒါပေမယ့် EAO တွေထဲမှာလည်း အဖွဲ့အစည်းကြီး တစ်ခု လုံး မဟုတ်ပေမယ့် အချို့ အစိတ်အပိုင်းတွေက တိုက်ကွက်ဖော်နေတာတွေ၊ အရေးပါတဲ့ စခန်းတွေကို တိုက်တာတွေ တွေ့ရတယ်။ EAO အဖွဲ့ တစ်ခုလုံး အနေနဲ့ မဟုတ်ပဲ အချို့ အစိတ်အပိုင်းတွေ က လုပ်လာတာတွေ တွေ့ရတယ်။ ဒါကတော့ KNU တင်မကပဲ KIA မှာလည်း အဲဒီလို ဖြစ်နေတာ တွေ့ရတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးကို ရိုက်ခတ်တဲ့ သဘောရှိနေတယ်လို့တော့ သုံးသပ်လို့ ရပါတယ်။”
လက်ရှိ အာဏာသိမ်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေဟာ တပ်မဟာ ၅ နယ်မြေတွေကို အဓိက ပစ်မှတ်ထားနေပေမယ့် စစ်ရေးသဘောအရ အခြား နယ်မြေတွေထဲကိုလည်း ပျံ့နှံ့လာနိုင်တယ်လို့ ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပါတယ်။
အခုအချိန်ှမှာ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် KNU တပ်မဟာ ၅ နယ်မြေ ထဲမှာ စစ်ပြေး ဒုက္ခသည် တစ်သောင်းကျော်နဲ့ တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ပြေးဒုက္ခသည် ရာဂဏန်းလောက်အထိ ရှိနေပြီလို့ ကရင် လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။