KNPP နဲ့ တပ်မတော်တိုက်ပွဲကိစ္စ ပြည်နယ်အစိုးရနဲ့ KNPP တွေ့ဆုံဆွေးနွေးဖို့ရှိ
2018.10.22
KNPP ကရင်နီတိုးတက်ရေးပါတီနဲ့ မြန်မာစစ်တပ်ကြား မကြာသေးခင်ရက်ပိုင်းက ဖြစ်ခဲ့တဲ့တိုက်ပွဲနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်တာတွေ ရှိနေပါတယ်။
ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အခုဖြစ်ခဲ့တဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရနဲ့ KNPP အဖွဲ့တို့ ဒီလကုန် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း KNPP က ပြောပါတယ်။ RFA ဝိုင်းတော်သူ မနန္ဒာချမ်း တင်ပြထားပါတယ်။
~~~~~~~~~~~
ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင်းက နန်ကစ်နဲ့ ဘဟန်လော့ရွာကြားမှာ အောက်တိုဘာလ ၂ဝ ရက်နေ့ မနက်က မြန်မာစစ်တပ် ခလရ ၄၂၈ နဲ့ KNPP တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ နှစ်ဖက် ထိခိုက်သေဆုံးမှု မရှိပေမဲ့ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး KNPPဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်တယ်လို့ ကယားပြည်နယ်အစိုးရက စနေနေ့မှာ ကြေညာချက်ထုတ်ပြီး စတင် စွပ်စွဲခဲ့တာပါ။ ဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး RFA က ကယားပြည်နယ် အစိုးရရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တာဝန်ခံဖြေဆိုမယ့်သူ မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ကယားပြည်နယ်အစိုးရရဲ့ ကြေညာချက်ထဲမှာတော့ ကယားပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက တိုက်ပွဲဖြစ်ရတဲ့အပေါ် KNPP ကို ရှုတ်ချထားပြီး၊ နောက်ထပ် ဒီလိုတိုက်ပွဲမျိုး ထပ်မဖြစ်အောင် KNPP ဘက်က သူတို့တပ်ဖ့ွဲတွေကို စနစ်တကျ ကိုင်တွယ်ဖို့ ပြောဆိုထားတာပါ။
KNPP ဘက်ကလည်း အခုဖြစ်ရတဲ့ တိုက်ပွဲဟာ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ သဘောတူညီချက်တွေကို မြန်မာစစ်တပ်ဘက်က ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ KNPP အတွင်းရေးမှူး-၁ ခူးပလူးရယ်က တုံ့ပြန်ခဲ့ပါတယ်။
“ကျနော်တို့ကတော့ သဘောတူညီချက်အရ ကြိုတင်အကြောင်းမကြားလို့ ဖြစ်ခဲ့တဲ့ကိစ္စအပေါ်မှာ ကျနော်တို့ဘက်က မမှားဘူးပေါ့လေ။ ကျနော်တို့ မနေ့ကရော ဖြစ်ခဲ့တဲ့နေ့ကရော လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံတွေနဲ့ ဒေသခံ တကစတွေ တွေ့ပြီးတော့ ပြောဖြစ်ကြတာပေါ့။ သူတို့ဘက်က ၄၂၈ ဒုတပ်ရင်းမှူးတစ်ယောက်က ပြောလိုက်တယ်။ တပ်မတော်ဟာ ပြည်ထောင်စုထဲမှာ ဘယ်နေရာမဆို သွားလို့ရတယ်။ အကြောင်းမကြားလည်း သွားလို့ရတယ်ပေါ့လေ။ ဒီကိစ္စအတွက် ကျနော်တို့ ပြည်နယ်အစိုးရနဲ့တော့ ဒီလကုန် နောက်ဆုံးအပတ်ထဲမှာ တွေ့ဖို့ရှိပါတယ်။ အဲဒီမှာ ဆွေးနွေးသွားမှာပါ။ ကျနော်တို့ဘက်ကတော့ သဘောတူထားတဲ့အတိုင်းပဲ အဲဒါကို ပြန်လည် တင်ပြဖို့ ရှိပါတယ်။ လမ်းကြောင်းအတိုင်း သွားဖို့နဲ့ သွားလို့ရှိရင် အကြောင်းကြားဖို့ပေါ့”
KNPP ဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်မထိုးထားပေမဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂ဝ၁၂ ခုနှစ်မှာ နှစ်ဖက် လက်မှတ်ရေးထိုးထားတာပါ။ ဒီသဘောတူညီချက်အရ နှစ်ဖက် တပ်ဖွဲ့တွေ အနေနဲ့ ပုံမှန်လမ်းကြောင်းတွေအတိုင်း သွားလာလှုပ်ရှားကြဖို့နဲ့ အဲ့လို သွားလာတဲ့အခါ တဖက်နဲ့တဖက် သုံးရက် ကြိုတင် အကြောင်းကြားဖို့ဆိုတာ ပါဝင်ပါတယ်။ ဒီလို နှစ်ဖက် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးပြီး ခြောက်နှစ်အကြာမှာ ဒါ ပထမဆုံး ဖြစ်ခဲ့တဲ့ တိုက်ပွဲပါ။ ဒီလို အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါ လာမယ့် နိုဝင်ဘာမှာ တွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေတဲ့ KNU ဒုက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းအောင် ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ အခုလို ပြောပါတယ်။
“ဒီလိုတိုက်ပွဲမျိုး ပစ်ခတ်မှုတွေကတော့ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း NCA လက်မှတ်ထိုးပြီးတဲ့ နောက်ပိုင်းမှာတော့ တိုက်ပွဲတွေ လျော့ကျသွားတာ ကျနော်တို့ အသိအမှတ်ပြုရမှာဖြစ်တယ်။ အခု ဆွေးနွေးတာကတော့ အထူးသဖြင့် နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်များ အလွတ်သဘောတွေ့တဲ့နေရာမှာ တိုက်ပွဲတွေ အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ဖို့အတွက်တော့ သဘောတူညီမှု ရှိပါတယ်။ အထူးသဖြင့် သက်ဆိုင်ရာတပ်အချင်းချင်း တွေ့ပြီးတော့ လိုအပ်တဲ့ နားလည်မှုတွေ၊ သဘောတူညီချက်တွေယူပြီးတော့ တိုက်ပွဲမဖြစ်အောင် ဆောင်ရွက်ဖို့ နောက်တစ်ခုက အင်အားသုံးပြီး လက်နက်ကိုင်တိုက်ပွဲတွေ မဖြစ်ဖို့အတွက် ဒါမျိုးတွေတော့ သဘောတူထားတာ ရှိပါတယ်။ ဆက်လက်ပြီး အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်”
KNPP အဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုတွေကို ပြုလုပ်နေတာဖြစ်ပြီး၊ နိုဝင်ဘာကျရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးမယ့်ပွဲကို တက်ရောက်ဖို့လည်းရှိနေပါတယ်။