မြဝတီက BGF ခံကတုတ်တွေကို သိမ်းပိုက်လိုက်ကြောင်း KNLA ပူးပေါင်းအဖွဲ့ပြော

RFA Burmese
2023.07.12
မြဝတီက BGF ခံကတုတ်တွေကို သိမ်းပိုက်လိုက်ကြောင်း KNLA ပူးပေါင်းအဖွဲ့ပြော ကရင်ပြည်နယ် မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာအနီးမှ လက်ခတ်တောင်ဘုရားကုန်းကို တွေ့ရစဉ်
Citizen Journalist

ကရင်ပြည်နယ် မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာမှာရှိတဲ့ လက်ခတ်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ နယ်ခြားစောင့်တပ် BGF ခံကတုတ်တွေကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်ရင်း ၂၇ က စစ်ရေးကွပ်ကဲရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီလ ၅ ရက်ကနေ ၁၂ ရက်နေ့အထိ KNLA နဲ့ PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဟာ BGF နဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန်မှာ သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့လည်း KNLA တပ်ရင်း ၂၇ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လက်ခတ်တောင် တစ်ဝက်ကိုတော့ ထိန်းထားနိုင်ပြီ။ တိုက်ပွဲမပြီးသေးဘူး ဆက်တိုးရဦးမယ်။ အခုက BGF ကတုတ်တွေကတော့ ကျွန်တော်တို့အဖွဲ့တွေ ပစ်တာမှာ ကျကုန်ပြီ။ သူတို့ စစ်ကြောင်းတွေကလည်း သုံးနေရာလောက်ကနေ ခွဲတက်လာတယ်။ ကျွန်တော်တို့ဘက်ကလည်း စစ်ကြောင်းတွေ နေရာခွဲပြီး တိုက်နေတယ်။ သူတို့ BGF အမြောက်ကုန်းကိုတော့ ဆက်တက်နေတယ်“

ဒါ့အပြင် ကံကော်တစ်ထောင်ဘုန်းကြီးကျောင်း၊ မြစန္ဒီ ကားဝင်း၊ ခလရ ၂၇၅ နဲ့ BGF တပ်စခန်းတစ်ဝိုက်က မြေမြုပ်မိုင်းတွေကို KNLA ပူးပေါင်းတပ်က Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ချိန်မှာ ဒရုန်းတစ်စင်း ပျက်ကျခဲ့တယ်လို့လည်း ပြောပါတယ်။

“ဇူလိုင် ၅ရက်နေ့က ခလရ ၂၇၅ တပ်နဲ့ ကံကော်တစ်ထောင် ဘုန်းကြီးကျောင်းဝင်းနားက BGF တပ်ကို ဒရုန်းနဲ့ ဗုံးချတိုက်တာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာ ရှိတယ်။ ကျွန်တော်တို့ စစ်ကြောင်းဘက်က ဒရုန်းတစ်စင်းက စကစရဲ့ ရေဒီယိုလှိုင်းဖြတ် (Junper) စက်ကွင်းမိပြီး ပျက်ကျတာ မြဝတီ အမှတ် ၅ ရပ်ကွက် ရေပူကျေးရွာဘက်က သစ်ပင်ပေါ်ကို ကျတယ်။ မြဝတီစစ်တပ် ရှေ့တန်းရုံးအဖွဲ့တွေ လာဖြုတ်ယူသွားတယ်”

လောလောဆယ်မှာ KNLA ပူးပေါင်းအဖွဲ့ လှုပ်ရှားတဲ့နေရာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မျိုးမင်းနောင်ကို တယ်လီဖုန်းဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေဆိုမှု မရှိပါဘူး။

သီတင်းတစ်ပတ်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ ခမရ ၁၁၈ တပ်ရင်းက ဗိုလ်မှုးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦး အပါအဝင် ရှစ်ဦး ဒဏ်ရာရရှိသွားပြီး နှစ်ဦးသေဆုံးကြောင်း Cobra စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။ KNLA ပူးပေါင်းစစ်ကြောင်းက တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရပြီး အရပ်သားတစ်ဦး လက်နက်ကြီးအစမှန်ပြီး ဒဏ်ရာရရှိတယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ဒေသခံ သုံးရာလောက် မြဝတီမြို့ဘက် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မေတ္တာလင်းမြိုင်ရွာ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။