စစ်ကောင်စီစခန်း KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြားရရှိ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.08.09
စစ်ကောင်စီစခန်း KIA သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြားရရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၁ ခုနှစ် မေ ၂၇ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

သြဂုတ်လ ၈ ရက်နေ့ မနက် ၅ နာရီက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ရွာတစ်ဖက်ကမ်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်မြင့်ရွာက ရှမ်းနီအမျိုးသားတပ်မတော်(SNA) စခန်းကို KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်မဟာ ၉ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ထိပ်တန်းခေါင်းဆောင်တစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီစခန်းက ၆ဝ မမ စိန်ပြောင်း ၁ လက်၊ RPG ၁ လက်၊ စနိုက်ပါရိုင်ဖယ် ၁ လက်၊ MA 1 ရိုင်ဖယ် ၁ လက်၊ MA 2 ရိုင်ဖယ် ၁ လက်၊ ပစ္စတို ၁ လက် နှင့် SNA စခန်းက M22 ၃ လက်၊ M23 စက်လက် ၁ လက်၊ M 16 ရိုင်ဖယ် ၁ လက်၊ တိုက်ပွဲ နှစ်ခုပေါင်းကနေ လက်နက် ၁၁ လက် နဲ့ ကျည်ဆန် ဗုံးသီးတွေအပြင် စစ်တပ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားကို KIA ဘက်က သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိခိုက်ကျဆုံးမှု စာရင်းကိုတော့ လတ်တလော မသိရသေးပါဘူး။

ဒါ့အပြင် ကချင်ပြည်နယ်က တခြားနေရာအများအပြားမှာလည်း တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနေတယ်ဆိုတဲ့ သတင်းတွေ မကြာခဏပေါ်ထွက်နေပါတယ်။

“ထူးခြားတာတစ်ခုက AA ကိုယ်တိုင်က ရှမ်းပြည်မှာရှိတဲ့ ညီနောင် သုံးဖွဲ့နဲ့အတူ တိုက်ပွဲတွေကြားမှာ ပါဝင်ဖို့ ပြင်ဆင်နေတယ်။”

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဟာ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်ဒေသတွေ ဖြစ်လာတော့မယ့် အလားအလာတွေကို မြင်တွေ့နေရပြီလို့ သုံးသပ်ပါတယ်။

“စခန်းနေရာ နှစ်ခုကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ လက်နက်ခဲယမ်း တော်တော်များများ သိမ်းဆည်းရမိတယ်ဆိုတဲ့ သတင်းကောင်း တစ်ပုဒ်ကိုကြားပါတယ်။ KIA အနေနဲ့ ဆဒုံး ဆမား ဒေသဘက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ အတော်ပြင်းထန်လာတယ်။ နောက်တစ်ချက်က စစ်ကိုင်းတိုင်း၊ ကသာမှာရှိတဲ့ PDF နဲ့ ပူးပေါင်းပြီးတော့ ဒေသတွင်းစစ်ဆင်ရေးတွေ တော်တော်များများ လုပ်တာကို ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။ အခြေအနေကြည့်ရတာတော့ စစ်ကိုင်းတိုင်း ပြီးလို့ရှိရင် ကချင်ပြည်နယ်ဟာ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်နိုင်တဲ့ နယ်မြေတစ်ခုဖြစ်လာဖို့ အလားအလာအကောင်းဆုံးအခြေအနေဖြစ်တယ်လို့ ယူဆမိပါတယ်။”

NUG အမျိုးသားညီညွတ်ရေးအစိုးရ ပြန်ကြားရေးအရာရှိ ဦးနေဘုန်းလတ်ကလည်း တော်လှန်ရေးအောင်မြင်ဖို့အတွက် တိုင်းရင်းသားအင်အားစုတွေရဲ့ ကဏ္ဍဟာ မရှိမဖြစ် အရေးကြီးပါတယ်။ ဒါကြောင့် သူတို့ NUG က မဟာမိတ်ကော်မတီတစ်ခုဖွဲ့ပြီး ချိတ်ဆက်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေတယ်၊ တိုးတက်မှုတွေ အများကြီးရှိတယ်။ လတ်တလော ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီက ကွပ်မျက်ခဲ့မှုအတွက် တိုင်းရင်းသားတွေရဲ့ ထုတ်ပြန်ကြေညာချက်ကို ကြည့်ရင် သိနိုင်ပါတယ်လို့ RFA ကို ပြောပါတယ်။

“တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလည်း တော်လှန်ရေးအောင်မြင်ဖို့နေရာမှာ အရေးကြီးတယ်ပေါ့။ NUG တစ်ခုတည်း လုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူးပေါ့။ အမျိုးအစားကတော့ ၃ မျိုးလောက် ကွဲတာပေါ့။ လက်ရှိအချိန်ထိ NUGနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းပြီးတကယ့်ကို မဟာမိတ်အနေနဲ့ စစ်ရေးကော နိုင်ငံရေးကော ဆောင်ရွက်နေတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေရှိသလို တချို့ကျတော့လည်း အခြေအနေအရ NUG ဘက် အပြည့်အဝ မရပ်နိုင်သေးတဲ့ အစုအဖွဲ့တွေလည်းရှိတယ်။ တချို့ကျတော့လည်း လုံးဝကို NUG နဲ့ အဆက်အသွယ်မလုပ်ဘဲနဲ့ စစ်ကောင်စီဘက်မှာ ရပ်နေတယ်လို့ ယူဆရတဲ့ အဖွဲ့မျိုးတွေလည်းရှိတယ်ပေါ့ ကျနော်တို့က လက်ရှိ မဟာမိတ်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ပိုပြီး ခိုင်မာတဲ့ မဟာမိတ်ဆက်ဆံရေးမျိုး ထူထောင်နေတာ ရှိသလို NUG ဘက်ကို အပြည့်အဝ မရပ်သေးတဲ့ အဖွဲ့တွေကိုလည်း ချိတ်ဆက်ဆောင်ရွက်နေတာ ရှိတယ်ပေါ့။ အားရကျေနပ်စရာတော့ အများကြီး ကျနော်တို့ရှိပါတယ်။ ဟိုတလောက ကြေညာချက်တစ်စောင် ထုတ်လိုက်တာ အားလုံးလည်းတွေ့မှာပေ့ါ။ KNU လည်းပါတယ်၊ CNF တို့ဘာတို့လည်း ပါတယ်။ KIA က ကြေညာချက်မှာ မပါပေမယ့် သီးသန့်ကြေညာချက်ထုတ်တယ်ပေါ့။ ကိုဂျင်မီတို့ ကိုဖြိုးဇေယျာသော်တို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲ့ကြေညာချက်အတိုင်းပဲ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ကျနော်တို့ လက်တွဲပြီးတော့ ဒီစစ်အာဏာရှင်ကျဆုံးရေး ပူးပေါင်းပြီးတော့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ တိုးတက်မှုတွေ ရှိပါတယ်။ အဲ့ဒီတိုးတက်မှုတွေကိုလည်း ပြည်သူတွေ မြင်ရဖို့လည်း မကြာခင်မှာ တချို့ကိစ္စတွေ ဆောင်ရွက်သွားဖို့ရှိပါတယ်”

kia-kio.jpg
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၁ ခုနှစ် မေ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ဦးသန်းစိုးနိုင် က တခြားပြည်နယ်ဒေသတွေမှာလည်း တော်လှန်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အောင်မြင်မှုတွေကို ကြားသိနေရတဲ့အတွက် အားတက်စရာဖြစ်တယ်လို့ ပြောပါတယ်။

“တော်လှန်ရေးလှုပ်ရှားမှုတွေ စခဲ့တဲ့ ချင်းပြည်နယ်ရဲ့ ပြည်သူ့အုပ်ချုပ်ရေး ပြည်သူ့တရားစီရင်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ်ဟာ အခု ၈ဝ ရာခိုင်နှုန်းလောက်အထိ လွှမ်းမိုးနိုင်ပြီ။ တစ်ချိန်တည်းမှာ နယ်မြေဒေသမှာဆိုရင်လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ပညာရေးအဖွဲ့အစည်းတွေ စသည်အားဖြင့် လူထုလှုပ်ရှားမှုတွေဟာ ဒေသတစ်ခုလုံးအနေနဲ့ ထိန်းချုပ်မှုရရှိနေပြီဆိုတဲ့ အခြေအနေကောင်းလည်း ကြားရပါတယ်။ ကရင်ပြည်နယ်ကတော့ စစ်ကောင်စီတပ်နဲ့ KLNA စတဲ့ ကရင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဟာလည်း အတော်ပြင်းထန်တယ်။ အခုနောက်ဆုံးကြားရသလောက် ကျောက်ကြီးဒေသ တောင်ငူခရိုင် အစပ်လောက်အထိ အဲဒီလှုပ်ရှားမှုတွေ ရောက်ရှိနေပြီလို့ သိရတယ်။ ထူးခြားတာတစ်ခုက AA ကိုယ်တိုင်က ရှမ်းပြည်မှာရှိတဲ့ ညီနောင် ၃ ဖွဲ့နဲ့ အတူ တိုက်ပွဲတွေကြားမှာ ပါဝင်ဖို့ ပြင်ဆင်နေတယ်။ တချို့တိုက်ပွဲတွေမှာ ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေကြားရဲ့အတွက် နွေဦးတော်လှန်ရေးရဲ့ အလားအလာဟာ ကျနော်တို့ မျှော်မှန်းထားတာထက် ပိုမိုအောင်မြင်နေတယ်ဆိုတာ တွေ့ရှိရပါတယ်”

“တိုင်းရင်းသားမဟာမိတ်တွေနဲ့ ကျနော်တို့ လက်တွဲပြီးတော့ ဒီစစ်အာဏာရှင်ကျဆုံးရေး ပူးပေါင်းပြီးတော့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ တိုးတက်မှုတွေ ရှိပါတယ်”

ဒီအတောအတွင်း သြဂုတ်လ ၉ ရက်နေ့ မနေ့က ဆယ်ဇင်းရွာမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်တွေကိုပါအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ရက်အတွင်း ရွာသား ၃ဝဝဝ ခန့် ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။ အဲဒီဒုက္ခသည်တွေဟာ အခု တာမခန်၊ ဟောင်းပါး စတဲ့ရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ဘုရားကျောင်းတွေမှာ ခိုလှုံပုန်းအောင်း နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီသတင်းပါအချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မရရှိနိုင်သေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။