KIA နဲ့ တရုတ်တွေ့ဆုံမှု တိုက်ပွဲရပ်ဖို့ ဖိအားပေးလာနိုင်ကြောင်း လေ့လာသူတွေပြော

RFA Burmese
2024.12.10
KIA နဲ့ တရုတ်တွေ့ဆုံမှု တိုက်ပွဲရပ်ဖို့ ဖိအားပေးလာနိုင်ကြောင်း လေ့လာသူတွေပြော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ။
Screenshot: ALEN YANG TV - YouTube

ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့တွေမှာ တိုက်ပွဲပြင်းထန်နေချိန်မှာပဲ တရုတ်အာဏာပိုင်တွေနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့မှာ တရုတ်နိုင်ငံကို သွားခဲ့ကြတာဖြစ်ပြီး KIA ဘက်က ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အထွေထွေအတွင်းရေးမှူး ဦးလနန်နဲ့ KIO အုပ်ချုပ်ရေးဌာနတာဝန်ခံ ဗိုလ်ချုပ်ဇော်ရော်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဘာတွေဆွေးနွေးမယ်ဆိုတာ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

“တရုတ်ကိုသွားတာ ဟုတ်ပါတယ်၊ ဘယ်မှာတွေ့ဆုံနေလဲတော့ မသိဘူး။ ဘာတွေ ဆွေးနွေးမယ်ဆိုတာလဲ မသိဘူး။ ခါတိုင်းလည်း တစ်လတစ်ကြိမ် နှစ်ကြိမ်တွေ့တာဆိုတော့ ပုံမှန်တွေ့တာဖြစ်မယ်လို့ထင်တယ်။ ဘယ်လို ထူးခြားလာမလဲတော့ မသိသေးဘူး။ သွားတာတော့ သွားနေတာပဲ”

ဆွေးနွေးမဲ့အကြောင်းအရာနဲ့ တရုတ်ဘက်က ဘယ်သူတွေပါဝင်မလဲဆိုတာ ထုတ်ဖော်မပြောထားပေမဲ့ KIA ဘက်ကဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်ပိုင်းတွေ ပါတာကြောင့်တရုတ်ဘက်ကလည်း ရာထူးကြီးပိုင်းတွေ ပါနိုင်တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

“MNDAA လောက်တော့ ဖြတ်ငါးဖြတ်တွေ သိပ်ပြီးလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ဒီ MNDAA တို့၊ TNLA တို့ မပေါ်ခင်ကတည်းကိုက KIA နဲ့ ဆက်ဆံလာတာက အနှစ်လေးဆယ်ကျော်ရှိပြီ"

တရုတ်အစိုးရဟာ တိုက်ပွဲရပ်ဖို့ ဖိအားပေးနိုင်သလို မြေရှားသတ္တုသယ်ယူဖို့ နယ်စပ်ဂိတ်ပြန်ဖွင့်ရေးပါ ဆွေးနွေးလာနိုင်တယ်လို့ KIA နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေနဲ့ နိုင်ငံရေးသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။

ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်ကတော့ အခုတွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေဖွင့်ဖို့နဲ့ တိုက်ပွဲတွေရပ်ဖို့ပါ ဖိအားပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“နယ်စပ်ဒေသ တည်ငြိမ်ရေးဆိုတဲ့ သူတို့ပြောနေကျအတိုင်းပဲပေါ့လေနော် ဒီ KIA လက်ရှိ အကောင်အထည်ဖော်နေတဲ့ စစ်ရေးစီမံကိန်းတွေပေါ့ အထူးသဖြင့် ဗန်းမော်လိုမြို့ကြီးတွေကို KIO ထိုးစစ်ဆင်နေတဲ့ဟာတွေကို ရပ်ပြီးမှ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ တိုက်တွန်းဖို့လည်း ရှိနိုင်ပါတယ်။ နောက် ဒုတိယအချက်ကကျတော့ နယ်စပ်ကုန်သွယ်ရေးတံခါးပေါက်တွေကို တစ်ဖက်နဲ့ တစ်ဖက် ပိတ်ထားကြတာတွေရှိတယ်။ ဒီကိစ္စတွေကို ဘယ်လိုအဖြေရှာ ဆောင်ရွက်နိုင်မလဲဆိုတာ ဆွေးနွေးနိုင်ပါတယ်”

ဒေါ်နယ်ထရမ့် သမ္မတရွေးချယ်ခံရပြီးနောက် အမေရိကန်အပါအဝင် အနောက်အုပ်စုနဲ့ ကင်းကင်းနေဖို့နဲ့ ကြိုပြီး သတိပေးပြောဆိုတာလည်း ပါဝင်နိုင်တယ်လို့ ကိုရှဘတ်က ဆိုပါတယ်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း နယ်စပ်ဂိတ်တွေပိတ်ထားပြီး မြေရှားသတ္တုတူးဖော်မှုပါ ရပ်ဆိုင်းနေရတာကြောင့် စီးပွားရေးထိခိုက်လာတဲ့ တရုတ်ကုမ္ပဏီတွေဟာ တရုတ်အစိုးရကို တင်ပြထားတွေရှိတယ်လို့ RFA ကို နိုဝင်ဘာလကုန်ပိုင်းမှာ ပြောထားပါတယ်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်က နှစ်ဖက်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်က နှစ်ဖက်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

KIA နဲ့ တရုတ်ဘက်က တွေ့ဆုံဆွေနွေးနေပေမဲ့ ဗန်းမော်မြို့မှာတော့ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးလာတဲ့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲက ပိုပြီးပြင်းထန်နေတယ်ထင်တယ်။ ဘာလို့ဆို ကျွန်တော်တို့က တနင်္ဂနွေနေ့ထွက်ခဲ့ပြီပေါ့နော် မနေ့က တနင်္လာနေ့လည်း ဗန်းမော်မြို့မှာ တစ်နေကုန် အဲလို လေယာဉ်နဲ့ပစ်တာတွေ ဗန်းမော်က ထွက်ခဲ့နိုင်တဲ့ ကျွန်တော်တို့ ရှိတဲ့ဘက်လည်း လေယာဉ်တွေဝဲပြီး တစ်နေကုန် တစ်ညလုံး အဲလို လေယာဉ်နဲ့ပစ်တဲ့အသံတွေ ကြားနေရတုန်းပဲ။ ပစ်တဲ့အသံတွေကလည်း အရင်ကြားတဲ့အသံတွေထက် ပိုပြီး ပြင်းထန်တယ်လို့ ပြောရမှာပေါ့နော် အဲလို မြေကြီးတုန်တာတွေ၊ အသံပိုကြားရတာတွေ အဲဒါတောင် ဗန်းမော်နဲ့ဝေးတဲ့နေရာ ရောက်နေတဲ့ အချိန်မှာပေါ့နော်”

ဗန်းမော်ရဲစခန်း၊ စုပေါင်းရုံး၊ စကခ (၂၁) စတဲ့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ တိုက်ခိုက်နေသလို ရိက္ခာနဲ့ လက်နက်တွေကို လေယာဉ်နဲ့ချပေးနေတယ်လို့ ဆိုပါတယ်။

KIA ဟာ အောက်တိုဘာလဆန်းကစပြီး မြေရှားသတ္တုထွက်တဲ့ ချီဖွေ၊ ဆော့လော်နဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့တွေကို ထိန်းချုပ်ခဲ့ပြီးနောက် ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ကို ဒီဇင်ဘာ ၄ ရက်နေ့စပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ကချင်ပြည်နယ်ထဲက အကြီးဆုံးနယ်စပ်ဂိတ်တွေဖြစ်တဲ့ လွယ်ဂျယ်နဲ့ ကန်ပိုက်တီအပြင် တစ်နိုင်တစ်ပိုင် ကုန်သွယ်နေတဲ့ ကန်ဖန်၊ ဖီမော်၊ စဂျီ၊ ပန်ဝါ၊ ခါရှန်၊ ပါဂျောင်၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ မံဝိန်းကြီး စတဲ့ နယ်စပ်ဂိတ်ပေါက်အားလုံးကိုလည်း KIA က ထိန်းချုပ်ထားပါတယ်။

KIA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်နေ့က လွယ်ဂျယ်မြို့တွင် တွေ့ရစဉ်။ (Citizen Photo)
KIA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဧပြီ ၄ ရက်နေ့က လွယ်ဂျယ်မြို့တွင် တွေ့ရစဉ်။ (Citizen Photo)

စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ကတော့ တရုတ်ရဲ့ဖိအားကြောင့် တိုက်ပွဲရပ်ပြီး စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။

အလားတူ ကိုးကန့်တပ်မတော် (MNDAA) ကလည်း ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်ကဖမ်းဆီးခဲ့ပြီးနောက် ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ဖို့ ရောက်တဲ့နေရာကနေ ထိုးစစ်တွေရပ်ထားမယ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်ဟာ နှစ်ရှည်ဆက်ဆံရေးရှိနေတဲ့ KIA အပေါ်မှာတော့ TNLA နဲ့ MNDAA တို့လို အပေါ်စီးကနေ ဆက်ဆံလို့ရမှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“MNDAA လောက်တော့ ဖြတ်ငါးဖြတ်တွေ သိပ်ပြီးလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့ဆိုတော့ ဒီ MNDAA တို့၊ TNLA တို့ မပေါ်ခင်ကတည်းကိုက KIA နဲ့ ဆက်ဆံလာတာက အနှစ်လေးဆယ်ကျော်ရှိပြီ။ ဒီကြားထဲမှာ KIA မြေရှားတို့၊ ကျောက်စိမ်းလုပ်ငန်းတို့ စီးပွားရေးအရ တရုတ်နဲ့ ဆက်စပ်နေတာကြာပြီလေ။ အဲတော့ MNDAA တို့၊ TNLA တို့လိုတော့ KIO ကို အပေါ်စီးကနေ ဆက်ဆံလို့တော့ မရဘူးထင်တယ်။ နားလည်မှုထားပြီး လုပ်တာပဲရှိတယ်”

KIA နဲ့ ယူနန်ပြည်နယ်ဆက်ဆံရေးက လစဉ်ရှိနေပေမဲ့ အခုတစ်ခေါက် ဥက္ကဋ္ဌကိုယ်တိုင် တရုတ်နိုင်ငံကို သွားတာတော့ ထူးခြားမှုဖြစ်တယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

တရုတ်ဖိအားကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမယ်လို့ TNLA ပြော

မြန်မာနိုင်ငံမြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံဆွေးနွေးရေး တရုတ်တောင်းဆို

တရုတ်တိုက်တွန်းမှုနဲ့ ကိုးကန့်တပ်မတော် အပစ်ရပ်ကြောင်း ကြေညာ


တရုတ်အာဏာပိုင်တွေနဲ့ KIA တွေ့ဆုံမှု အခြေအနေကို အသေးစိတ်သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီဇင်ဘာလ ၉ ရက်နေ့မှာ အီးမေလ်းကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန် သေးပါဘူး။

၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့ ၁၃ မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ကစပြီး ကချင်ပြည်နယ်က တရုတ်နယ်စပ်ဂိတ်တွေကို တရုတ်နဲ့ KIA နှစ်ဖက်စလုံးက အပြန်အလှန်ပိတ်ထားခဲ့ပြီးနောက် တရုတ်ဘက်က ကုန်တွေလည်း ကချင်ဘက်ဝင်တာမရှိတော့သလို ကချင်က မြေရှား၊ ကျောက်စိမ်းနဲ့ စိုက်ပျိုးသီးနှံတွေကလည်း တရုတ်ဘက်ကို အဝင်မရှိတော့တာဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာအတွင်း မြန်မာနိုင်ငံကထွက်တဲ့ မြေရှားသတ္တုတန်ချိန် ၃၁,၀၀၀ ကို တရုတ်နိုင်ငံထဲ တင်ပို့ခဲ့တယ်လို့ တရုတ်ပြည်အခြေစိုက် Global Times သတင်းစာက အောက်တိုဘာ ၃ ရက်နေ့မှာ ရေးသားထားပါတယ်။

အဲဒီပမာဏဟာ ပြည်ပနိုင်ငံတွေကနေ တရုတ်ကိုတင်သွင်းနေတဲ့ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်တဲ့ နိုဝင်ဘာလ ၅ ရက်ကနေ ၁၀ ရက်နေ့အထိ ခြောက်ရက်ကြာ တရုတ်ခရီးစဉ်အတွင်းမှာတော့ တရုတ်ဝန်ကြီးချုပ်လီချန်းနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်နိုင်ဖို့၊ နှစ်နိုင်ငံ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့နဲ့ တရုတ်ရဲ့ မြန်မာနိုင်ငံထဲက စီမံကိန်းတွေ ထပ်မံတိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။