KIA ဌာနချုပ်အနီး စစ်ကောင်စီတပ်အင်အားဖြည့်နေပြီး တိုက်ပွဲပြင်းထန်နေ

RFA Burmese
2023.07.14
KIA ဌာနချုပ်အနီး စစ်ကောင်စီတပ်အင်အားဖြည့်နေပြီး တိုက်ပွဲပြင်းထန်နေ ကချင်ပြည်နယ်၊ လိုင်ဇာအနီးရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့က KIA တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Photo: RFA

ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအနီးနဲ့ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့တိုက်ပွဲဖြစ်နေတာ ဇူလိုင်လ ၁၄ ရက်နေ့ဆိုရင် ၁၃ ရက်ကြာမြင့်နေပြီလို့ ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ် တွေက ပြောပါတယ်။

ဇူလိုင်လ ၂ ရက်နေ့ကတည်းက KIA ဌာနချုပ်ကနေ ၆ မိုင်ကျော်သာဝေးတဲ့ နမ်ဆန်ယန်ရွာဘက်ကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် လာပြီးနောက် တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

နမ်ဆန်ယန်ကိုတက်လာတဲ့ စစ်ကောင်စီတပ်တွေကို လမ်းတွေမှာ စောင့်နေတဲ့ KIA နဲ့ ရက္ခိုင့်တပ်တော် (AA) က စောင့်ကြိုတိုက်ခိုက်တာကြောင့် နေ့စဉ်တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းကို ပြန်ထိန်းချုပ်ချင်လို့ အခုလို ပြန်ထိုးစစ်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"အခုတစ်လော ဒီနမ်ဆန်ယန် ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာကတော့ ဇူလိုင်လ လဆန်းကတည်းက ဖြစ်တယ်။ စကစဘက်ကတော့ ဗန်းမော်ဘက်ကနေလည်း စစ်ကူတွေ ထိုးကြတယ်။ မြစ်ကြီးနားဘက်ကနေလည်း စစ်ကူတွေတော့ ထိုးကြတယ်။ အင်းအားနဲ့ ပြန်ပြောမယ်ဆို ရာကြီးလောက်တော့ရှိမယ်လို့ ကျွန်‌တော်ထင်တယ်။ အတိအကျတော့မဟုတ်ဘူး။ ရန်သူရဲ့ဗျူဟာကိုတော့ အတိအကျတော့ ပြောလို့မရဘူး။ ခန့်မှန်းတာကတော့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းတွေကို သူတို့အားလုံးပြန်ထိုင်ချင်လို့၊ ထိန်းချုပ်ချင်လို့ အခုလိုမျိုး စစ်ဆင်ရေးတွေလုပ်တယ်လို့ မြင်တယ်။ လိုင်ဇာထိ ရောက်၊ မရောက်တော့ ဒီကနေ ပြောလို့တော့မရဘူး။ စစ်ဆိုတာက သူတို့အထိနာရင် ဘာမဆိုဖြစ်လာနိုင်တယ်။ ဒါကြောင့် သတိအနေအထားနဲ့တော့ နေပါတယ်"

ဒီ ၁၃ ရက်အတွင်းမှာ တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့လည်း နေ့စဉ် ပစ်ခတ်နေကြတယ်လို့လည်း ပြောပါတယ်။

တိုက်ပွဲကြောင့် နှစ်ဘက်ကျဆုံးမှုတွေရှိပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ သူအနေနဲ့ မသိဘူးလို့ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း အင်အားထပ်တိုးနေဆဲဖြစ်တဲ့အတွက် တိုက်ပွဲက ပိုပြီးပြင်းထန်လာနိုင်သလို တိုက်ပွဲရက်လည်း ပိုပြီးကြာလာနိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မဒီးယန်ရွာဘက်ကို ဇူလိုင်လ ၇ ရက်နေ့ညက လေယာဉ်နဲ့ လာပစ်တာရှိသလို လိုင်ဇာမြို့ကိုလည်း လက်နက်ကြီးတွေလည်း ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

"လိုင်ဇာနားမှာ လက်နက်ကြီးတွေကျတော့ အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ ထိတ်လန့်စရာတွေ ဖြစ်တာပေါ့"

အမည်မဖော်လိုတဲ့ လိုင်ဇာဒေသခံ အမျိုးသားတစ်ဦးက တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး လက်နက်ကြီးသံတွေ လိုင်ဇာကနေကြားနေရတယ်လို့ ပြောပါတယ်။

"အခုလတ်တလောကြားရတဲ့ အခြေအနေကတော့ ဒီထက်ပိုပြီးပြင်းထန်မယ်လို့ ယူဆရတာပဲ။ ဒီမနက်ထိ ပြင်းထန်နေဆဲပဲ။ ဒီမနက်ကတော့ မဒီးယန်ဘက်မှာ ၅ နာရီကျော်ထိဖြစ်တယ်လို့ ကြားရတယ်။ လိုင်ဇာဝန်းကျင်က လက်နက်ကြီးတွေ ကျတဲ့အသံတော့ ပုံမှန်ကြားရတယ်။ သေနတ်သံကတော့ မကြားတစ်ချက်၊ ကြားတစ်ချက်ပဲ။ လိုင်ဇာနားမှာ လက်နက်ကြီးတွေကျတော့ အသက်ကြီးတဲ့သူတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်တော့ ထိတ်လန့်စရာတွေ ဖြစ်တာပေါ့"

မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွေမှာလည်း AA နဲ့ KIA တပ်တွေ အင်အားအလုံးအရင်းနဲ့ နေရာယူထားတဲ့အတွက် တိုက်ပွဲပြင်းထန်ဦးမယ်လို့ ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် မြစ်ကြီးနား-ဗန်းမော်ကားလမ်းကိုလည်း နှစ်ဘက်တပ်တွေက ဇူလိုင်လ ၃ ရက်နေ့ကတည်းက ပိတ်ထားတာဖြစ်လို့ လိုင်ဇာမြို့ပေါ်မှာ ကုန်ပစ္စည်းတချို့ ပြတ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

"ကုန်တွေက မရှိတာဘဲ များသွားပြီ။ ရှိတာကနည်းသွားပြီ။ ဒီလကုန်မှာဆိုရင်တော့ ကျွန်မဆိုင်မှာ ဘာမှမရှိတော့ အစားအသောက်တို့၊ ပစ္စည်းတွေလည်းနော်။ အခုတောင်မှ ပစ္စည်းလေးတွေ ထိန်းထားတာပေါ့။ ထိန်းထားတာ ပစ္စည်းမရှိတော့လို့ ဆေးလိပ်လေးတွေ၊ ဆီလေးတွေ၊ တခြားလိုတဲ့ဟာတွေ တခြားကုန် များများ လှောင်တဲ့ဆိုင်မှာ သွားယူတဲ့အခါမှာတော့ တစ်သောင်းတန်တဲ့ပစ္စည်းတွေ တစ်သောင်းနှစ်ထောင်ဖြစ်သွားပြီး ဒါတောင်မှ ကိုယ်လိုသလောက် မပေးဘူး။ သူတို့ရောင်းဖို့ ချန်ရဦးမယ်လို့ ပြောပါတယ်"

တိုက်ပွဲကြောင့် မြစ်ကြီးနား-လိုင်ဇာ ခရီးသွားတဲ့ ပြည်သူတွေပါ ပိတ်မိနေသလို နမ်ဆန်ယန်ဒေသခံတစ်ထောင်ကျော်လည်း ဇူလိုင်လ ၃ ရက်နေ့ကတည်းက မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ လိုင်ဇာဆီ ထွက်ပြေးသွားခဲ့ရပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးသွားကြသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာဒေသခံများ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ နေအိမ်မှ ပစ္စည်းများ လာသယ်ယူကြစဉ်။ (Photo: RFA)
တိုက်ပွဲကြောင့် ထွက်ပြေးသွားကြသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာဒေသခံများ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှာ နေအိမ်မှ ပစ္စည်းများ လာသယ်ယူကြစဉ်။ (Photo: RFA)

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲအခြေအနေတွေ သူ မသိဘူးလို့ ပြောပါတယ်။

"တိုက်ပွဲက ကျွန်တော်မသိဘူးဗျ။ အရင်ကပြောထားသလို ကျွန်တော်တို့ကတော့ အခုပြေးလာတယ်ပေါ့နော်။ အဲဒီဘက်က ဟိုဟာဖြစ်လာတဲ့ ပြည်သူတွေကိုတော့ ကျွန်တော်တို့ ဟိုဟာလုပ်နေတယ်။ ဆန်ထောက်ပံ့လိုက်၊ ဆီထောက်ပံ့လိုက်၊ ပိုက်ဆံထောက်ပံ့လိုက်၊ သွားကြည့်လိုက် တောက်လျှောက် ကျွန်တော်တို့ လုပ်ပေးနေတယ်"

မြန်မာ့အရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောကတော့ စစ်ကောင်စီဟာ အခြားဘက်မှာ အထိနာလို့ KIA ဘက်ကို ဖြည့်‌နေတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"စစ်တပ်က စစ်ကိုင်းတို့ ဘာတို့မှ အထိနာနေတော့ သူတွက်တာ စစ်ကိုင်းတို့ဘာတို့ PDF တွေကို KIA သိပ်ပြီးတော့လို့ အားပေးလို့လို့ တွက်ပုံရတယ်။ အဲဒါကြောင့်မို့ ကေအိုင်အေဘက်ကို ဖြည့်တိုးတယ်လို့ ထင်တယ်။ ဟိုဘက်မှာ သူတော်တော် အထိနာနေတာကိုနော်။ ဒါပေမဲ့ ကျွန်မထင်တာ သူတို့ လိုင်ဇာသိမ်းနိုင်တဲ့အထိတော့ မဖြစ်နိုင်ပါဘူး။ တရုတ်ကတော့ တတ်နိုင်သမျှ အေးအေးချမ်းချမ်းဖြစ်ဖို့ ဟိုဒင်းပြုနေတာပဲ။ ကျွန်မကြည့်တာ ဒီလိုတော့ရှိတယ်ဗျ။ သူနဲ့နယ်ချင်းစပ်နေတဲ့ ဒေသတွေပေါ့နော်၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဒေသတွေကို တရုတ်က အကျခံမှာမဟုတ်ဘူးထင်တယ် ကြည့်ရတာ"

ဇူလိုင်လဆန်းပိုင်းကစတင်ပြီး KIA ဌာနချုပ် လိုင်ဇာအနီးမှာသာမကဘဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တိုက်ပွဲဖြစ်နေတာ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။