တိုက်ပွဲပြင်းထန်နေတဲ့ မယ်စဲ့နဲ့ဖားဆောင်းမှာ ဒုက္ခသည် သုံးထောင်ဝန်းကျင် ပိတ်မိနေ

RFA Burmese
2023.07.11
တိုက်ပွဲပြင်းထန်နေတဲ့ မယ်စဲ့နဲ့ဖားဆောင်းမှာ ဒုက္ခသည် သုံးထောင်ဝန်းကျင် ပိတ်မိနေ ထိုင်းနိုင်ငံဘက်သို့ ခိုဝင်လာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကောင်စီတပ်ဟာ ထိုင်း-မြန်မာနယ်စပ်၊ ကယားပြည်နယ်က မယ်စဲ့မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဝေဟင်ရော မြေပြင်ကပါ ထိုးစစ်ဆင်နေသလို သံလွင်မြစ်ကမ်းစပ် ဖားဆောင်းမြို့နယ်ကနေလည်း ထိုးစစ်ဆင်နေတာကြောင့် နေ့စဉ်တိုက်ပွဲဖြစ်နေပြီး ဒေသခံတွေပါ ပိတ်မိနေတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒေသခံ ၃၅၀၀ ဝန်းကျင်ကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် စစ်ဆေးရေးဌာနက ကူညီပေးထားပါတယ်။

လတ်တလောတိုက်ပွဲတွေကြောင့် ဖားဆောင်းနဲ့ ဒီးမော့ဆိုမြို့ဘက်ကနေ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံထဲဝင်မရလို့ နေရပ်ပြန်ကြတဲ့ ဒုက္ခသည် သုံးထောင်ဝန်းကျင်ကတော့ တိုက်ပွဲကြားမှာ ပိတ်မိနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“မယ်စဲ့ဒေသ ဖားဆောင်း ရွာသစ်ဘက်ပေါ့နော် စစ်ရှောင်တွေက သူတို့ရဲ့ ရည်ရွယ်ချက်က ထိုင်းဘက်ကို ပြေးဖို့တော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ မယ်စဲ့တိုက်ပွဲဖြစ်ပြီး တစ်ပတ်လောက်ကြာတော့ ထိုင်းဘက်က ဒုက္ခသည်တွေကို လက်မခံတော့ဘူး။ အဲဘက်ကို သွားမယ့်လူတွေက တစ်ပတ်ကျော်နှစ်ပတ်လောက် တောထဲမှာ ခံသွားတယ်ပေါ့။ တိုက်ပွဲနည်းနည်းငြိမ်တော့ ဒီးမော့ဆိုဘက်ကို ပြန်လာတဲ့ စစ်ရှောင်တွေရှိသလို တောထဲတောင်ထဲမှာ ကျန်နေခဲ့တဲ့ စစ်ရှောင်တွေလည်း ရှိနေသေးတယ်။ ကျွန်တော်တို့ ခန့်မှန်းရသလောက်ဆိုရင် နှစ်ထောင်နဲ့ သုံးထောင်ကြားမှာ ရှိမယ်ပေ့ါနော်။"

ဒါ့အပြင် တိုက်ပွဲတွေ စဖြစ်ကတည်းက ထွက်ပြေးနေသူတွေကလည်း နယ်စပ် BP-14 ဒုက္ခသည်စခန်းမှာ နှစ်ထောင်ကျော်နဲ့ BP-13 ဒုက္ခသည်စခန်းမှာ နှစ်ထောင်ဝန်းကျင် ရှိနေတယ်လို့ ကရင်နီစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

ထိုင်းဘက်ရောက်နေတဲ့ ဒုက္ခသည်တွေက စားဝတ်နေရေး အဆင်ပြေပေမယ့် နယ်စပ်မှာ ကျန်နေတဲ့ ဒုက္ခသည်တွေဆီ အကူအညီတွေ ပို့ဆောင်ဖို့ ခက်ခဲနေတယ်လို့ ကရင်နီအမျိုးသမီး အစည်းအရုံး KNWO အဖွဲ့ အတွင်းရေးမှူး မူရီးက RFA ကိုပြောပါတယ်။

“သူတို့က နယ်စပ်တစ်နေရာမှာ ခံနေတယ်။ ဒီလိုခံနေတော့ သူတို့လိုအပ်တဲ့ စားနပ်ရိက္ခာတွေ အတွက် အဲအထိပေါ့ ကျွန်မတို့လည်း အဲအထိ ဝင်သွားလို့ မရဘူးပေါ့နော်။ အဲမှာ တိုက်ပွဲလည်း ဖြစ်နေတယ်ဆိုတော့ ဘယ်သူမှလည်း သွားလို့ မရဘူးပေါ့နော်။ လိုအပ်ချက်ကတော့ နေရာထိုင်ခင်းလိုမယ်။ ဆေးဝါးပိုင်း လိုမယ်ပေါ့နော်။ မိုးတွင်း အချိန်ဆိုတော့ အမိုးအကာတို့က လိုအပ်မယ် ပြီးတော့ စားနပ်ရိက္ခာလိုမယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေအတွက်ဆိုရင်လည်း လိုအပ်ကြမှာပေါ့နော်”

စစ်ကောင်စီဘက်ကတော့ မယ်စဲ့ဒေသတိုက်ပွဲမှာ စခန်းကုန်းအချို့ ပြန်လည် သိမ်းပိုက်နိုင်ကြောင်းသာ သတင်းထုတ်ပြန်ထားပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံတွေ အခြေအနေကိုတော့ မထုတ်ပြန်ပါဘူး။

"မိုးတွင်း အချိန်ဆိုတော့ အမိုးအကာတို့က လိုအပ်မယ် ပြီးတော့ စားနပ်ရိက္ခာလိုမယ်။"

ဒုက္ခသည်တွေ အကူအညီလိုနေတဲ့အပေါ် စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးနဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ တိုက်ပွဲကြား ပိတ်မိနေသူတွေ စားနပ်ရိက္ခာ ပြတ်လပ်ပြီး သေဆုံးရတဲ့အဆင့်မျိုးထိ မရောက်အောင် ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။

“ လမ်းကြောင်းတွေ မပေါက်ဘူးပေါ့နော် စစ်ရေးအရလည်း နောက်ပြီးတော့ ဒီဘက် တောက်လျှောက်မှာ စစ်ကောင်စီက ဗုံးကြဲမှုတွေ လုပ်နေသလို တိုက်ပွဲတွေကလည်း မစဲသေးဘူးပေါ့နော် အဲဒီအတွက်ကြောင့်မို့ ပိတ်မိနေတယ်လို့တော့ ကျွန်တော်တို့ ပြောလို့တော့ရပါတယ်။ ပြည်တွင်းမှာ ပိတ်မိနေတဲ့ အဖွဲ့တွေကတော့ တော်တော်လေး ကူညီပေးရတာ ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်သလောက် အချိတ်အဆက်တွေနဲ့ လုပ်နေတာရှိပါတယ်။ ကျွန်တော်တို့ရဲ့စံကတော့ ငတ်ပြတ်မှု ကနေ သေဆုံးမှုကို အဖြစ်မခံဘူးဆိုတဲ့စံနဲ့ ဝိုင်းဝန်းကူညီနေတာ ရှိပါတယ်ခင်ဗျ ”

လက်ရှိ စစ်ကောင်စီတပ် ပြန်လည်သိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်ထဲက ပန်တိန်းဗျူဟာကုန်း တစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မြေပြင်တိုက်ပွဲမှာ ပါဝင်ပေမယ့် အမည်မဖော်လိုတဲ့ ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်သို့ ခိုဝင်လာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ထိုင်းနိုင်ငံဘက်သို့ ခိုဝင်လာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

“မယ်စဲ့အခြေအနေက လောလောဆယ်မှာ ပန်တိန်းစခန်းကုန်းမှာပဲ သိမ်းလိုက် ဆုတ်လိုက် သိမ်းလိုက် ဆုတ်လိုက်ပါပဲ။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ဖားဆောင်း ၁၂ မိုင်ကုန်းဘက်မှာရော အဲဘက်မှာရော တိုက်ပွဲတွေ ပြင်းထန် နေတုန်းပဲပေါ့နော်။ အဓိက ဖားဆောင်းထိုးစစ်ဆင် တိုက်ပွဲဖြစ်နေတာကလည်း အဲဒီမယ်စဲ့ ပန်တိန်းဗျူဟာကုန်းဘက်ကို စစ်အင်အား ဖြည့်ဖို့သွားကြတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းမှာလည်း ကာကွယ်ရေး ဘက်တွေကလည်း ပြန်တိုက်တယ်၊ ပြန်ဆုတ်တယ် အဲလိုပဲသွားနေကြတာပေါ့ ”

မယ်စဲ့အထဲမှာရှိတဲ့ BP-13၊ BP-14၊ BP-15 မယ်တနွယ်စခန်း၊ BP-16 တောင်လှစခန်း၊ မယ်စဲ့မြို့မရဲစခန်းနဲ့ မယ်စဲ့ ဗျူဟာကုန်းစခန်းတွေကို ကရင်နီတပ်မတော် KA၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မတော် KNDF ပူးပေါင်းအဖွဲ့တွေ ဇွန်လ ၁၃ ရက်ကစပြီး တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ ကွန်မန်ဒိုစစ်ဆင်ရေးတွေ အသုံးပြုပြီး ဆုံးရှုံးသွားတဲ့ နေရာတွေကို ဇွန်လ ၂၇ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဇွန် ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဇူလိုင်လ ၅ ရက်ထုတ်ပြန်ချက်အရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်ထဲမှာ ဇွန်လအတွင်း တိုက်ပွဲခြောက်ကြိမ်ဖြစ်ခဲ့ပြီး ကယားပြည်နယ်ထဲက လွိုင်ကော်၊ ရှားတော၊ ဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်ထဲမှာလည်း တိုက်ပွဲ ၁၇ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။