ကယားမှာ လူတစ်သောင်းနီးပါး အကြိမ်ကြိမ် စစ်ရှောင်နေရ
2023.10.16

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကယားပြည်နယ် ဖရူဆို - ဘောလခဲ လမ်းတစ်လျှောက်က ကျေးရွာတွေကို လတ်တလောရက်ပိုင်းအတွင်း အဆက်မပြတ် တိုက်ခိုက်နေတဲ့အတွက် ဖရူဆိုမြို့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း က လူထောင်ပေါင်းများစွာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဖရူဆိုမြို့နယ်က ပြည်သူတွေဟာ အဲဒီဒေသမှာ လက်နက်ကိုင်တော်လှန်မှုတွေ စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လ လောက်ကတည်းက မြို့အနောက်ခြမ်းနဲ့ အရှေ့ခြမ်းမှာ ဖြစ်သလို စစ်ရှောင်နေရတာ ဖြစ်ပါတယ်။
အခု အဲဒီနေရာတွေကို စစ်တပ်က အောက်တိုဘာ ၄ ရက်ကနေ ၁၅ ရက် ညနေပိုင်းအထိ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို လေကြောင်းကပါ တိုက်ခိုက်နေတဲ့အတွက် ကျေးရွာနေ အရပ်သားတွေနဲ့ အနီးအနား ဒုက္ခသည်စခန်းက လူတစ်သောင်းနီးပါး တောစပ်နဲ့ တောင်ပေါ်ကို ထပ်မံပြောင်းရွှေ့နေရတာလို့ စစ်ဘေး ဒုက္ခသည် မဖောက ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်ခံရတာလည်း ရှိတယ်။ လက်နက်ကြီး ပစ်ခတ်ခံရတာလည်း ရှိတယ်။ ဒီဖရူဆို အရှေ့ ဘက်အခြမ်းကို ပစ်တာပေါ့။ ကျေးရွာမှာရှိတဲ့သူတွေကတော့ ထပ်ပြီးတော့ စစ်ရှောင်နေရတယ် ပေါ့နော်။ သူတို့က နေ့တိုင်း ပစ်တာပေါ့နော်၊ တစ်ခါတလေကျရင် ရွာထဲကျတာ ရှိတယ်။ ရွာကိုကျော်ပြီး တောင်ပေါ်ကို ကျတာလည်းရှိတယ်။ အဲဒီလက်နက်ကြီးကျတဲ့ နီးစပ်တဲ့ရွာတွေက စစ်ရှောင်တွေရော၊ ကျေးရွာခံတွေရော ဆိုတော့ အရေအတွက်က ကိုးထောင်၊ တစ်သောင်းလောက် ဖြစ်သွားမှာ”
စစ်ကောင်စီတပ်တွေဟာ ဖရူဆိုအခြေစိုက် အမှတ် ၁၄ တန်းမြင့် လေ့ကျင့်ရေး ကျောင်းဝင်းထဲကနေ ဖရူဆို မြို့နယ်ထဲက ကေးလျား၊ ဒေါခူနီ၊ ပလလဲ၊ လျားဒူ၊ နန့်ဖဲ စတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ် နေတာလို့ သူက ဆိုပါတယ်။
“လေကြောင်းတိုက်ခိုက်ခံရတာလည်း ရှိတယ်။ လက်နက်ကြီး ပစ်ခတ်ခံရတာလည်း ရှိတယ်။ ဒီဖရူဆို အရှေ့ ဘက်အခြမ်းကို ပစ်တာပေါ့။ ကျေးရွာမှာရှိတဲ့သူတွေကတော့ ထပ်ပြီးတော့ စစ်ရှောင်နေရတယ်ပေါ့နော်"
ကယားပြည်နယ် ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့ကို စစ်ကူပို့ရာမှာ အရေးပါတဲ့ ဘောလခဲ-ဖရူဆို လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က ကြိုးစားနေတာလို့ ဒေသအခြေစိုက် ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ လွိုင်ကော်ကနေ အားဖြည့်လာတဲ့ စစ်ကားအစီး ၆၀ ပါ ယာဉ်တန်းဟာ ဖရူဆိုမြို့က အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး ကျောင်းကို ရောက်နေတာ တစ်ပတ်ကျော်နေပြီလို့ ဆိုပါတယ်။
ကရင်နီ ကာကွယ်ရေးတပ်တွေကလည်း မယ်စဲ့ကိုသွားမယ့် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် နေတာကြောင့် တိုက်ပွဲတွေက နေ့စဉ်လိုလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ဖက်နဲ့ တစ်ဖက် အနိုင်ရရေး ကြိုးစားတဲ့ကြားမှာ ဖရူဆိုဒေသခံတွေ ကြားညှပ်ပြီး နေ့တိုင်း လက်နက်ကြီးနဲ့ အပစ်ခံနေရတယ်လို့ စစ်ဘေးဒုက္ခသည် ကိုကယန်းလေး က ပြောပါတယ်။
“သူတို့က အဲဒီမှာ အပြန်အလှန် တိုက်ပွဲတွေက ပြင်းထန်နေတာပေါ့လေနော်။ မြေပြင်ထိုးစစ်က အပြင်းအထန် ဖြစ်ကြတယ်။ ဒီမြေပြင်ထိုးစစ်က မနိုင်လို့ လေကြောင်းကလာပြီး ပစ်ခတ်မှုတွေလည်း ရှိတာပေါ့လေနော်။ သူတို့ရဲ့ ဦးတည်ချက်ကတော့ အဓိက မယ့်စဲမြို့ကို သွားပြီးတော့မှ အထိုင်ချနိုင်ဖို့ အဓိကသွားတဲ့ စစ်ကြောင်းဖြစ် တယ်။ အဲတော့ အခုနပြောတဲ့ လေကြောင်းကနေ လာပြီးတော့မှ ပစ်ကူတာတွေ၊ ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာ တွေကို လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းဆောင်တွေ၊ အိုးအိမ်တွေ ပျက်စီးရတာတွေ ရှိတယ်။ တောက်လျှောက် ကျေးရွာတွေကို လက်နက်ကြီး ထုတယ်ပေါ့လေနော်။ အမှတ် ၁၄ ကနေ ထုတာပေါ့လေနော် နေ့တိုင်း ထုတာပေါ့”
အခုလ ၇ ရက်နေ့က အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းကနေ လက်နက်ကြီး လေးလုံး ပစ်ခတ်ရာမှာ နှစ်လုံးက လူ ၁၀၀ လောက်နေထိုင်တဲ့ ဖရူဆိုအရှေ့ဘက်ခြမ်းက ဒုက္ခသည်စခန်းအနီးကို ကျရောက် ပေါက်ကွဲ ခဲ့ပြီး အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က အဲဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ်။
ကလေးကို သင်္ဂြိုဟ်ဖို့ လုပ်နေချိန် ကျေးရွာထဲ နောက်ထပ် လက်နက်ကြီးငါးလုံး ထပ်ကျလာတာကြောင့် ဒေသခံ တွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တောစပ်နဲ့ တောင်ပေါ်ကို ချက်ချင်း တိမ်းရှောင်ခဲ့ရတာလို့ ဒေသခံတွေ က ပြောပါတယ်။
အခုလ ၄ ရက် ညပိုင်းကလည်း ဖရူဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဂျက် လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် လေးလုံးအပါအဝင် အဆောက်အအုံ ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညား က ပြောပါတယ်။
ပြည်နယ်က ကျဉ်းမြောင်းပေမယ့် စစ်ပွဲက နေရာအနှံ့ဖြစ်နေတာမို့ ဒုက္ခသည်တွေ တစ်နေရာကနေ တစ်နေရာကို ထပ်မံပြောင်းရွှေ့ဖို့ အတော်ခက်ခဲတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညား က ပြောပါ တယ်။
“ကျွန်တော်တို့ရဲ့ ပြည်နယ်က ကျဉ်းတော့ ပြေးမယ်ဆို လမ်းရဲ့အနောက်ဘက် အခြမ်းကိုပဲ ဆက်ပြေးရမှာပေါ့။ ဒါပေမဲ့ အဲဒီကို ပြေးဖို့အတွက် မိုးလည်း ရွာထားတာလည်းပါတယ်၊ တချို့နေရာမှာ သွားဖို့လာဖို့အတွက်က ယာဉ်တွေ မလုံလောက်တာတွေ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲတာတွေပေါ့နော်။ နောက်ပြီးတော့ ဘယ်မှာ သွားနေမလဲဆိုတာလည်း တော်တော်လေး စဉ်းစားရကျပ်တယ်။ ရေပြဿနာလည်း ရှိတယ်။ မိုးရွာသလောက် တချို့နေရာတွေမှာ ရေမရှိဘူးလေနော်။ အဲဒါကြောင့် ဘယ်ကိုပြေးရမလဲမသိတဲ့ အခက်အခဲကြုံရတာရှိတယ် ပေါ့နော်။ သူ့စခန်းကနေ တခြား နောက်တစ်နေရာ ထပ်ရွှေ့ ဖို့ ခက်ခဲတဲ့ ပုံစံမျိုးဖြစ်နေလို့ပါ”
အပြည့်အဝ ကူညီမယ့်သူလည်း မရှိတာကြောင့် ဒုက္ခသည်တွေဟာ ထွက်ပြေးလိုက်၊ ပြန်လာလိုက်နဲ့ အကြိမ်ကြိမ် စစ်ရှောင်နေရတယ်လို့ ကရင်နီ အမျိုးသမီးအစည်းအရုံး၊ အတွင်းရေးမှူး (၂) မော်ဖရေးမြာက ပြောပါတယ်။
“အကူအညီကတော့ ချက်ချင်း ကူတဲ့အဖွဲ့ကတော့ သိပ်မရှိဘူးလေနော့်။ ဒိုနာတို့၊ NGO တို့ကလည်း မရှိဘူး ဆိုတော့ ဒေသအခြေပြု အရပ်ဘက်အဖွဲ့တွေကပဲ ကြံဖန်ပြီးတော့မှ ဝိုင်းဝန်းပြီး ဖြေရှင်းရတဲ့ ပုံစံမျိုးပဲ ရှိတာပေါ့။ အရှေ့အခြမ်းက ရှောင်တဲ့ရွာတွေကျတော့ စစ်တပ်နဲ့ နီးကပ်တဲ့ အုပ်စုဖြစ်တယ်၊ လက်နက်ကြီးက သူတို့အုပ်စုဘက်ကို ပုံမှန် ထုလာတာမျိုးတွေရှိတယ်။ အဲလိုဆိုတော့ ပြန်လာနေလိုက်၊ သွားလိုက်။ အဲလိုမျိုး တော့ မကြာခဏ ဖြစ်တာပေါ့နော်၊ ဆိုတော့ နှစ်ကြိမ်၊ သုံးကြိမ်မက ရှိပြီပေါ့”
ကယားပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေဟာ နယ်စပ် မယ်စဲ့ကို ထိန်းချုပ်နိုင်ဖို့ ချီတက်ရာမှာ အရေးပါတဲ့ နယ်မြေတွေဖြစ်တာကြောင့် တစ်ဖက်နဲ့ တစ်ဖက် နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားရင်း တိုက်ပွဲဖြစ်နေတာ နှစ်လနီးပါး ရှိနေပြီလို့ ကရင်နီ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ပြောခွင့်ရသူ ရဲဘော် လောရင်းစိုး က ပြောပါတယ်။
“တိုက်ပွဲကတော့ ဒီအတိုင်းပဲဗျ။ ဖရူဆိုဘက်ကနေ ထိုးလာတဲ့ဟာက မရောက်နိုင် သေးဘူး။ ကျွန်တော်တို့ ဒီမှာ ပူးပေါင်းတပ်ဖွဲ့တွေက ဖရူဆိုမှာ ကာထားတယ်။ အဓိက သူတို့ မယ်စဲ့ကို ထိုးမှာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ မယ်စဲ့ကို မထိုးနိုင်အောင်တော့ ကာထားတယ်။ တိုက်ပွဲကတော့ ကြိုးကြားကြိုးကြားကို ဖြစ်နေတာ ပုံမှန်ပဲ”
ဒီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည် ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပေါင်း ၈၂၂ ကြိမ် ဖြစ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF က အခုလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးနောက် လပေါင်း ၃၀ အတွင်း ကယားပြည်နယ်မှာ လူ ငါးရာကျော် သေဆုံးခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲကျော်ရှိနေကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။