စစ်ကောင်စီ ကန့်သတ်မှုကြောင့် ကရင်နီဒုက္ခသည်တွေ အခက်တွေ့
2023.05.02

ကယားပြည်နယ်အတွင်းကို ကုန်စည်တင်ပို့နေတဲ့ ရှမ်း-ကယားနယ်စပ် ပင်လောင်း-လွိုင်ကော် လမ်းပိုင်း၊ ဆီဆိုင်-လွိုင်ကော် လမ်းပိုင်းနဲ့ တောင်ငူ-လွိုင်ကော် ကုန်သွယ်ရေး လမ်းကြောင်းတွေကနေ ဆန်နဲ့ စက်သုံးဆီ သယ်ယူမယ်ဆိုရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်ယူရမယ်ဆိုပြီး ကန့်သတ်လိုက်တဲ့အတွက် ဒုက္ခသည်တွေ စားနပ်ရိက္ခာ သယ်ယူရေးအပိုင်းမှာ ပိုမိုခက်ခဲလာတယ်လို့ ကရင်နီ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
"ရိက္ခာပြတ်လပ်မှုတွေပိုပြီး ကြုံလာရမယ့်အနေအထားကို ရောက်လာနိုင်တယ်”
မတ်လ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီဘက်က ဆန်နဲ့ စက်သုံးဆီသယ်ယူမှုတွေကို ပိုတင်းကျပ်လာပြီး ဧပြီလအတွင်းမှာတော့ ဆန်သယ်ယူတဲ့ ကားတွေကိုပါ ဖမ်းဆီးတာတွေ အထိ လုပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကရင်နီ လူသားချင်းစားနာမှု ဆိုင်ရာ ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“ရိက္ခာပိုင်းနဲ့ ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းက တော်တော်လေးကို အခက်အခဲဖြစ်နေပြီပေါ့နော်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း ဆန်တင်တဲ့ လမ်းကြောင်းက ဆန်ကားတစ်စီးကို ဖမ်းလိုက်တာပေါ့နော်။ ဆန်ကားတစ်စီးကို ဖမ်းဆီးလိုက်တော့ သယ်ယူမယ့် ကုန်သည်တွေဘက်က မသယ်ယူရဲတဲ့အခါကျတော့ ဆန်ဈေးတွေကလည်း တအားတက်လာပြီပေါ့နော့်။ တခြားအလှူရှင်တွေကလည်း မရှိသလောက် အတော်လေးကို နည်းပါလာတာပေါ့နော့်။ ရိက္ခာပြတ်လပ်မှုတွေပိုပြီး ကြုံလာရမယ့်အနေအထားကို ရောက်လာနိုင်တယ်”
လွိုင်ကော်ကနေ ဒီးမော့ဆို၊ ဖရူဆိုမြို့တွေကို ဆန်သယ်ယူမယ်ဆိုရင် မိသားစုတစ်စုကို တစ်အိတ်၊ နှစ်အိတ် နှုန်းနဲ့သာသယ်ခွင့်ရပြီး ပြန်ရောင်းချမယ့် ကုန်သည်တွေအနေနဲ့လည်း အိတ်အရေအတွက် တင်ပြပြီး အကန့်အသတ်နဲ့ သယ်ယူရတာကြောင့် ဒီးမော့ဆို၊ ဖရူဆိုမြို့တွေဘက်ရာက်ရင် ဆန်ဈေးက နှစ်ဆလောက် တက်သွားတယ်လို့ လွိုင်ကော်မြို့ခံတစ်ဦး က ပြောပါတယ်။
ဒီလိုစားသောက်ကုန်တွေ ကန့်သတ်ခံရတာကြောင့် ဆန်နဲ့ စားသောက်ကုန်ရောင်းတဲ့ ဈေးကားတွေမလာနိုင်တော့တဲ့အတွက် ဒုက္ခသည်တွေဟာ ရှိတဲ့တောင်ယာဆန်ကိုပဲ မျှဝေပြီးစားနေကြရတယ်လို့ ဖရူဆိုဒုက္ခသည် စခန်းမှာနေထိုင်တဲ့ မဖူးမော်က ပြောပါတယ်။
“ဒီစားသောက်ကုန်တွေ သူတို့ပိတ်ချလိုက်တာတို့ ကန့်သတ်ချက် လုပ်လိုက်တာတို့ ကြောင့်မို့လို့ပေါ့နော် စစ်ရှောင်တွေက တော်တော်လေး ရိက္ခာပြတ်လပ်နေတဲ့ အပိုင်းမှာရှိနေတယ်။ အထူးသဖြင့်တော့ ဆန်ပေါ့နော်၊ ဆန်ဆိုရင် တချို့ရွာတွေမှာ လိုက်ပြီးတော့ ချေးငှားပြီး စားသောက်စားနေရတာတွေ လုပ်နေရတယ်ပေါ့နော့်။ ကုန်ခြောက်ဆိုရင် လုံးဝမရှိတော့ဘူးပေါ့နော့်။ ရှိတယ်ဆိုရင်လည်း တော်တော့်လေးကို ဈေးနှစ်ဆ၊ သုံးဆကွာပြီးတော့မှပဲ ကျွန်မတို့ စစ်ရှောင် ဒီအထိ ရောက်လာတယ်ပေါ့၊ အဲလိုတော့ရှိနေတယ်။ ဆန်ဆိုရင် ဈေးအနည်းဆုံးကို ခုနစ်သောင်းခွဲလောက်နဲ့ ဝယ်ရတယ်ပေါ့။ ဒါက အညံ့ဆုံးဆန်လို့ ပြောရမှာပေါ့။ ဒါတောင်မှ ဒီရွာထဲက အချင်းချင်းက သူတို့စပါးလုပ်ထားတဲ့ဟာတွေ ကြိတ်ပြီးတော့မှ ရောင်းတာဆိုတော့ အဲလောက်ဈေးနဲ့ဖြစ်တာပေါ့။ဆ န်ကတော့ မဝင်တာတော့ တော်တော်ကြာပြီ”
ကယားပြည်နယ်အတွင်းမှာ လူဦးရေ သုံးသိန်းဝန်းကျင်နေထိုင်ပြီး တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ လူဦးရေက နှစ်သိန်းဝန်းကျင်အထိရှိနေတာကြောင့် ပြည်နယ် လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတာလို့ ကရင်နီ စစ်ဘေးဒုက္ခသည် အရေးကူညီပေးနေသူတွေက ပြောပါတယ်။
ဒီဒုက္ခသည်တွေထဲမှာ အများစုက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းက တောတောင်တွေထဲကို ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ကယားပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ မူလက ထွက်ပြေးနေရတဲ့ ဒုက္ခသည် တစ်သောင်းနှစ်ထောင် ဝန်းကျင်ရှိနေရာကနေ စစ်အာဏာသိမ်းပြီး ထပ်မံထွက်ပြေး လာသူတွေ တိုးလာလို့ ဒုက္ခသည် နှစ်သောင်းဝန်းကျင်အထိရှိနေပြီလို့ ကရင်နီ စစ်ဘက်ရေးရာ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ခူးညေးရယ်က ပြောပါတယ်။
အဲဒီဒုက္ခသည်တွေဟာ နယ်စပ် ဒေါနခူးဒုက္ခသည်စခန်းနဲ့ ထိုင်း-မြန်မာ နယ်စပ်မျဉ်းအမှတ် ဘီပီ - ၁၃၊ ၁၄ စတဲ့ နေရာတွေမှာ ခိုလုံနေကြရတာလို့ ဆိုပါတယ်။ နယ်စပ်မှာတိုက်ပွဲတွေ ဖြစ်တာအပြင် ဒုက္ခသည်တွေ ထပ်တိုးလာတဲ့ အခြေအနေကြောင့် ထိုင်းနိုင်ငံဘက်က မတ်လ နောက်ဆုံးအပတ်ကစပြီး စားနပ်ရိက္ခာ သယ်ယူရေးကို ကန့်သတ်လာလို့ အာဏာ သိမ်းပြီးနောက် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် အစားအသောက်ရရှိရေးမှာ အခက်အခဲဖြစ်ကြတယ်လို့ ခူးညေးရယ်က ပြောပါတယ်။
“ဒုက္ခသည်ဆိုတာက ကျွန်တော်တို့ အရင်တုန်းကတည်းကနေတဲ့ ဒုက္ခသည်တွေကတော့ တရားဝင်သယ်လို့ရတယ်။ ခက်နေတာက အခုစစ် ဘေးရှောင်တွေပေါ့ ထွက်လာတဲ့ လူသစ်ကိစ္စတွေ။ အဲဒါက ထိုင်းရဲ့ပေါ်လစီအရ အဟောင်းတွေနဲ့ ရောထွေးတာတို့၊ နယ်စပ်ဖြတ်ကျော်ပြီးမှ လာတာတို့ ဘာတို့ဆို သိပ်မကြိုက်တော့ ဟိုးနယ်စပ်အတွင်း ဘက်မှာ နေရတယ်။ ဒေါနခူး အပေါ်မှာပေါ့။ ဒေါနခူးလို မျိုးနှစ်ခုသုံးခုရှိတယ်။ ကျွန်တော်တို့ နယ်စပ်မှာလေ။ တစ်ခါတလေ ကျွန်တော်တို့ နယ်စပ်မှာ တိုက်ပွဲတွေ ဘာတွေဖြစ်တယ်ဆိုရင် စ.က.စ က သူ့ကို ဖိအားပေးတာလားတော့ မသိဘူးပေါ့ ။ တစ်ခါတစ်ခါ ပိတ်တယ်။ အခုဆို ပိတ်တာကြာပြီ တစ်လလောက်ရှိပြီ၊ အခုမှ ပြန်ဖွင့်တယ်”
ထိုင်းဘက်က ပြန်ဖွင့်တဲ့ လမ်းကြောင်းတွေကနေ သယ်ဆောင်မယ့် ဆန်နဲ့ စားသောက် ကုန်တွေ၊ စက်သုံးဆီ အရေအတွက်ကိုပါ စာရင်းပေးပြီး သယ်ဆောင်နေရတာကြောင့် တိုးလာတဲ့ ဒုက္ခသည်တွေ စားသောက်ရေးအတွက် အတော်လေး ရုန်းကန်နေကြရတယ်လို့ ခူးညေးရယ်က ပြောပါတယ်။
လက်ရှိကယားပြည်နယ်အပေါ် စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ်ပုံစံ ကျင့်သုံးနေတာ ကြောင့် ဒုက္ခသည်တွေ စားနပ်ရိက္ခာရရှိရေးကိုပါ ထိခိုက်လာနေလို့ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီ ပိုပြီးလိုအပ်လာနေပြီလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညားက ပြောပါ တယ်။
ဒါပေမဲ့ လက်ရှိမှာ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီပေးမှုဟာလည်း စစ်ကောင်စီခွင့်ပြုတဲ့ မြို့ပေါ်နေရာလောက်သာရရှိပြီး ဒုက္ခသည်တွေ အလုံးအရင်းနဲ့ရှိနေတဲ့ နေရာအထိ မရောက်နိုင်တဲ့အတွက် ဒုက္ခသည်အားလုံး တူညီတဲ့ အကူအညီရရမယ်ဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စံသတ်မှတ်ချက်နဲ့ မညီသလိုဖြစ်နေတယ်လို့ ကိုဗညားက ထောက်ပြပါတယ်။
“ဒီ လွိုင်ကော်မြို့ပေါ်မှာ ရောက်နေတဲ့ တချို့ဘာသာရေး အဆောက်အအုံမှာနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ NRC တွေပါတယ်၊ ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့တွေ ပါတယ်ပေါ့နော်။ တချို့အဖွဲ့က ပညာပေးလုပ်ငန်းတွေ လုပ်ပေးတယ်။ တချို့အဖွဲ့က စားနပ်ရိက္ခာ လာပေးတာပေါ့နော်။ ဒါပေမဲ့ တခြားတစ်ဖက်မှာက ဒီးမော့ဆိုတို့ ဖရူဆိုတို့ဘက်မှာ ရောက်နေတဲ့ စစ်ဘေးရှောင်တွေကိုတော့ ဘာမှမကူညီ နိုင်ဘူးပေါ့နော့်။ တစ်ချိန်တည်းမှာပဲ နယ်စပ်ကိုရောက်သွားတဲ့ စစ်ဘေးရှောင်တွေ ကလည်း ထောင်ဂဏန်းကျော်သွားပြီ အဲဒါလည်း ဘာမှမကူညီနိုင်ဘူး။ ဆိုတော့ သူတို့ ပြောနေတဲ့ အားလုံးမျှမျှတတ ဖြစ်ရမယ်ဆိုတဲ့ဟာမျိုး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအတွက် ဘယ်လောက်ပဲလုပ်လုပ်ပေါ့။ တစ်ကယ်လက်တွေ့ စစ်ကောင်စီရဲ့ ခွင့်ပြုမှုအောက်မှာကတော့ မမျှမတတဲ့ ဘက်မလိုက်ဘဲ လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ အကူအညီပေးရမယ်ဆိုတဲ့ သူတို့ရဲ့စံချိန်ကို သူတို့ ပြန်ပြီးချိုးဖောက်နေလေ့ ရှိတယ်ပေါ့နော်။ အဲဒါကတော့ နိုင်ငံတကာ အဖွဲ့တွေကို ကျနော် ပိုပြီးမှ ထောက်ပြချင် ပါတယ်”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA တာဝန်ရှိသူကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းလုပ်ကိုင်သူတွေ တိုက်ခိုက်ခံရတာအပြင် ရှုတ်ထွေးလာတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် အကူအညီလိုအပ်နေသူတွေကို ထောက်ပံ့နိုင်ရေးမှာ ကန့်သတ်မှုတွေနဲ့ ကြုံနေရတယ်လို့ RFA ကို အီးမေးလ်ကနေတစ်ဆင့် ပြောပါတယ်။
ဒီလိုအဟန့်အတားတွေကြားကနေပဲ UN OCHA အနေနဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တော့ လူသားချင်းစာနာမှု အကူအညီတွေကို ဆောင်ရွက်နေပြီး ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ လေးသန်းခွဲကို ဦးတည်ပြီး အကူအညီပေးနေတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရဘက်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာသယ်ယူရေးကို ကန့်သတ်တယ် ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ရေးမှာ အရေးနိမ့်လာတဲ့ စစ်ကောင်စီက ကယားပြည်နယ်ကို ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးနေတာလို့ ပြောပါတယ်။
“ကယားပြည်နယ်ရဲ့ တိုက်ပွဲကတော့ဗျာ စစ်ကောင်စီအတွက်တော့ အတော်လေးကို ထိထိရောက်ရောက် ပညာပေးခံထားရတဲ့ နေရာဖြစ်တာပေါ့။ နောက်တစ်ခု ရှမ်း ကယားနယ်စပ်ကလည်း သူ့ရဲ့ နေပြည်တော် ဧရိယာနဲ့ ထိစပ်နေတဲ့ ဧရိယာဖြစ်တဲ့ အတွက် ကယားပြည်နယ်ကို ဖြစ်နိုင်သလောက်ဖြတ်လေးဖြတ် လုပ်လိမ့်မယ်လို့ ကျွန်တော်က မှန်းဆပါတယ်၊ ဒါ့ကြောင့် အခုလို လုပ်တာကလည်း မဆန်းပါဘူး”
ဒီလို ဒုက္ခသည်တွေ စားနပ်ရိက္ခာဖြတ်တောက်ခံရတဲ့ ကိစ္စအတွက် စစ်ကောင်စီရဲ့ သဘောထားကိုသိနိုင်ဖို့ ကယားပြည်နယ် စစ်ကောင်စီပြောခွင့်ရသူကို RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ မေလ ၁ ရက် မနေ့က ထုတ်ပြန်ချက် မှာ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်း ၂၆ လအတွင်း စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃၄ ဦးရှိတယ်လို့ ဖော်ပြပါတယ်။
သေဆုံးသူအများစုဟာ စားသောက်ရေး အခက်ခဲကြောင့် အဟာရပြတ်လပ်တာ၊ ဆေးဝါး မရရှိလို့ အချိန်မီဆေး မကုနိုင်လို့ သေဆုံးကြရသူတွေဖြစ်တယ်လို့ PKPF တာဝန်ရှိသူက ပြောပါတယ်။ လက်ရှိအခြေအနေတိုင်း အစားအသောက်တွေ ဆက်လက်ဖြတ်တောက် ခံနေရရင် ဒုက္ခသည်တွေ ရေရှည်မှာ စာနပ်ရိက္ခာပြတ်လပ်တဲ့အထိဖြစ်လာနိုင်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ထောက်ပြနေကြပါတယ်။