စစ်ကောင်စီရဲ့ ကယားပြည်နယ်နေ့ အခမ်းအနား တိုက်ခိုက်ခံရပြီး တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
2023.01.15

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဇန်နဝါရီလ ၁၅ ရက် မနက်ပိုင်း စစ်ကောင်စီက ကျင်းပတဲ့ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံး၊ ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ဒီပစ်ခတ်မှုမှာ အမျိုးသားတစ်ဦးသေဆုံးပြီး နောက်ထပ် အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကျောင်းသားကျောင်းသူ ခြောက်ဦး စုစုပေါင်း ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပေမယ့် အရေအတွက်အတိအကျကို မထုတ်ပြန်ပါဘူး။
ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီက လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ လွိုင်ကော်မြို့က လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ပြည်နယ်ခန်းမပေါ့ လွိုင်ကော် ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ဘေးမှာပေါ့။ ထိခိုက်တာတော့ ရှိတယ်ဗျ။ ဒါပေမဲ့ သူတို့တပ်နဲ့နီးတော့ ဘာသတင်းမှမရဘူးဗျ။ သူတို့အစီအစဉ်နဲ့ သူတို့ ခေါ်သွားတယ်ထင်တယ်။ သတင်းတော့ ကြားနေတယ်၊ ဘာမှန်းတော့ မသိရဘူးဗျ။ လောလောဆယ်တော့ ငြိမ်နေပါတယ်ဗျ။ လူသွားလူလာ နည်းနေတယ် အစစ်အဆေးတွေဘာတွေ မရှိဘူးဗျ။ ခန်းမနားမှာတော့ ရှိတာပေါ့နော်”
ဒီနေ့အခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုလုပ်ဖို့ အဖွဲ့အစည်းအတွင်း ညွှန်ကြာထားတာမရှိဘူးလို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ခူးဒယ်နီယာက RFA ကိုပြောပါတယ်။
"ကျနော်တို့ပြည်နယ်မှာ စစ်ကောင်စီက ဘာပဲဖြစ်ဖြစ် ကျနော်တို့ KNPP ၊ PDF ၊ KNDF ဒါတွေကို သူစွပ်စွဲလေ့ရှိတယ်။ ကျနော်တို့က ဒီစစ်ကောင်စီရဲ့ အခမ်းအနားကို လက်မခံပေမယ့် ဒရုန်းတွေနဲ့ သွားပစ်ဖို့၊ လက်နက်ကြီးနဲ့ ထုဖို့ဆိုတာ ဘာညွှန်ကြားချက် မှ ပေးမထားဘူး။ ကျနော်တို့ အဖွဲ့အစည်းတွေက ညွှန်ကြားချက် တစ်ခုခုရမှသာလျှင် လုပ်တတ်ပါတယ်။ ကျနော်တို့အနေနဲ့ကျတော့ ဒီလိုဖြစ်တဲ့အပေါ် ကျနော်တို့ ညွှန်ကြားချက်တစ်ခုမှ မရှိဘူးဆိုတာ ပြောချင်ပါတယ်"
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လွိုင်ကော်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လွိုင်ကော် (PDF Loikaw) ၊ Falcon Wings ဒရုန်းတပ်ဖွဲ့ တို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
"စစ်ကောင်စီပဲဖြစ်စေ ဒီဘက်က တော်လှန်ရေး အင်အားစုကပဲဖြစ်စေ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုလို့ပဲ မြင်တယ်။"
ပြည်သူ့ကာကွယ်ရေးတပ် PDF Loikaw ကတော့ စစ်ကောင်စီက ပြုလုပ်တဲ့ ကယားပြည်နယ်နေ့ အပါအဝင် လူစုလူဝေးရှိတဲ့ နေရာတွေကို မသွားကြဖို့ ဇန်နဝါရီလ ၁၃ ရက်မှာ ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် သတိပေးခဲ့ပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားကတော့ လူ့အခွင့်အရေး ရှုထောင့်အရ လူစုလူဝေးရှိတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်တာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
"လူ့အခွင့်အရေး ရှုထောင့်က ကြည့်မယ်ဆိုရင် လူစုလူဝေးရှိတဲ့ဘက်ကို ပစ်ခတ် တိုက်ခိုက်ခြင်းက စစ်ကောင်စီပဲဖြစ်စေ ဒီဘက်က တော်လှန်ရေး အင်အားစုကပဲဖြစ်စေ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုလို့ပဲ မြင်တယ်။ မလုပ်သင့်ဘူးဆိုတာက လူအများကို အားလုံးကို ထိခိုက်နိုင်တယ်၊ အားလုံးကို သေကြေပျက်ဆီးစေနိုင်တဲ့ အနေအထား တစ်ခုမှာ လူထုနဲ့ ဘက်နှစ်ဖက်ကို ခွဲခြားပြီး ပစ်ခတ်ရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်ပေါ့နော်။ အခုက အဲဒီလိုမျိုးပုံစံ အားနည်းမှုရှိတာက သတိထားရမယ့် အချက်တစ်ချက်ပေါ့နော်။ ပစ်မှတ်ကို မရှင်းတဲ့အတွက်ကြောင့်မို့လို့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဖြစ်ပေါ်စေနိုင်တယ် ဆိုတာပေါ့နော်"

လက်ရှိမှာ စစ်ကောင်စီဘက်က လွိုင်ကော်မြို့အနီး တောင်ကုန်းတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေရှိသလို တိုက်လေယာဉ်တွေလည်း ပျံဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် (PDF) ၊ ကရင်နီအမျိုးတားတိုးတက်ရေးပါတီ (KNPP) ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပေါ်နေတာပါ။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF) ရဲ့စာရင်းတွေအရ စစ်အာဏာ သိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု အပါအဝင် စစ်ရေးပဋိပက္ခတွေကြောင့် ကယားပြည်နယ်အတွင်း အရပ်သား ၄၅၅ ဦးသေဆုံးခဲ့ပါတယ်။