ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ အကျအဆုံးများဟု PDF ပြော

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.01.07
ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ အကျအဆုံးများဟု PDF ပြော ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: Karenni Nationalities Defense Force - KNDF BO1

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်မှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ခိုက်နေကြရာမှာ စစ်ကောင်စီဘက်က စစ်သား ၃ဝ ကျော်ကျဆုံးခဲ့ဲပြီး PDF တွေဖက်ကလည်း ၂ ဦးကျဆုံးတယ်လို့ KDF ကရင်နီဒီမိုကရက်တစ်တပ်ဦး တာဝန်ခံ ကိုကျော်ထက်က RFA ကို ပြောပါတယ်။

“ကျနော်တို့ မိုင်းလုံးကိုတော့ မစိုးမိုးနိုင်သေးဘူး။ ဒါပေမယ့် လက်ရှိကတော့ ကျနော်တို့တိုက်နေတုန်းပဲ။ မနက်ခင်း ၅ နာရီလောက်ကတည်းက စတိုက်လိုက်တာ။ အဲဒီမိုင်းလုံးက ဒုက္ခသည်တွေကိုလည်း အကုန်ရွှေ့ပြောင်းပေးနေရတာပေါ့။ ထိခိုက်မှုကတော့ ကျနော်တို့ဘက်က လက်ရှိ လောလောဆယ်ဆယ် KNDF ရဲဘော် ၁ ဦး ကျဆုံးပြီး ၁ ဦး ဒဏ်ရာရထားတယ် နောက်ပြီး KA တပ်မတော်က ၁ ဦး ကျဆုံးတယ်လို့ သတင်းရထားတယ်။ စကစဘက်က ၂ ရက်ပေါင်းကို ဒီ မိုင်းလုံး ရပ်ကွက်မှာတင်ပဲ ၃ဝ ကျော်လောက် ကျဆုံးတယ်။ သူတို့ ကားတွေနဲ့ အလောင်းတွေကောက်သွားတာကို ရပ်ကွက်နေပြည်သူတွေ ပြန်ပြောပြတာပေါ့။”

တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်နေတယ်လို့လည်း သိရပါတယ်။

“ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့တယ် ရမ်းသမ်းပစ်ခတ်တယ်၊ အဲဒီအတွက်ကြောင့် မိုင်းလုံးထဲမှာ သံလမ်းဘေးမှာနေတဲ့ အရပ်သား ၆ ဦး ကျတယ်လို့ သတင်းရတယ်။ ၁ ဦးကတော့ ကျနော့်ရှေ့မှာတင် အလောင်းသယ်သွားတာတွေ့လိုက်တယ်။ ကျန်တဲ့ ၅ ဦးကတော့ တခြားဘက်ကို သယ်သွားတယ်လို့ပြောတယ်။ အခုအချိန်ထိ မိုင်းလုံး ပန်ခမ်း ရွာထဲတွေမှာ ပြည်သူတွေ ပိတ်မိနေတုန်း ရှိသေးတယ်။ သူတို့က လမ်းပေါ်ထွက်တဲ့သူ အကုန်လုံးကို ရမ်းသမ်းပစ်ခတ်နေတဲ့အတွက်ကြောင့် တချို့တွေက အိမ်ပြင်မထွက်နိုင်ပဲနဲ့ အိမ်ထဲမှာပဲ ဝပ်နေရတယ် ပုန်းနေရတယ်။”

ဒီအတောအတွင်း ရှားတောမြို့နယ်မှာဖြစ်ပါးတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဖက်က တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်ခန့် မနေ့ကလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီကာကွယ်ရေး ဒုဝန်ကြီး ခူဒယ်နီယာက RFA ကိုပြောပါတယ်။

တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာကော အခြေအနေတွေ ဘယ်လို ရှိပါသလဲ။ အမည်မဖေါ်လိုတဲ့ PDF ခေါင်းဆောင်တဦးက စစ်ကောင်စီတပ်တွေကို လူတိုင်းက တိုက်ခိုက်ချင်နေကြတယ်လို့ ပြောပါတယ်။

“တပ်ရင်းက အခု ကျနော်တို့ ၇ ရင်းစာလောက် ရနေပြီ၊ တောက်လျှောက် ကျနော်တို့ သင်တန်းတွေပေးနေတယ်။ အခု ၃ ရင်း သင်တန်းဆင်းပြီးသွားလို့ NUG ကို ကျနော်တို့ တရားဝင် စာရင်း တင်လိုက်ပြီ။ တပ်ရင်း ၁ ရင်းကို ၂၁၅ ယောက် ဖွဲ့စည်းပုံအပြည့်ပဲ။ ၇ ယောက် တစိတ်၊ ၃ စိတ် ၁ စု၊ ၃ စု ၁ ခွဲ၊ ၃ ခွဲ ၁ ရင်းပေ့ါ။”

ဒီရက်ပိုင်းဖြစ်ပွားတဲ့ ရေကြောင်းနဲ့ ကြည်းကြောင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၃ဝ ကျော် ကျဆုံးတယ်လို့လည်း သူက ပြောပါတယ်။

“ဒီကြားကာလမှာ ရေကြောင်းတိုက်ပွဲ ဖြစ်တဲ့ ၃ ကြိမ်လောက်မှာ ကျနော်တို့ PDF ဘက်က ၅ ယောက်ကျတယ် ၈ ယောက်လောက်ထိတယ်ပေါ့။ စစ်ကောင်စီဘက်က ကျတာကတော့ မြစ်ကြောင်းမှာ အတည်ပြုနိုင်တာ ၁၅ ယောက် အထက်မှာရှိတယ်။ ကုန်းကြောင်းတိုက်ပွဲမှာတော့ ကျနော်တို့က မိုင်းအဓိကထား သုံးရတဲ့အတွက် စစ်ကာင်စီဘက်က ၁၅ ယောက်အထက်ကျတယ်။ ကျနော်တို့ပြည်သူက အကျအဆုံးမရှိဘူး။ တချက်မှာတော့ ဘာဖြစ်သွားလဲဆိုတော့ စစ်ကောင်စီက အလောင်းတွေမြုပ်ထားတဲ့နေရာကို ကျနော်တို့လူတွေ သွားကြည့်တဲ့နေရာမှာ သူတို့က နင်းမိုင်းတွေ ထောင်ထားခဲ့တဲ့အတွက် မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရတာ တယောက်တော့ ရှိတယ်။”

အခုလို ထိခိုက်ကျဆုံးမှုသတင်းတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။

ဒီနှစ်အတွင်း မြန်မာပြည်က မြို့နယ်တချို့မှာ စစ်ကောင်စီအုပ်ချုပ်မှုအောက်က လွတ်မြောက်တဲ့နယ်မြေတွေ ပေါ်ထွက်လာနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောဆိုနေကြပါတယ်။

ကနီ PDF ခေါင်းဆောင်က-

“ဒီနှစ်အတွင်းမှာ ကျနော်တို့ ကနီမြို့နယ်အနေနဲ့ဆိုရင်တော့ NUG က လက်နက်ချပေးတဲ့ အပေါ်မှာလည်း မူတည်မယ်ဗျ။ တကယ်လို့ NUG ဆီက လက်နက်ကို တပ်ရင်း ၄ ရင်းစာလောက် ပြည့်ပြည့်စုံစုံ ရရင် ကျနော်တို့ ကနီနယ်ကို လွတ်မြောက်နယ်မြေအထိ သတ်မှတ်လို့ရတဲ့အထိ လုပ်နိုင်မယ်ဗျ။”

KDF ခေါင်းဆောင် ကိုကျော်ထက်ကလည်း-

“ကျနော်တို့ KDF အပါအဝင် KNDF တို့ KGZ တို့ GZ21 တို့နဲ့ တခြား ဒီးမော့ဆို PDF တွေက မြို့ပြတိုက်ပွဲတွေမှာ တိုက်ပွဲဖော်ဆောင်တာ ခပ်စိတ်စိတ် ဖြစ်လာပြီဆိုတော့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ကျနော်တို့ ကယားပြည်နယ်မှာ မကြာခင် လွတ်မြောက်နယ်မြေတွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်။”

pdf.jpeg
လွိုင်ကော် PDF တပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ်။(Photo: Loikaw PDF)

ဒီအတောအတွင်းမှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ဒေသခံ PDF တွေနဲ့ ပိုမိုချိတ်ဆက်နေသလို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့လည်း သူတို့အစိုးရအကြား နားလည်ယုံကြည်မှုတွေ တနေ့တခြားခိုင်မာလာနေတယ်လို့ RFA ကို မနေ့က ပြောကြားခဲ့ပါတယ်။

“တိုးတက်မှုရှိတယ်လို့ပြောချင်ပါတယ်။ စပြီးလုပ်ခါစကတော့ ကျမတို့ကို သံသယနဲ့ နည်းနည်းဆက်ဆံတယ်။ သတိထားပြီး ဆက်ဆံဆောင်ရွက်တယ်။ ကျမတို့ရဲ့နိုင်ငံရေးအရ ပိုင်းဖြတ်မှုတွေ သွားလိုတဲ့လမ်းကြောင်းတွေကို သေသေချာချာ ရှင်းပြရတယ်။ တပြိုင်နက်ထဲမှာလည်း အတူတူတွဲပြီးတော့ အလုပ်လုပ်ရင်းနဲ့ နားလည်မှုတွေ ပိုရလာတယ်။ နောက်ပြီးတော့ ကျမတို့ရဲ့ ဖက်ဒရယ် နဲ့ ဒီမိုကရေစီအရေးတွေအပေါ်မှာ ခိုင်မာတဲ့ ရပ်တည်ချက်တွေ အပေါ်မှာ အတူတူတွဲရင်း အလုပ်လုပ်ရင်း နဲ့ ပိုပြီးတော့ ယုံကြည်မှုတွေ ရလာတဲ့ အနေအထားရှိတယ်။ အဲဒီတော့ ဒီ တိုင်းရင်းသား EAO တွေနဲ့ ဆက်ဆံရေးမှာကတော့ အစုအဖွဲ့လိုက် ဆက်ဆံရေးမှာသော်လည်းကောင်း ဒါမှမဟုတ်ရင်လည်း သီးခြား bilateral တွေမှာလည်း ကျမတို့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ တိုးတက်မှုတွေရှိတယ်၊ ယုံကြည်မှုတွေ ပိုရလာတဲ့ အနေအထားတွေရှိပါတယ်။ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ကတော့ သဘောသဘာဝ နည်းနည်းကွာတယ်ပေါ့နော်။ ဘာလို့လည်းဆိုတော့ တချို့နိုင်ငံရေးပါတီအတော်များများက လွတ်မြောက်နယ်မြေမှာ မဟုတ်ကြဘူး။ သူတို့ပုံမှန်ရုံးဖွင့်ပြီး ပုံမှန်အနေအထားမှာ ရှိကြတဲ့အတွက်ကြောင့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ကတော့ မူအားဖြင့်တော့ စကားလေးတော့ ရှိပါတယ်။ တစ်လှေတည်း မစီးပေမဲ့ တခရီးတည်း သွားနေကြတဲ့ အနေအထားမျိုးတော့ရှိပါတယ်ရှင့်။”

အခုနှစ် ပထမ ၆ လပိုင်းအတွင်း ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေပူးပေါင်းပြီး စစ်ကောင်စီသြဇာခံတပ်ဖွဲ့တွေကို ခုခံစစ်ကနေ တွန်းလှန်စစ်တွေဆင်နွဲဖို့ ပြင်ဆင်နေတယ်လို့ သတင်းရပါတယ်။ ဒါပေမယ့် ဒီသတင်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက တရားဝင်ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။