အရပ်သားတွေ လူသားဒိုင်းသဖွယ် အသုံးချခံနေရကြောင်းပြော

လူတစုကို မျက်လုံးနှစ်ဖက်ကို အဝတ်နဲ့စည်းထားသလို လက်တွေကိုကြိုးတုပ်ထားပြီး လမ်းမပေါ် ဖမ်းဆီး ခေါ်ဆောင်လာတဲ့ ဓာတ်ပုံတစ်ခု မကြာသေးခင် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာ ပေါ်ထွက် လာပါတယ်။
အဲဒီဓာတ်ပုံမှာ ပါဝင်သူတွေဟာ ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ကသဲရွာသား တွေဖြစ်တယ်ဆိုတာ အတည်ပြုထားကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားချိန် ကသဲရွာသား ၁၉ ဦးကို စစ်တပ်က လူသားဒိုင်းကာသဖွယ် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) အဖွဲ့ရဲ့ ဒါရိုက်တာ ဦးဗညားက RFA ကို ပြောပါတယ်။
“ရွှေပြည်အေးရွာရဲ့ အနောက်ဘက်တောင်ကုန်းမှာ သူတို့က တပ်စွဲထားတယ် အဲဒီထဲကို ခေါ်သွားနိုင် ချေရှိတယ်၊ ခုထိလည်း သူတို့ လှုပ်ရှားတာ မရှိသေးဘူး၊ ကျွန်တော်တို့ သိသလောက် ၁၉ ဦးပဲ၊ အဲဒီ ဓာတ်ပုံက သိသလောက်ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ယောက်က ရိုက်ပြီးတော့ တင်လိုက်တာလို့ သိရတယ်၊ သူတို့ စစ်ဆင်ရေးမှာ ရွာတွေထဲ ဖမ်းလို့ရတဲ့သူတွေကို ဖမ်းပြီးတော့ သူတို့နဲ့အတူ သွားခိုင်းတာ တွေရှိနေတာ၊ စစ်ရေးအရ သူတို့ကို အချိန်မရွေး ခြုံခိုတိုက်ခိုက်နိုင်လို့ လူထုတွေကို အသုံးပြုအကာအကွယ် ယူတဲ့ပုံစံ လူသားဒိုင်းပုံစံလုပ်နေတာ သေချာတယ်”
ဖယ်ခုံမြို့နယ်တဝိုက်မှာ စစ်တပ်နဲ့ ကရင်နီလက်နက်ကိုင်အဖွဲ့တွေ စစ်ရေးတင်းမာနေချိန်ဖြစ်ပြီး စစ်တပ် ဘက်က အောက်တိုဘာ ၂၆ ရက်နေ့ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအချိန်ကတည်းက ကသဲရွာက ဒေသခံ ၄၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေကြရပြီး ရွာထဲမှာ သက်ကြီး ရွယ်အိုနဲ့ ရွာသားအနည်းငယ်လောက်သာ ကျန်ခဲ့တာလို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ ၁၉ ဦးဟာ ရွာမှာကျန်နေ ခဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တာမျိုးတွေဆိုရင် ICC လို နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ကျူးလွန်တဲ့သူတွေကို အပြစ်ပေး အရေးယူလို့ရတယ်"
ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တစ်ဦးက အဲဒီဓာတ်ပုံ လူမှုကွန်ရက်ပေါ်တက်လာတော့မှ သူတို့ရဲ့ မိသားစုဝင်တွေ ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဖမ်းဆီးခံရသူတွေ အခုချိန်ထိ ပြန်လွတ်မလာသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာကို မသိရသေးဘူးလို့ အဖမ်းခံထားရသူ တစ်ဦးရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါ တယ်။
“ကျွန်မတို့ ထွက်လာပြီးမှ သူက အဖွားနဲ့ကျန်ခဲ့တယ် ကျွန်မအမျိုးသားရဲ့ အဖွားပေါ့၊ အသက် ၉၀ ကျော် လေ၊ မသွားနိုင်၊ မလာနိုင်ဆိုတော့ သူက အဖွားနဲ့ အိမ်မှာနေခဲ့တယ် လိုင်းပေါ်မှာ တင်ထားတာတွေ့တယ် သူတို့ ဖမ်းသွားတာဟုတ်တယ်”
စစ်တပ်ကလည်း ကသဲရွာအနီးနားက တောင်ကုန်းပေါ်မှာ တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ ပတ်ဝန်းကျင်ကို နေ့စဉ်လိုလို ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ကယားပြည်နယ်ထဲမှာ တပ်မ ၆၆၊ ၇၇ နဲ့ ၈၈ တို့က ကယားပြည်နယ်ထဲက KNDF၊ KA နဲ့ PDF စတဲ့ ကရင် နီလက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်ဆင်ရေးဆင်နွှဲနေတာဖြစ်ပြီး အခု ကသဲရွာသားတွေကို ဖမ်းဆီးထားတဲ့ တပ်ဟာ တပ်မ ၈၈ ကလို့ ဖယ်ခုံ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့က ဒေသခံ ၁၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် အရပ်သားတွေဟာ လူသားဒိုင်းကာသဖွယ်ဖြစ်နေလို့ နောက်ပြန်ဆုတ် ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဖယ်ခုံ PDF အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။
“သူတို့က ကိုယ့်လူတွေကို ရှေ့ကသွားခိုင်းလိုက်တယ်၊ ကိုယ့်ဖက်ကပစ်ရင် ကိုယ့်လူပဲထိသွားမယ်၊ အဲလို အခက်အခဲတွေရှိတယ်၊ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း အဲဒီနေရာမှာရှိပေ မယ့်လည်း မပစ်ခဲ့ဘူးပေါ့လေ၊ အဲလူတွေကို ဆက်ထိန်းသိမ်းပြီးထားတယ်”
စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးပြီး ခုအလို လူသားဒိုင်းသဖွယ်လုပ်နေတာဟာ ကယားပြည်နယ်ထဲမှာ ဒီတစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်မြောက်ရှိပြီလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က ဖယ်ခုံမြို့နယ်ထဲက ဒေါတကလဲနဲ့ ထီးဖိုးကလိုး ရွာတို့မှာ လမ်းသွားလမ်းလာ နှစ်ဦး၊ သြဂုတ် ၁၈ ရက်နေ့မှာ လွယ်လုံနဲ့ စက်တော်ရွာမှာ ရွာသား ဆယ်ဦးတို့ကို ကြိုးတုပ်ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဩဂုတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အလားတူ ဖရူဆိုမြို့နယ်ထဲမှာလည်း ရွာသား ၁၃ ယောက်ကို ဖမ်းဆီးသွားပြီး ငါးယောက်ကို ပြန်လွှတ်ပေး ခဲ့ပေမယ့် ကျန်တဲ့သူတွေကို ခမရ (၅၃၁) တပ်ရင်းထဲမှာ ဖမ်းဆီးထားတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖရူဆိုမြို့နယ် ကေလျားရွာက ခြောက်ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး နှစ်ယောက်တစ်တွဲ ကြိုးနဲ့ချည်ကာ လွိုင်ကော်အထိ ရက်နှစ်ဆယ်နီးပါး ရှေ့ကနေ လမ်းပြအဖြစ်နဲ့ သွားခိုင်းတာ၊ လွိုင်လင်လေးမြို့နယ် ပင်လုံ ရွာမှာလည်း ရွာသား ၁၅ ယောက် အဖမ်းခံရပြီး ခြောက်ယောက်က ထွက်ပြေးလွတ်မြောက်လာပေမယ့် ကျန်တဲ့သူတွေ ခုချိန်ထိ ဘယ်ရောက်နေမှန်းကို မသိရသေးဘူးလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။
တစ်ချို့ပြန်လွတ်လာသူတွေကို စစ်တပ်က အာမခံနဲ့ လွတ်ပေးထားတာဖြစ်ပြီး တစ်ချို့က ခုလို ဖြစ်ပျက်ခဲ့ တာတွေကို မပြောရဲကြဘူးလို့လည်း ဦးဗညားက ဆိုပါတယ်။
သူတို့ ဖမ်းဆီးခံခဲ့ရချိန်မှာ ရိုက်နှက်ခံရတာတွေ အစာမကျွေးဘဲထားတာလို လူ့အခွင့်အရေး ချိုးဖောက်ခံ ခဲ့ရတာတွေကို သူတို့ မိသားစုဝင်တွေကနေတဆင့် ပြန်လည်သိခွင့်ရခဲ့တယ်လို့ ပြောပါတယ်။
စစ်တပ်က ကယားပြည်နယ်ထဲမှာ လူသားဒိုင်းသဖွယ် လုပ်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို တုံ့ပြန်ပြောပါတယ်။
“ဖယ်ခုံရဲစခန်းကို ဝင်ပစ်တာတို့ ဖယ်ခုံက မြို့နေလူထုကို အကာအကွယ်ယူပြီး တပ်မတော်နဲ့ လုံခြုံရေး စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာတွေ အဲဒီမှာရှိတဲ့ PDF တွေ EAO တွေက ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်၊ ဖယ်ခုံရဲစခန်းကို လုပ်တုန်းကဆိုရင် အဲဒီအနားလေးမှာရှိတဲ့ ဘုန်းကြီးကျောင်းတို့၊ စာသင် ကျောင်းတို့ကို အကာအကွယ်ယူပြီးပစ်နေတာ၊ ကျွန်တော်တို့ဘက်က ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေ မဟုတ်ဘူး၊ သူတို့ဘက်က ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တွေပဲဖြစ်ပါတယ်၊ ရွာသူ၊ ရွာသားတွေကို ရွာတွေမှာ မနေရအောင်၊ စစ်ဘေးရှောင်နေရာတွေမှာ သွားနေရအောင် ဖိအားပေးနေတာ ဘယ်သူတွေလဲဆိုတာ မြေပြင်အခြေအနေ လက်တွေ့စုံစမ်းကြည့်ရင် သိနိုင်ပါတယ်၊ ဒီလိုအချိန်မှာတော့ တစ်ချို့သတင်းမီဒီယာ များနဲ့ PDF အမည်ခံတွေ နည်းလမ်းမျိုးစုံနဲ့ သတင်းတု သတင်းလိမ်တွေ တပ်မတော်ဘက်က ထိခိုက် ကျဆုံးတာရှိရင် PDF တွေ လုပ်ခဲ့တာလို့ပြောမယ်၊ ဟိုဘက်က ထိခိုက်ကျဆုံးတာရှိရင် ပြည်သူလူထုပါလို့ ပြောပြီး လုပ်ခဲ့တာမျိုးတွေ ဒါတွေအများအပြား တွေ့ရပါတယ်”
ကရင်နီပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ လုပ်ရပ်ကြောင့် ဒေသခံ စုစုပေါင်း ၈၈ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) က ထုတ်ပြန်ထားတဲ့ စာရင်းစာရင်းတွေမှာ ဖော်ပြ ထားပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာအထိသိအောင် တင်ပြနိုင်ဖို့ ဒေသတွင်း အဖွဲ့အစည်းတွေက သက်သေမှတ်တမ်းတွေနဲ့တကွ စုဆောင်းထားဖို့လိုတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ နစ်ကီဒိုင်းမွန်းက ပြောပါတယ်။
“စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တာမျိုးတွေဆိုရင် ICC လို နိုင်ငံတကာ ရာဇဝတ်ခုံ ရုံးမှာ ကျူးလွန်တဲ့သူတွေကို အပြစ်ပေး အရေးယူလို့ရတယ်၊ သက်သေအထောက်အထားတွေ စုဆောင်း ထားဖို့ လူ့အခွင့်အရေးအဖွဲ့တွေက နိုင်ငံတကာ ရာဇဝတ်ရုံးတွေမှာ ပြည်တွင်း၊ ပြည်ပပေါ့ တရားရုံး၊ ခုံရုံးတွေမှာ သက်သေအထောက်အထားဝင်အောင် အချက်အလက်တွေ ဘယ်လိုစုဆောင်းရမလဲဆိုတာ နိုင်ငံတကာ စံချိန်စံနှုန်းမီအောင် ယူဖို့လိုတယ်၊ စစ်တပ်ကတော့ နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့်အရေး ကျူးလွန်နေတယ်၊ NUG ကလည်း လူ့အခွင့်အရေးဝန်ကြီးဌာနရှိတယ်၊ ပေါ်လစီတွေချပြီးတော့ ဆောင်ရွက်နေတာရှိတယ်၊ အဓိကအချက်ကတော့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ရှိဖို့လိုတယ်”
မြန်မာစစ်တပ်ဟာ ဒေသတစ်ခုမှာ စစ်ဆင်ရေးလုပ်ပြီဆိုရင် ဖြတ်လေးဖြတ်ပုံစံနဲ့ လုပ်လေ့ရှိပြီး ဒေသခံတွေက PDF တွေကို ထောက်ပံ့တာတွေ လုပ်နေတယ်လို့ ယူဆရင်လည်း အဲဒီဒေသကရွာတွေ မီးရှို့တာ၊ ဒေသခံတွေ ကိုဖမ်းဆီး လူသားဒိုင်းသဖွယ်အသုံးပြုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက နေရာဒေသအများအပြားမှာ ရှိနေတုန်းပဲလို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ပြောကြပါတယ်။