ကန့်ဘလူမှာ အဖမ်းခံရသူ ၁၄ ဦး သတ်ဖြတ်ခံရကြောင်း ဒေသခံတွေပြော

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကနား၊ ရှော်ဖြူကုံး၊ နှောကုန်းနဲ့ ချပ်ကုန်း စတဲ့ ကျေးရွာ လေးရွာကို ကိုးတောင်ဘို့ တိုက်နယ်မှာ အခြေချထားတဲ့ စစ်ကောင်စီရဲ့ ခမရ - ၃၆၃ စစ်ကြောင်းက နိုဝင်ဘာလ ၁ ရက်နေ့ ကစလို့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ဇီးကနားနဲ့ ရှော်ဖြူကုန်း ကျေးရွာတွေကနေ ဆားတောင်ကြီး ဒေသကို ထွက်ပြေးရောက်ရှိနေတဲ့ ဒေသခံ ၁၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အဲဒီအထဲက လေးဦး ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၁၄ ဦးကတော့ အသတ်ခံလိုက်ရတယ်လို့ ယုံကြည်ရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုးတောင်ဘို့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဆားတောင်ပြင် ဒေသကနေပြီးတော့မှ ၃ ရက်နေ့မှာ အပြစ်မဲ့တဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင် လာခဲ့တာဗျ။ ခမရ ၃၆၃ ကလေ။ ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင် လာပြီးတော့မှ ၃ ရက်နေ့ ညနေမှာ ကိုးတောင်ဘို့ ကနေပြီးတော့မှ ဇီးကနား ကျေးရွာက နှစ်ဦးကို ပြန်လွှတ်ပေးတယ်။ အဲဒီကနေတစ်ခါ ၅ ရက် နေ့မှာ ပေါ့နော်။ ၅ ရက်နေ့မှာ ရှော်ဖြူကုံး ကျေးရွာက နှစ်ဦးကို သူတို့ ပြန်လွှတ်ပေးပါတယ်။ ပြန်လွှတ်ပေး ပြီးတော့မှ ၅ ရက်နေ့ ညနေမှာ တချို့တစ်ဝက်ကို ရှင်းပြီးတော့မှ မီးပုံရှို့တယ်။ ၆ ရက်နေ့မှာလည်း တချို့ တစ်ဝက်ကို ရှင်းပြီးတော့မှ မီးရှို့တဲ့ အနေအထားမျိုး ဖြစ်တယ်”
အဖမ်းခံရသူ ၁၄ ဦး သတ်ဖြတ်ခံရတာနဲ့ပ တ်သက်လို့ တိကျခိုင်မာတဲ့ သက်သေ အထောက်အထား မရှိသေးပေမယ့် ဒေသခံတွေကိုယ်တိုင် အနီးကပ် စောင့်ကြည့်နေတာ၊ မိသားစုဝင်တွေ လိုက်သွားတဲ့အခါမှာလည်း တွေ့ခွင့်မပေးတော့တာနဲ့ စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်တွေမှာလည်း သူတို့တွေကို PDF လို့ စွပ်စွဲထားပြီး သတ်ပစ်လိုက်ပြီလို့ ဖော်ပြထားတာတွေကြောင့် အသတ်ခံလိုက်ရတာလို့ ယုံကြည်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံခဲ့ရသူ ၁၄ ဦးထဲက ၁၃ ဦးဟာ အရပ်သားတွေ ဖြစ်ပြီး ကျန်တဲ့တစ်ဦးကတော့ ဦးထွန်းဦးလို့ ခေါ်တဲ့ PDF အဖွဲ့ဝင် ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းမိသူတွေထဲမှာ PDF တစ်ဦး ပါဝင်တာကြောင့် အားလုံးကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ကိုးတောင်ဘို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၄ ယောက်က ကျနော် ကြားတာက တောင်ပေါ်ကို စစ်ကြောင်းက တက်လာတော့ စစ်ဘေးရှောင်နေတဲ့ လူစုကို မြင်သွားတဲ့ ပုံသဏ္ဌာန်ရှိတယ်ဗျ။ သူတို့တဲကို မလာ တော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လမ်းကြောင်းလွှဲပြီးမှ နောက်ကနေ ဝိုက်ဖမ်းတာ။ အဲဒီမှာ ဇီးကနား ပကဖ တစ်ယောက်က သတင်းယူရင်းနဲ့ သူ့မိသွားတဲ့အခါ ကျတော့ စစ်ဘေးရှောင်တွေကိုရော အကုန်လုံး ပြောရရင်ဒါက PDF လို့ သတ်မှတ်လိုက်တဲ့ ပုံသဏ္ဌာန် ရှိပါတယ်”
အဖမ်းခံရသူ ၁၄ ဦးစလုံးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ကြောင်း ဒေသခံတွေက ပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အဲဒီ ၁၄ ဦး အသတ်ခံရတာ ဟုတ်၊ မဟုတ် သိနိုင်ဖို့အတွက် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ကို ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ စစ်ရေးနဲ့ သက်ဆိုင်နေတဲ့ ကိစ္စဖြစ်တာကြောင့် သူ့အနေနဲ့ ဖြေကြားလို့မရကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

ဒေသခံတွေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာပဲ ကိုးတောင်ဘို့ တိုက်နယ်မှာ ကျန်နေတဲ့ အထိုင်တပ်ကနေ ဇီးကနားရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့အတွက် ဇီးကနားရွာက ဦးဖိုးတာရဲ့အိမ်ကို လက်နက်ကြီးကျည် ထိမှန်တဲ့ အတွက် ဦးဖိုးတာရဲ့မြေးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်သက်ဦးဆိုသူ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဦးဖိုးတာရဲ့ဇနီး ဒေါ်ဝင်းကတော့ ကောလင်းဆေးရုံကို ပို့ဆောင်ခံရပြီးနောက် နိုဝင်ဘာလ ၇ ရက် နေ့မှာ ဗိုက်ပွင့်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဦးဖိုးတာနဲ့ အခြား မြေးတစ်ဦးဖြစ်သူ ၇ နှစ်အရွယ် မထွန်းရတီဟာလည်း ဦးခေါင်းနဲ့ ရင်ညွန့်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတဲ့တွက် မန္တလေးဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူနေရ သလို ဦးဖိုးတာရဲ့ဘေးအိမ်က ဦးစံအေးအိမ်ကိုလည်း လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး ဦးစံအေးရဲ့ဇနီးဖြစ်သူမှာ လက်မောင်း ဒဏ်ရာရသွားခဲ့တယ်လို့ပြောပါတယ်။
ကန့်ဘလူမြို့နယ်က စစ်ကိုင်းတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်ကတော့ စစ်ကောင်စီဟာ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာလို့ ပြောပါတယ်။
"သူတို့တဲကို မလာ တော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လမ်းကြောင်းလွှဲပြီးမှ နောက်ကနေ ဝိုက်ဖမ်းတာ။"
ဒီလို လူမျိုးတွေကို ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ်ဆိုတာ ဒါဖမ်းဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်တယ်ဆိုတာ ဒီဟာ မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စ။ ဒါ စစ်ကောင်စီက လူမဆန်ဆုံး အရက်စက်ဆုံး လုပ်ရပ်တွေကို ကျူးလွန်နေတယ် ဆိုတာတွေကို သက်သေပြတာတွေထဲက တစ်ခုပေါ့ဗျာ။ စစ်ကောင်စီမှာက စစ်ရာဇဝတ်မှုမြောက်တဲ့ ကိစ္စတွေကို ကျူးလွန်တဲ့သဘောပေါ့။ ဒါမလုပ်သင့်တဲ့ ကိစ္စလို့ ကျနော်ကတော့ မြင်ပါတယ်”
အခုလို စစ်ဘေးရှောင်နေတဲ့ နေရာအထိ စစ်ကောင်စီတပ်တွေ လက်လှမ်းမီလာတာကြောင့် စစ်ဘေးဒုက္ခသည်တွေမှာ ထိတ်လန့်တုန်လှုပ်နေပြီး ပြေးစရာ မြေမရှိ ဖြစ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ခမရ - ၃၆၃ တပ်စစ်ကြောင်းဟာ ကောလင်းဒေသ ညောင်ဝန်းဘက်ကို ကူးသွားပေမယ့် ဇီးကနား၊ ရှော်ဖြူကုံးနဲ့ နှောကုန်း၊ ရှားချောင်း၊ ကိုင်းမ၊ မိသလင်ကုန်း အပါအဝင် ရွာ ၈ ရွာလောက်က ပြည်သူ တစ်သောင်းနီးပါးဟာ အိုးအိမ် စွန့်ခွာ ရှောင်တိမ်းနေကြရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။