ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၅၀ ကနေ ၁၀၀ ကြား သေဆုံးနိုင်

RFA Burmese
2023.04.11
ကန့်ဘလူ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၅၀ ကနေ ၁၀၀ ကြား သေဆုံးနိုင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

Updated 6:45pm Apr 11, 2023

ဧပြီ ၁၁ ရက် ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ လူ ၈၀၀ ခန့် စုဝေးနေစဉ် စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ ကနေ ၁၀၀ ကြား သေဆုံးပြီး နောက်ထပ် ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေနဲ့ ကန့်ဘလူမြို့နယ် NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က RFA ကို ပြောပါတယ်။

ဒီနေ့မနက် ၇ နာရီခွဲကျော်လောက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံး ဖွင့်ပွဲ လုပ်နေစဉ် စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လေကြောင်းကနေ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့ သတင်းဌာန People Media က ဖော်ပြထားပြီး သေဆုံးထိခိုက် အရေအတွက်ကိုတော့ အတိအကျ ရေးမထားပါဘူး။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ ဧပြီ ၁၁ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာ ပဇီကြီးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ တစ်ရာနီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ခန့် ရှိတယ်လို့ ဖော်ပြထားပါတယ်။

လေကြောင်းကနေ ၁၅ မိနစ်ခန့်ကြာ ဗုံးကြဲတိုက်ခိုက်မှု၊ စစ်သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ မြင်မကောင်းလောက်အောင် လွင့်စင်ပြန့်ကျဲနေတယ်လို့ အသက်မသေ လွတ်မြောက်လာသူ ပဇီကြီးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ကလေးတွေဆို ခေါင်းတခြား၊ ကိုယ်တခြားပဲ။ လက်ပြတ်တဲ့သူနဲ့ ကျနော်တို့ ဘယ်လို ပြောရမလဲဆို လက်တစ်ဆစ်၊ နှစ်ဆစ်လို အတုံးတွေကလည်း ကတ္တရာလမ်းပေါ်မှာ ခြေချစရာ နေရာကို မရှိဘူး။ ခေါင်းတခြား ကိုယ်တခြားတွေရော၊ လူတွေက ဘယ်သူဘယ်ဝါကို မသိတော့ဘူးပေါ့။ ရွာကို လှည့်ပတ်ပစ်သွားတာ အကုန်လုံး လှည့်ပတ်ပြီးတော့။ ပုန်းနေတဲ့ ပြည်သူတွေ ဘယ်နားပုန်းနေလောက်လဲဆိုတဲ့ ထင်ကြေးတွေနဲ့ကို ပစ်သွားတာ။ ကျနော်တို့ အနားကို နှစ်ချက်လောက် လာကျသေးတာ။ ကျနော်တို့နဲ့ နှစ်တောင်ကွာ သုံးတောင်ကွာလောက်မှာ သူတို့ရဲ့ ကျည်ဖူးတွေလေ။ ခေါင်းကို ဖော်မရအောင် ပစ်တာ"

ဒီနေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူ ၅၃ ဦးရဲ့ ရုပ်အလောင်းတွေကို ကောက်ယူထားနိုင်ပြီး နောက်ထပ် မည်သူမည်ဝါ မခွဲခြားနိုင်တဲ့ ခြေပြတ်၊ လက်ပြတ် အပိုင်းအစတွေ အများအပြား ရှိနေသေးတာကြောင့် သေဆုံးသူ ၁၀၀ နီးပါး ရှိနိုင်တယ်လို့ သူက ဆိုပါတယ်။

"ရွာကို လှည့်ပတ်ပစ်သွားတာ အကုန်လုံး လှည့်ပတ်ပြီးတော့။"

ဒီနေ့ သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၂၀ ကျော် ပါဝင်တယ်လို့ ဒေသခံတချို့က ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒဏ်ရာရသူတွေကို နီးစပ်ရာ ကျေးရွာတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ဆေးခန်းတွေဆီ ပြောင်းရွှေ့ သယ်ယူပြီး ဆေးကုသပေးနေတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ ကိုနွေဦးက ပြောပါတယ်။

"ကျနော်တို့ဘက်မှာ ဆေးပေးခန်းလေးတွေ ဘာလေးတွေ တပ်ရင်းတပ်ဖွဲ့ ဆေးခန်းလေးတွေ ရှိတယ်လေ၊ အဲဒီကို သယ်နိုင်သလောက် နာရေးကားလေးတွေနဲ့ လောလောဆယ်တော့ ကားငါးစီးလောက်ရှိပြီ ကျနော်တို့ ကယ်ထုတ်နေတာ။ အများစုက အပြတ်တွေ များတာပဲ၊ လောလောဆယ်ကတော့ ခြေပြတ်၊ လက်ပြတ်တွေပေါ့။ ဖိုးဝှီးကားလို ဟာမျိုးတွေနဲ့ဆိုတော့ လေး၊ ငါးဦး၊ ခုနှစ်ဦးပေါ့ အစားစားပေါ့။ ကျနော်တို့ကလည်း လေယာဉ် သတင်းလေး နားထောင်ပြီးတော့မှ ဝင်လိုက်၊ ထွက်လိုက်ပေါ့။ အဲလို လုပ်နေရတဲ့ အနေထား ရှိတယ်။ ကျနော်တို့နဲ့ မလှမ်းမကမ်းမှာလည်း မလည်တိုက်နယ်မှာလည်း သူတို့ တပ်အထိုင်စွဲထားတာ ရှိတယ်လေ။ အဲကနေ တက်လာရင်လည်း ၁၅ မိနစ်လောက်ဆို ကျနော်တို့ အဲဒီရွာကို ရောက်တယ်ဆိုတော့ နည်းနည်း အခြေနေကြည့်ပြီး ဝင်ရတဲ့ သဘောမျိုးပေါ့"

ပဇီကြီးရွာရဲ့ ပြည်သူ့အုပ်ချုပ်ရေးရုံး ဖွင့်ပွဲကို စစ်ကောင်စီတပ်က သတင်းအတိအကျ ရတာကြောင့် လူစုလူဝေး လုပ်နေတဲ့ နေရာပေါ်ကို လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကိုယ်တွေ့ကြုံသူ တစ်ဦးက RFA ကို ပြောပါတယ်။

"ဂျက်ဖိုက်တာ တက်လာပြီးတော့ အဲဒီနေရာတည့်တည့်ကို Location တိတိကျကျနဲ့ တည့်တည့်ချသွားတာ။ မြေပြင်မှာကြည့်တော့ ပေ ၁၀၀ လောက်အထိ လွင့်တဲ့ ကလေးအလောင်းတွေ၊ လေး၊ ငါး၊ ခြောက်လောင်းလောက်အထိ တွေ့တယ်ဗျ။ ခြေပြတ်၊ လက်ပြတ်တွေရော၊ အကုန်လုံး ဗိုက်ပွင့်သွားတာတွေရော၊ မီးလောင်သွားတာတွေ၊ ကလေးပေါက်စ အလောင်းတွေ၊ ပြီးတော့ အဲဒီနေရာကနေ ဟိုဘက်ကတ္တရာလမ်းအထိ ပေ ၁၀၀ ဝန်းကျင်လောက် လွင့်တဲ့ဟာတွေ ရှိတယ်"

ဒဏ်ရာရသူ အများအပြားရှိနေပြီး သွေးထွက်လွန်မှုနဲ့ ဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သူက ဆိုပါတယ်။

တပ်ရင်းတပ်ဖွဲ့ မပါဘဲ အမျိုးသမီးတွေ၊ ကလေးတွေ၊ ကျေးလက်နေ အရပ်သားတွေ စုဝေးနေတဲ့နေရာကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"သူတို့ပေးချင်တဲ့ မက်ဆေ့ကတော့ ကျနော်တို့ကို ပြည်သူ့အုပ်ချုပ်ရေး မတည်ဆောက်ရဲအောင် သူတို့အမျိုးမျိုး လုပ်နေတယ်လို့ မြင်တယ်။ ဒီဘက်ပိုင်းတွေမှာက ကျနော်တို့ အုပ်ချုပ်ရေး ကျနော်တို့ စတဲ့ အပိုင်းတွေရှိတယ်။ ကျနော်တို့ ပြောချင်တာကတော့ ဒီအရပ်သားတွေရှိတဲ့ ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေရှိတဲ့ နေရာကို တိုက်ခိုက်တာက အရပ်သားတွေကြီးပဲ ရှိတဲ့နေရာဗျ၊ တပ်ရင်းတပ်ဖွဲ့ကလူ တစ်ဦးတစ်ယောက်မှကို မပါဘူး"

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ် အချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

တစ်ရက်တည်း တစ်နေရာတည်း လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ဒီနေ့တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်တာကြောင့် စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ မဖြစ်မနေ အရေးယူသင့်တယ်လို့ ကန့်ဘလူမြို့နယ်က NLD စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က RFA ကို ပြောပါတယ်။

"အခုလိုမျိုး စစ်ကောင်စီက လူအမြောက်အများ သေကြေအောင်၊ လေကြောင်းက တိုက်ခိုက်တာတွေက စစ်ရာဇဝတ်မှုမြောက်တဲ့ ကိစ္စတွေ ဖြစ်တယ်။ ကုလသမဂ္ဂလိုအဖွဲ့တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်ကနေ စစ်ကောင်စီထံ တိုက်ရိုက်ရောက်ရှိနေတဲ့ လေယာဉ်ဆီတွေကို ပိတ်ဆို့တာ၊ ဒီထက် ပိုလုပ်ဖို့ လိုတယ်။ နောက်တစ်ခုက လက်နက် ခဲယမ်းရောင်းချနေတဲ့ ကိစ္စတွေကိုလည်း ဒီထက်ပိုပြီး ထိထိရောက်ရောက် ပိတ်ဆို့ဖို့ လိုတယ်။ တစ်ချိန်ကြ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အခုလုပ်ရပ်မှာ တာဝန်ရှိတဲ့ စစ်ကောင်စီအနေနဲ့ အပြည့်အဝ တာဝန်ယူပြီး နိုင်ငံတကာခုံရုံးမှာ သူတို့ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကျခံစေရမယ်"

လတ်တလော အခြေအနေမှာတော့ အသက်ရှင်ကျန်ရစ်သူတွေ ဘေးကင်းလုံခြုံဖို့နဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို အချိန်မီ ဆေးကုပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

ကန့်ဘလူမြို့နယ် ပဇီကြီးရွာဟာ အိမ်ခြေ ၂၀၀၊ လူဦးရေ ၈၀၀ ကျော်ရှိပြီး စစ်တပ်က မကြာခဏ စီးနင်းဝင်ရောက်လေ့ရှိတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီ ၁၀ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း သေဆုံးသူ ၃၂၂၉ ဦး ရှိပါတယ်။

အဲဒီအထဲမှာ ဒီမနက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပဇီကြီးရွာက သေဆုံးသူ အရေအတွက် မပါဝင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။