ကလေးမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ရှစ်ရာကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

RFA Burmese
2023.10.25
ကလေးမြို့နယ်မှာ စစ်ဘေးဒုက္ခသည် ရှစ်ရာကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းက ရွာတွေမှာ စစ်ကောင်စီတပ်တွေ စခန်းချပြီး ထိုးစစ်ဆင်နေလို့ မြို့နားအထိ ထွက်ပြေးရတဲ့သူ ၁၇၀၀ လောက်ရှိသလို၊ မပြေးနိုင်ဘဲ ပိတ်မိနေတဲ့ ဒေသခံ ရှစ်ရာကျော် ရှိနေတယ်လို့ သိရပါတယ်။

သူတို့အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့သူတစ်ယောက်က RFA ကို ပြောပါတယ်။

“ထိတွေ့မှု၊ ပစ်ခတ်မှုလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကတော့ အခုရက်ပိုင်း နှစ်ရက်လောက် ငြိမ်နေတယ်။ မီးရှို့တာတော့ မငြိမ်သေးဘူး၊ ဆက်ရှို့နေတုန်းပဲ။ ကျွန်တော်တို့ စက္ကန့်၊ ရှားတော၊ မွန်ထှာ တစ်လျှောက်မှာရှိတဲ့ ချင်းစစ်ဘေးဒုက္ခသည်တွေပေါ့နော်၊ အဲဒီဘက်က စစ်ဘေးဒုက္ခသည်တွေအတွက် သူတို့ရဲ့စားနပ်ရိက္ခာ။ စားဖို့အတွက် အရေးပေါ် လိုနေတယ်လို့ ကြားတယ်ဗျ”

အောက်တိုဘာ ၁၄ ရက်နေ့က ရှားတောရွာက စစ်ဘေးဒုက္ခသည် ခြောက်ရာကျော်ကို ကလေးမြို့ ပေါ်က တာဟန်းဘုရားကျောင်းမှာ ခေါ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"စကစတွေက ဒီစစ်ဘေးဒုက္ခသည်တွေကို မြို့ထဲကို ဝင်ခွင့်မပေးဘူး"

ရှားတော၊ စီးစံ၊ သာယာကုန်း၊ တွန်းချောင်း စတဲ့ရွာတွေက ဒေသခံ ၁၇၀၀ ကျော်လောက်လည်း ကလေးမြို့နားက ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး သူတို့အထဲက လူကိုးရာကတော့ ကလေးမြို့ပေါ်က ဘုရားကျောင်းနဲ့ ဆွေမျိုးတွေဆီမှာ ခိုလှုံနေကြရပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး ကလေးမြို့ အဝင်ဂိတ်မှာ စစ်ကောင်စီ တပ်သားတွေက စစ်ဘေးဒုက္ခသည်တွေကို ခေါ်လာတဲ့ကားကို အဝင်မခံသလို၊ ကားပေါ်မှာပါလာတဲ့ လူငယ်တွေကို ထိုးကြိတ်ရိုက်နှက်တာကြောင့် လာလမ်းအတိုင်း ပြန်လှည့်ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှားတော စစ်ဘေးဒုက္ခသည် တစ်ယောက်က ပြောပါတယ်။

“မြို့ထဲကို အဝင်မခံတာနော်။ ကားတွေဆိုရင်လည်း မနေ့ကစပြီး တစ်စီးမှ မဝင်ရဲတော့ဘူး။ တချို့တွေကလည်း မြို့ထဲမှာ တခါတည်း ရှောင်ချင်တယ်။ ဒါပေမဲ့ စကစတွေက ဒီစစ်ဘေးဒုက္ခသည်တွေကို မြို့ထဲကို ဝင်ခွင့်မပေးဘူး။ တချို့ဆိုရင်တော့ ရိုက်နှက်တယ်၊ ထိုးတယ်။ လူငယ်တွေဆိုရင်ပေါ့နော်။ မြို့ထဲ ကို ကားနှစ်စီးလုံးနဲ့ ဝင်သေးတယ်။ လူငယ်လေးတွေကို ဖမ်းတယ် ခေါ်တယ် ရိုက်သေးတယ်။ အဲဒီလိုမျိုး လုပ်တဲ့အခါကျတော့ ဆွေမျိုးရှိတဲ့သူတွေလည်း မြို့ထဲကို မဝင်ရဲကြတော့ဘူး။ ကားတွေကိုလည်း မြို့ထဲကို မဝင်ခိုင်းတော့ဘဲနဲ့ ပြန်လှည့်ခိုင်းတာလေ”

အဲဒီအပြင် ကလေးမြို့နယ် တောင်ပိုင်းက ရွာတွေဆီ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီတပ်က ဂိတ်တွေမှာ ပိတ်ပင်ကန့်သတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ စားသောက်နေထိုင်ရေး အခက်အခဲ တွေ့နေရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

တောထဲထွက်ပြေးနေရတဲ့ ကလေးမြို့နယ်က ဒေသခံတွေကို ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်။ (Photo: Citizen Journalist)
တောထဲထွက်ပြေးနေရတဲ့ ကလေးမြို့နယ်က ဒေသခံတွေကို ၂၀၂၁ ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်။ (Photo: Citizen Journalist)

ကလေးမြို့ တောင်ပိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး စက်တင်ဘာ ၂၉ ရက်ထိ တိုက်ပွဲတွေအကြောင်းနဲ့ အောက်တိုဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ စက္ကန့်ရွာမှာ တိုက်ပွဲဖြစ်ပြီး အိမ်တွေ မီးရှို့ခံရ၊ အရပ်သားတွေ သေဆုံးဒဏ်ရာရတဲ့အကြောင်းကို RFA က အောက်တိုဘာလ ၁၁ ရက်နေ့မှာ တင်ပြခဲ့ပါတယ်။

ဒီရက်တွေအထိလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်နေလို့ အိမ်မပြန်ရဲသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက္ကန့်ရွာသားတစ်ယောက်က ပြောပါတယ်။

“သူတို့က အခု သာစည်မှာလည်း တပ်စွဲတာရှိတယ်လေ။ သူတို့မီးရှို့တဲ့ စက္ကန့်ရွာမှာလေ၊ အဲဒီမှာလည်း တပ်စွဲတော့ သာစည်နဲ့ စက္ကန့်ကြားမှာရှိတော့ လက်နက်ကြီးတွေနဲ့ ရွာတွေဘက်ကိုထုနေတော့ ရွာမှာမနေရဲကြတာ။ မပြန်ရဲကြတာပေါ့နော်”

ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ဆင်ရေးကြောင့် ထွက်ပြေးရတဲ့သူ လက်ရှိအချိန်ထိ သုံးသောင်းထက်မနည်း ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေတဲ့သူတွေက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။