ကလေးမြို့မှာ ဒေသခံငါးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ
2023.04.07

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းက ရွာတွေကို မတ်လ ၃၀ ရက်ကနေ ဧပြီ ၅ ရက်အထိ စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ ရွာပေါင်း ၁၇ ရွာက ဒေသခံ ငါးသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
အဲဒီအထဲက သုံးသောင်းကျော်ကတော့ ကလေးမြို့ပေါ်ကို ထွက်ပြေးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့မြောက်ပိုင်းက လက်ပံချောင်း၊ မြောက်ချော၊ ချင်းစု၊ ပျဉ်းတောဦး၊ ညောင်ကုန်း၊ မင်းလှ၊ အောင်ရွာ၊ ကိမ်းလိုင်၊ ရှုခင်းသာ၊ ချမ်းသာကြီး၊ သာယာကုန်း၊ စမိတ်ကွင်း၊ အင်ကြင်းခုံ၊ ကြိုးကြာကွင်း၊ ပြည်တော်သာ၊ ရာဇာဂြိုဟ်နဲ့ ဆည်ကြီး စတဲ့ရွာတွေက ဒေသခံအားလုံး ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
“လေယာဉ်နဲ့ အပေါ်ကနေ ဗုံးကြဲတာမျိုးလည်းရှိတယ်။ လက်နက်ကြီးနဲ့လည်းပစ်တယ်"
ဒီထွက်ပြေးလာတဲ့ ဒေသခံတွေဟာ လက်ရှိစားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“စစ်တပ်ကနေပြီးတော့ ကလေးမြို့မြောက်ပိုင်းကရွာတွေကို ဝင်စီးတယ်။ ဝင်စီးတော့ သူတို့အားလုံး ကလေးမြို့ကို ပြုံပြီးပြေးလာကြတယ်။ ကျနော်တို့ ခန့်မှန်းခြေအရဆိုရင် တစ်ရက်နှစ်ရက်အတွင်းမှာ အကြမ်းအားဖြင့် စစ်ရှောင်ဦးရေ သုံးသောင်းလောက်ရှိတယ်။ သူတို့ အဓိကလိုအပ်တာကတော့ အခုက နွေရာသီဆိုတော့ ခြင်များတယ်။ ရာသီဥတု ကလည်း ပူလောင်အိုက်စပ်တယ်ဆိုတော့ ခြင်ထောင်တော့ အဓိကလိုအပ်တယ်။ ဆေးဝါးပစ္စည်းတွေနဲ့ ဆန်၊ ဆီ၊ ဆား ရိက္ခာတွေကို လိုအပ်နေတယ်”
မတ်လ ၂၈ ရက်နေ့ကစပြီး ချမ်းသာရွာနဲ့ ပျဉ်းတောဦးရွာဘက်ကို စစ်ကြောင်းတွေ ထိုးလာ ပြီး မတ်လ ၃၀ ရက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့ ကလေး-ကဘော်-ဂန့်ဂေါ (CDF KKG) အဖွဲ့တို့ ချမ်းသာကြီးရွာမှာ တိုက်ပွဲစဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၄ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကလေးမြို့ပေါ် အခြေစိုက် ခလရ (၂၂၈ ) နဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူနေတာလို့ ဒေသ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ပျဉ်းတောဦးရွာအနီးကိုလည်း စစ်ကောင်စီတပ်က ဧပြီလ ၃ ရက်ညနေပိုင်းမှာ ဂျက်တိုက် လေယာဉ်တစ်စင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစင်းနဲ့ ဗုံးကြဲခဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်းနဲ့ နေအိမ်တချို့ ပျက်စီး သွားတယ်လို့ ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်စဉ်ကတော့ သူတို့က အရင်ဆုံးလက်နက်ကြီးနဲ့ အကြိမ်လေးဆယ်ကျော်လောက် ကလေးမြို့မြောက်ပိုင်းက ရွာတွေကိုပစ်တာ။ မြေပြင်ထိုးစစ်တွေဝင်တယ်။ ဝေဟင်နဲ့ ပစ်တယ် ရွာဘက်မှာ အထိ အခိုက် တွေကတော့ ကျနော်တို့ အသေးစိတ်ကို အတည် မပြုနိုင်သေးဘူး။ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ပျက်စီးသွားတယ်။ နေအိမ် တော်တော်များများ ပျက်စီးသွားတယ်။ မနေ့ကဆိုရင် မီးလောင်ဗုံးတွေနဲ့ ပစ်ခံရတာ ပေါ့နော်။ ညောင်ကုန်းကျေးရွာနဲ့ ကျီကုန်းရွာ အဲဒီရွာတွေက မီးတွေလောင်နေတာ ပေါ့နော်”
ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့က နှစ်ဦးအဖမ်းခံခဲ့ရပြီး ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေဘက်က တစ်ဦး သေဆုံးခဲ့သလို သုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ကလည်း ၁၀ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိတယ်လို့ ကလေးပြည်သူ့ ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပေမယ့် ဒီအရေအတွက်နဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ထွက်ပြေးနေရတဲ့ ဒေသခံအများစုဟာ ကလေးမြို့ပေါ်က နီးစပ်ရာဆွေမျိုးတွေအိမ်၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ ကျမ်းစာကျောင်းတွေမှာ အပြင် တောတောင်တွေထဲပါ ထွက်ပြေးခိုလှုံနေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“လေယာဉ်နဲ့အပေါ်ကနေ ဗုံးကြဲတာမျိုးလည်းရှိတယ်။ လက်နက်ကြီးနဲ့လည်းပစ်တယ်။ ကြားနေရတဲ့ဟာပေါ့နော်။ ကလေးမြို့မှာကျတော့ အသိတွေဆီမှာ ကပ်နေကြတယ်။ တချို့ကတော့ ဘုရားကျောင်းတို့ ကျမ်းစာကျောင်းတို့ နေကြတယ်”
ကလေးမြောက်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်တာကြောင့် ဒေသခံအရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့မြောက်ပိုင်း ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ ညောင်ကုန်းရွာ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ကျမတို့က ရွာကိုစွန့်ပြီးပြေးလာတာ။ မပစ်တဲ့ အချိန်လေး၊ သေနတ်သံမကြားရတဲ့ အချိန်လေး နားစွန့်ပြီးတော့ လူတွေသွားပြီးဆိုရင် ကျမတို့လည်း ဆိုင်ကယ်နဲ့ပြေးပြီး ကိုယ့်ပစ္စည်းလေး တန်ဖိုးကြီးတဲ့ ဟာလေးကို ပစ္စည်းလေး သွားယူလိုက်၊ သေနတ်သံ စကြားလာတာနဲ့ ပြေးလာရတော့တာ ရွာဘက်မှာ သေနတ်သံတွေ၊ လက်နက်ကြီးသံ တွေ မြို့ပေါ်ကနေကြားရတယ်။ ကိုယ်တိုင်တော့ ရွာထဲကိုပြန်မသွားရဲ တော့ပေမယ့် အဲမှာတောထဲမှာပြေးတဲ့သူတွေ ပြောတာကတော့ ရွာထဲမှာမီးလောင်ပြီလို့တော့ ပြောတယ်”
ဧပြီလ ၁ ရက်နေ့ကနေ ဧပြီလ ၄ ရက်နေ့အထိ ကလေးမြို့မှာရှိတဲ့ လေယာဉ်ကွင်းမှာလည်း ရဟတ်ယာဉ်တွေ ဆင်းသက်ခဲ့ပြီး လက်နက်အင်အား၊ လူအင်အား ဖြည့်တင်းနေတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၄ ရက်နေ့ မနက်အစောပိုင်းက ကလေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ စီးယင်းဒေသကာကွယ်ရေး CDM အဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သားတစ်ဦး သေဆုံးခဲ့သလို လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ CDM အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အချိန်မရွေးတိုက်ပွဲဖြစ်နိုင်လို့ ကလေးမြို့မြောက်ပိုင်းလမ်းကို သတိထားသွားလာဖို့ ကလေးဒေသကာကွယ်ရေး ပူပေါင်းတပ်တွေက ဧပြီလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒေသဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးစာရင်းအရ ကလေးမြို့မှာ မြို့နေလူဦးရေ တစ်သိန်းသုံးသောင်းကျော်ရှိပြီး ကျေးလက်နေ လူဦးရေ နှစ်သိန်းနှစ်သောင်းကျော် ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ကလေးမြို့နယ်က ထွက်ပြေးရသူ ခုနစ်သောင်းခန့် ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။