ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်


2018.11.28
kachin_refugees-622 ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်များ။
Photo: RFA

ကချင်ပြည်နယ်က IDP စစ်ရှောင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။ IDP ဒုက္ခသည်တွေကို ကူညီတဲ့အခါမှာလည်း အခက်အခဲတွေ များစွာကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ မနန္ဒာချမ်း တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ လိုအပ်

(မနန္ဒာချမ်း)

ကချင်ပြည်နယ်က IDP စစ်ရှောင်ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ မလုံလောက်တဲ့ ပြဿနာ အပါအဝင် ဆောင်းရာသီဖြစ်တဲ့အတွက် ဆေးဝါးနဲ့ အနွေးထည်၊ စောင် အရေးပေါ် လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။ အထူးသဖြင့် IDP စခန်းတွင်းက လူကြီးနဲ့ ကလေးတွေဟာ ဆောင်းရာသီမှာဖြစ်တဲ့ ရာသီတုတ်ကွေး အပါအဝင် ဖျားနာတာတွေကိုလည်း ပြင်းပြင်းထန်ထန် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်လက်နက်ကိုင်အဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ မြန်မာ-တရုတ်နယ်စပ် မှတ်တိုင် ၆ နဲ့ ၈ ဒေသတွေက IDP ဒုက္ခသည်တွေဟာ အအေးဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရပြီး၊ ဒီဒုက္ခသည်တွေကို အရေးပေါ် အကူညီတွေ ပေးကြဖို့ - ဒုက္ခသည်အရေး ကူညီပေး နေသူတွေက မေတ္တာရပ်ခံနေကြတာပါ။

အခုလို ဒုက္ခသည်စခန်းတွေမှာ IDP ဒုက္ခသည်တွေ စားနပ်ရိက္ခာ မလုံလောက်ရတဲ့ အခြေအနေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး - Candle Library Foundation အဖွဲ့ အစီအစဉ် ညှိနှိုင်းဆောင်ရွက်ရေးမှူး ကိုဇင်လင်း က ပြောပြပါတယ်။

“အသက် ၁၆ ကနေ ၃၅ အထိက အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေ အဓိက အခြေခံ ဆန် အထောက်အပံ့ ဖြတ်တောက်လိုက်တာ။ ၂ဝ၁၆ ကတည်းက။ နောက်တခုကကျတော့ ပုံမှန်ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးက အထူးသဖြင့် KIA ထိန်းချုပ်ဒေသပေါ့နော်။ အဲဒီဘက်သွားရင် မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) က ပြဿနာတက်တာ။ ဆိုတော့ ပုံမှန်ထောက်ပံ့တဲ့ အဖွဲ့တွေ ဝင်လို့မရတော့ဘူးခင်ဗျ။ အဲဒီတခုလည်း ရှိပါတယ်။ အဲဒါကကျတော့ ဒီအထောက်အပံ့ လမ်းကြောင်းတခုလုံးကို ဖြတ်ချလိုက်တဲ့သဘော ဖြစ်သွားတာပေါ့။ နိုင်ငံတကာ NGOs တွေကျတော့လည်း ပြဿနာက မြစ်ကြီးနားအကျော် ဝိုင်းမော်အထိကို သွားလို့မရဘူး။ အခုအခြေအနေကလေ။ တံတားကျော်သွားလို့ကို မရဘူး။ အဲဒီမှာကို ပိတ်စစ်ပြီးတော့ နိုင်ငံခြားသားဆိုရင် လာလို့မရဘူး။ အဲတော့ INGO တွေမှာ ဒေသတာဝန်ခံတွေကတော့ ဝိုင်းမော်အထိ ရတယ်။ ဒါပေမယ့် စောစောကပြောသလို KIA ထိန်းချုပ်နယ်မြေထဲ ရောက်သွားရင် မရတော့ဘူး။ အစိုးရက ထုတ်ထားတာရှိတယ်။ အထူးသဖြင့် အထောက်အပံ့ အဖွဲ့အစည်းအားလုံး KIA ထိန်းချုပ်နယ်မြေထဲ လှူဒါန်းနေတဲ့ အဖွဲ့အစည်းအားလုံးကို ၁၇ (၁) နဲ့အရေးယူမယ်ဆိုတာကို ၂ဝ၁၇ က ထုတ်ထားတဲ့ တရားဝင် ကြေညာချက်ရှိတယ်ခင်ဗျ”

တကယ်တော့ IDP ဒုက္ခသည်တွေဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေကို ကူညီပေးရေးမှာ NGO အဖွဲ့တွေအနေနဲ့ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁ နဲ့ အရေးယူခံရမှာ စိုးရိမ်တဲ့အတွက် ဒုက္ခသည်စခန်း တွေဆီ အကူညီတွေ ရောက်နိုင်ဖို့ကို အဟန့်အတားတွေ ဖြစ်နေရတာပါ။ ဒါနဲ့ ပတ်သက်လို့လည်း ကိုဇင်လင်း က -

“တကယ်တော့ ဘာမှမဆိုင်ဘူးလေ။ ဒါပေမဲ့ ဘယ်လိုရည်ရွယ်ချက်ကြောင့်လဲဆိုတာတော့ ကျနော် မှတ်ချက်ပေးလို့ မရဘူး။ ဒါပေမဲ့ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ အဲဒီဘက်ကို ရောက်တဲ့သူတိုင်း ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ၁၇ (၁) နဲ့က အလကားနေရင်းနဲ့ အရေးယူခံနေရတာပေါ့။ အဲ့လိုဖြစ်နေတယ်။ တကယ်တော့ ဘာမှ မဆိုင်ပါဘူး။ အကူအညီတွေက ဘယ်နေရာကို အတိအကျရောက်မယ်တော့ မသိသေးဘူး။ ဒါပေမဲ့ လက်လှမ်းမှီသလောက် ဝိုင်းမော်နဲ့ မြစ်ကြီးနားတဝိုက်ရှိမယ်။ ဖားကန့်ရှိမယ်။ ပြီးတော့ တခြား ပို့နိုင်သလောက် နေရာ အကုန်ပို့မယ်ပေါ့”

၂ဝ၁၁ ခုနှစ်ကတည်းက KIA နဲ့ မြန်မာစစ်တပ်အကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ IDP စစ်ရှောင်ဒုက္ခသည်စခန်း ၁၇၂ ခုရှိပြီး ဒုက္ခသည်ဦးရေ ၁ သိန်း ၂ သောင်းကျော် ရှိတယ်လို့လည်း သိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။