KIA နှစ်ပတ်လည်ပွဲ တိုက်ခိုက်ခံရမှု သေဆုံးသူ ၇၀ အထိရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကေအိုင်အေ တပ်မဟာ (၉) နယ်မြေမှာ အောက်တိုဘာလ ၂၃ ရက်နေ့ညက စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့မှု ကြောင့် သေဆုံးသူ ၇၀ လောက်အထိ ရှိလာပြီး ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်ကို ကယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် စစ်ကောင်စီက တားမြစ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက RFA ကို ဒီနေ့ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ ည ၉ နာရီဝန်းကျင်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တည်ထောင်တဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် တေးဂီတဖျော်ဖြေပွဲပြုလုပ်နေချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် သုံးစင်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကေအိုင်အေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် ကျောက်စိမ်းလုပ်ငန်းရှင်တွေ၊ ကချင် အနုပညာရှင်တွေ သေဆုံးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
“ဒီနေ့အထိ လူနာအရေအတွက်က ၁၅၀ လောက်တော့ရှိမယ်၊ ဆုံးသွားတဲ့အရေအတွက်ကျတော့ ၆၀၊ ၇၀ လောက်တော့ ရှိတယ်"
ဒီနေ့အထိ သေဆုံးသူအရေအတွက်ဟာ ၇၀ လောက်အထိ ရှိနေပြီး ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့်မရတာကြောင့် စိုးရိမ်နေရတယ်လို့ အဲဒီနယ်မြေမှာ ဒဏ်ရာရရှိသူတွေကို အကူအညီပေးနေတဲ့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့အထိ လူနာအရေအတွက်က ၁၅၀ လောက်တော့ရှိမယ်၊ ဆုံးသွားတဲ့အရေအတွက် ကျတော့ ၆၀၊ ၇၀ လောက်တော့ ရှိတယ်။ အခုနောက်ပိုင်း အဲဒီလူနာတွေထဲမှာ ဆေးမကုနိုင်လို့လေ ဆေးမကုနိုင်တဲ့အတွက်ကြောင့် ပိုပြီးတော့ စိုးရိမ်ရတဲ့အပိုင်းတွေ အများကြီးရှိတယ်။ အဲဒါကို ဂိတ်မှာသွားပြောကြည့်တာက ဂိတ်မှာလည်း ဖြတ်လို့လည်း မရဘူး”
ဗုံးကြဲခံရတဲ့ညက တချို့က ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးသွားတဲ့သူတွေ ရှိသလို တချို့ အလောင်း တွေက တစ်စစီဖြစ်သွားတာကြောင့် သေဆုံးသူ စာရင်း တိတိကျကျသိရဖို့ ခက်ခဲနေတာလို့လည်း သူက ပြောပါ တယ်။
လက်ရှိမှာ ရသလောက် ဆေးဝါးနဲ့ ကုသနေပေမယ့် သွေးထွက်လွန်ပြီးတော့ သေဆုံးသူတွေ ရှိနေဆဲဖြစ်တယ် လို့လည်း သူက ဆက်ပြောပါတယ်။
အဲဒီနေ့က သေဆုံးသူတွေအထဲမှာ ကချင်ဂီတအနုပညာရှင် ကီးဘုတ်တီးခတ်သူ ဇခုန် ဇော်မွန်း (Ko King) လည်းပါဝင်ပြီး သူ့ရဲ့ ရုပ်အလောင်းကို ဒီနေ့အထိ သယ်ယူလို့မရ သေးဘူးလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“အလောင်းလည်းယူလို့မရဘူး၊ သူတို့ရဲ့ တိုင်းမှူးကခွင့်မပြုဘူးလို့ပြောတယ်။ အဲဒီက သေဆုံးသွားတဲ့သူ အားလုံးကို အဲမှာ ဘယ်ရွာမှာဆိုလဲမသိဘူး အဲမှာ မြှုပ်မလို့ပြောတာပဲ။ သို့သော် မိသားစုဝင်တွေက ဒီနေ့ လိုက်သွားတာ။ ဒါပေမဲ့ လမ်းမှာ ခက်ခဲနေကြတာ အများကြီးရှိတာပေါ့။ ဝင်လာလို့မရဘူး။ ကချင် အနုပညာရှင် အသင်းချုပ်ကနေပြီး တက်သွားပြီးမှ လိုက်သွားကြည့်တာ။ Body မရရင်တော့ ပြာလေး ရမလားဆိုပြီး သွားပြောမလို့တော့ပြောတယ် ။ ဘယ်လိုမျိုးအခြေအနေ လာမလဲတော့ မသိဘူး။ ခန္ဓာကိုယ် တော်တော် ပျက်စီးသွားတယ်လို့တော့ ကြားတာပဲ။ အဲလိုမျိုးဆို သူတို့ အရင်မြှုပ်လိုက်တာပေါ့”
ဒဏ်ရာရသူတွေနဲ့ ရုပ်အလောင်းတွေကို သယ်ယူနိုင်ဖို့အတွက် ဖားကန့်မှာရှိတဲ့ လူမှု ကူညီရေးအသင်းတွေက မနေ့က ကတည်းက သွားစောင့်နေပေမယ့် ကံဆီးကျေးရွာမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်မပေးဘဲ ပိတ်ပင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်မြို့က လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။
“မနေ့က ကျနော်တို့ ဖားကန့်နယ်က အသင်းတော်တော်များများက များသွားတယ်။ ဒါပေမဲ့ ကျနော်တို့ သွားခွင့်မရဘူးဗျ။ သွားခွင့်လည်းမရဘူး ကောက်ခွင့်လည်းမရဘူးဗျ။ လူလည်း ဝင်ခွင့်မရဘူးဗျ။ မနက်ပိုင်းအထိ မရသေးဘူးဗျ။ အသင်းကတွေလည်း ဘယ်အသင်းမှ မသွားတော့ဘူး။ သွားလို့မရလို့ဗျ၊ သေဆုံးတဲ့သူတွေကိုလည်း ဟိုဘက် မှာ သင်္ဂြိုဟ်မယ်ပေါ့၊ လူနာတွေကိုလည်း အဆင်ပြေသလိုပဲ ကုနေတယ် ပြောတယ်ဗျ”
ကယ်ဆယ်ရေးလုပ်ဖို့ မြောက်ပိုင်းတိုင်း တိုင်းမှူးအထိ တင်ပြထားပေမယ့် ဒီနေ့ညနေအထိ ခွင့်ပြုချက်မရသေး သလို အဲဒီနေရာက ထွက်လာသူတွေကိုလည်း မတရားအသင်း ဆက်သွယ်မှုပုဒ်မ - ၁၇(၁) နဲ့ အရေးယူမယ်လို့ စစ်တပ်အရာရှိတွေက ပြောဆိုကြောင်း လည်း ကူညီကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲသတင်းတွေနဲ့ လမ်းပိတ်ထားတယ်ဆိုတဲ့ အခြေအနေတွေကို သူ မသိရသေးဘူးလို့ ပြောပါတယ်။
“အစိုးရဘက်ကတော့ ဟိုဟာဖြစ်တဲ့ ပြည်သူတွေကို ထောက်ပံ့နိုင်ဖို့ လိုအပ်တာ စီစဉ် ပေးဖို့ ကျနော်တို့ စီစဉ်နေပါတယ်ဗျ။ လုပ်လည်း လုပ်နေပါတယ်။ ကျန်တဲ့ တိုက်ပွဲ သတင်းတွေက ကျနော် မသိပါဘူး”
စစ်ကောင်စီတပ်စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် ကချင် လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ တပ်မဟာ ၉ နယ်မြေကို လိုအပ်သလို စစ်ဆင် ရေးတွေ တန်ပြန်ဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာ တွေမှာ ဖော်ပြထားပါတယ်။
ပြည်သူတွေနဲ့ အနုပညာရှင်တွေ သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေဟာ ကောလာဟလသာဖြစ်ပြီး သေဆုံးသူ တွေဟာ ကေအိုင်အို တပ်မဟာမှူးအဆင့်ရှိတဲ့ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိတဲ့ ဇယ်တောင်၊ တိုက်နယ် မှူးအဆင့်ရှိတဲ့ ဒူကဘာလအောင်၊ သယံဇာတတိုင်းတာရေးတာဝန်ခံ ဖေရန် အပါအဝင် ကေအိုင်အေနဲ့ PDF အဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့် ဒေသခံတစ်ဦးကတော့ သေဆုံးသူအများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“သေဆုံးတာက ကေအိုင်အေ ဝန်ထမ်းတွေက ဒီလောက်မဟုတ်ပေမယ့် ပြည်သူတွေ ပေါ့နော်။ ပြည်သူတွေ ဆိုတဲ့နေရာမှာ အမျိုးသမီးတွေ၊ ဈေးလာရောင်းတဲ့ အမျိုးသမီးနဲ့ ကလေးတွေပါတယ်။ အမျိုးသမီးသီးသန့်ပေါ့၊ ပြီးလို့ရှိရင်လည်း ချက်ပြုတ်တဲ့သူတွေရော အားလုံးဆိုလို့ရှိရင် ပြည်သူတွေထဲအနေအထားနဲ့ဆို တော်တော်များ တယ်။ လက်ရှိ ကောက်ရထားတဲ့ အလောင်းရေပြီးလို့ရှိရင် ဟိုတစ်စ ဒီတစ်စ အားလုံးကို တွက်ကြည့် လိုက်မယ်ဆိုရင်တော့ အားလုံး ၇၀ ကျော်၊ ၈၀ လောက်ကတော့ရှိတယ်ပေါ့။ အခုက အပြင်ကို လုံးဝ ထွက်လို့မရတဲ့ အတွက် အဲဒီအထဲမှာ ဒဏ်ရာရတဲ့သူတွေအားလုံး စုစည်း ပြီးမှ အဲမှာရှိတဲ့ ဆေးဝါးတွေနဲ့ပါ ကုသနေတဲ့ အခြေအနေပေါ့”
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကိုလည်း သယ်လာလို့မရတဲ့အတွက် ဗုံးကြဲခံရ တဲ့နေရာရဲ့ တစ်ဖက်ကမ်း မှာ ဖားကန့်က အသင်းတော်ကလူတွေက ဒီနေ့ သွားရောက် သင်္ဂြိုဟ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သူက ပြောပါတယ်။

ကေအိုင်အို ဗဟိုကတော့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အနန့်ပါ (Anang Pa) ဟာ ကေအိုင်အေ စခန်း မဟုတ်ဘဲ ခရီးသွားပြည်သူတွေ ခေတ္တခဏ အနားယူကြတဲ့ ဈေးဆိုင်တန်းစခန်းငယ် နေရာဖြစ်တယ်လို့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
လူအစုလိုက်အပြုံလိုက် သေကြေအောင် ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေနဲ့ ကေအိုင်အို အမှုထမ်း မြောက်မြားစွာ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပေမယ့် အရေအတွက် အတိအကျကိုတော့ ဖော်ပြမထားပါဘူး။
ဒီဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီကို တွန်းလှန်တော်လှန်တဲ့ တော်လှန်ရေး ခွန်အားအဖြစ် အရှိန်မြှင့်တင်သွားမယ်လို့လည်း ကေအိုင်အိုရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒါက စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုလို့ ပြောပါတယ်။
“ကေအိုင်အို တပ်ဖွဲ့ဝင်တွေလည်းပါတယ်၊ အရပ်ဘက်က အနုပညာတချို့တွေလည်း ပါတယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေလည်းပါတယ်လို့ ကြားပါတယ်၊ နာမည်နဲ့တော့ ကျနော်တို့က ပြောလို့တော့မရဘူးပေါ့နော်။ အဲလုပ်ရပ်အပေါ် ပြောမယ်ဆိုရင် လူမဆန် တဲ့အလုပ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်သူကို တိုက်ခိုက်တာလည်း မဟုတ်ဘူး၊ အရပ်ဘက်နဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးမှ ရောပြီးမှနေတာ သူတို့လည်း သိလျက်နဲ့ အစီအစဉ်ရှိရှိနဲ့ တမင်တကာ လုပ်တယ်ဆိုတော့ ဒါက လူယုတ်မာ လုပ်ရပ် တွေလည်း ဖြစ်ပါတယ်၊ နောက် စစ်ဇရာဝတ်မှုလည်းမြောက်တယ်လို့ စွပ်စွဲလိုပါတယ်”
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် အလွန်အကျွံ အင်အားသုံး တိုက်ခိုက်ခဲ့ပုံရပြီး လက်ခံနိုင်စရာ မရှိ ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက မနေ့က ထုတ်ပြန်ခဲ့သလို နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေကလည်း ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။