စစ်ကောင်စီရဲ့ နိုင်ငံရေးမသင်ရ ပုဂ္ဂလိကပညာရေးဥပဒေ ခေတ်နောက်ပြန်ဆွဲနေ

RFA Burmese
2023.06.09
စစ်ကောင်စီရဲ့ နိုင်ငံရေးမသင်ရ ပုဂ္ဂလိကပညာရေးဥပဒေ ခေတ်နောက်ပြန်ဆွဲနေ မကွေးတိုင်း၊ ကံမမြို့နယ်အတွင်းရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
Myanmar Digital News

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုဂ္ဂလိကကျောင်းတွေမှာ ပါတီနိုင်ငံရေးအကြောင်းအရာတွေမသင်ရဆိုတဲ့ဥပဒေ ထုတ်လိုက်ပါတယ်။

ဒီကန့်သတ်ချက်ကို ဖောက်ဖျက်ရင် ကျောင်းမှတ်ပုံတင်ကို ယာယီပိတ်သိမ်းတဲ့အဆင့်ကနေ နာမည်ပျက်စာရင်းသွင်းတဲ့အထိ အရေးယူမယ်လို့ ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်က ပြဋ္ဌာန်းခဲ့တဲ့ ပုဂ္ဂလိကပညာရေး ဥပဒေမှာ ဖော်ပြထားပါတယ်။

ပုဂ္ဂလိကကျောင်းတွေမှာ ဘာသာရေး၊ နိုင်ငံရေးလွှမ်းမိုးမှုနဲ့ ဝင်ရောက်စွက်ဖက်မှုတွေက ကင်းလွတ်စေရေးဆိုတဲ့အချက်ကို အခြေခံမူထဲမှာ ထည့်သွင်းထားတာပါ။

အာဏာရှင်တော်လှန်ရေးစိတ်ဓာတ်တွေ ကျောင်းသားလူငယ်တွေဆီ ကူးစက်သွားမှာ စိုးရိမ် တဲ့အတွက် စစ်ကောင်စီက ဒီလိုကန့်သတ်ပြဋ္ဌာန်းတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂ္ဂလိကကျောင်း တည် ထောင်သူတစ်ဦးက ပြောပါတယ်။

“ကျောင်းသားတွေရော၊ ကျောင်းတွေမှာရော၊ ဆရာ၊ ဆရာမတွေရော နိုင်ငံရေးတွေနဲ့ အခုနောက်ပိုင်း ဆိုရင် တော်လှန်ရေးတွေဘာတွေ ကိစ္စတွေပါ ရှိမှာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့မှ ပြောတာ ဆိုတာတွေကို သူတို့ကတော့ ကြောက်မှာပဲပေါ့နော်။ ကလေးတွေဆီကို ကူးစက်သွားမှာကြောက်မှာပါပဲ။ ကြောက်မှာပဲဆိုတော့ ဒီဥပဒေထဲမှာ ထည့်ထားတဲ့အခါကျတော့ တစ်ခုခုဘာညာဆိုလို့ရှိရင် ကျွန်တော်တို့ ကျောင်းတွေ အတွက်ကတော့ ဖြေရှင်းရ အရမ်းခက်ခဲတဲ့ အနေအထားမျိုး ရှိလာမှာပေါ့”

အစိုးရကျောင်းတွေမှာ နိုင်ငံရေးမသင်ရဘူးဆိုပြီး စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပေမယ့်၊ ပုဂ္ဂလိကကျောင်းတွေကို အပြည့်အဝမထိန်းချုပ်နိုင်တဲ့အတွက် အခုလိုတင်းကျပ်တဲ့ ဥပဒေပြဋ္ဌာန်းလာတာလို့ ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

"လူတစ်ဦးတစ်ယောက်ရဲ့ စိတ်ထင်ရာရှိတဲ့ ဥပဒေတွေထုတ်ပြီး လိုက်ကန့်သတ်ကတည်းကိုက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဖျက်ဆီးနေတာနဲ့ အတူတူပဲလို့ ပြောချင်တယ်”

ကျောင်းသားလူငယ်တွေ ဆန့်ကျင်ဘက်နိုင်ငံရေးအုပ်စုတွေဆီပါ မသွားအောင် စစ်ကောင်စီက ထိန်းချုပ်နေတာလို့  တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပါတယ်။

“ဥပဒေသစ်၊ စည်းကမ်းသစ်တွေ ကျပ်ကျပ်တည်းတည်း ချမှတ်ပြီးပြဋ္ဌာန်းထားတယ် ဆိုတာသည် လက်ရှိသူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားထူထောင်ရာမှာ အထောက်အကူဖြစ်ဖို့ ကြိုတင်ပြီးတော့မှ ထိန်းချုပ်တဲ့သဘောလို့ မြင်တယ်။ နစကနဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကြားထဲက တဖြည်းဖြည်းကြီးမားလာတဲ့ နိုင်ငံရေးအားပြိုင်မှုနဲ့ စစ်ရေး အားပြိုင်မှုတွေအထဲမှာ ကျောင်းသားကလေးသူငယ်တွေ ပါမသွားဖို့ ကြိုတင်ထိန်းချုပ် တဲ့သဘောလို့ ဒီအတိုင်းပဲမြင်ပါတယ်”

ဒီဥပဒေမှာ စစ်ကောင်စီ လက်အောက်ခံ ဗဟိုအဆင့်ကြီးကြပ်ရေးအဖွဲ့နဲ့ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့တွေက ပုဂ္ဂလိကကျောင်းတွေ တည်ထောင်ခွင့်၊ ပိတ်သိမ်းခွင့်၊ ဆရာ၊ ဆရာမတွေရဲ့ ပညာသင်ခွင့်တွေ အပါအဝင်  ပုဂ္ဂလိကကျောင်းတွေနဲ့ ဆက်စပ်တဲ့ အရာအားလုံးကို ထိန်းချုပ်ထားဖို့ ပြဋ္ဌာန်းထားပါတယ်။

တကယ်လို့ နိုင်ငံတော်မူဝါဒနဲ့ ဆန့်ကျင်တဲ့ နိုင်ငံရေးအကြောင်းအရာတွေကို ဟောပြောတာ၊ ပို့ချတာ၊ ထည့်သွင်းပြောဆိုတာ၊ သင်ကြားတာ၊ ဆွေးနွေးတွေတာတွေလုပ်ရင် အမြင့်ဆုံး ထောင်တစ်နှစ်၊ ဒဏ်ငွေ အများဆုံး ကျပ်သိန်း ၅၀ ချမှတ်နိုင်ပြီး ထောင်ဒဏ်နဲ့ ငွေဒဏ်ပါ တစ်ပေါင်းတည်းလည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါဟာ စစ်အုပ်ချုပ်ရေးစနစ်ကို အလုပ်အကျွေးပြုမယ့် ဥပဒေကိုပြဋ္ဌာန်းတာလို့ အမျိုးသားညီညွတ်ရေး အစိုးရပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဝေဖန်ပါတယ်။

“ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ လုံးဝမလိုလားတဲ့ စစ်တပ်အနေနဲ့ ဒီလိုပဲ ဒါတွေထုတ်ပြန်လာတာ မထူးဆန်းပါဘူး။ သူတို့ရဲ့အာဏာလက်မလွှတ်ရဖို့ ဒါအတွက် ရည်ရွယ်ပြီး ဒီဥပဒေတွေထုတ်ပြန်လာတာ ဒါရှင်းပါတယ်ဗျာ။ စစ်ကျွန်ပညာရေးကို အထောက်အကူဖြစ်မယ့် ဥပဒေတွေ ထုတ်ပြန်နေတာပါ။ ဒါလည်းမကြာခင်မှာ သူတို့ရဲ့ကျဆုံးမှုနဲ့အတူ ဒီဥပဒေဟာ ပျောက်သွားမှာပါပဲ”

ဒီဥပဒေပြဋ္ဌာန်းရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။ ဒါကြောင့်စစ်တပ်အရာရှိဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကိုမေးကြည့်တော့ အခုလိုကန့်သတ်လိုက်တာဟာ လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီတယ်လို့ပြောပါတယ်။

“နိုင်ငံရေးမှမသိဘဲနဲ့ လူတွေက ဘယ်လိုသွားမလဲတို့၊ နိုင်ငံရေးဆိုတာ လူတွေနဲ့ အကုန်သက်ဆိုင် တယ်လို့။ ဒါတွေက သီအိုရီမျှသာ ပြောထားတဲ့ကိစ္စတွေ။ သီအိုရိအရတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်။ ဒါပေမဲ့ လက်တွေ့အခြေ အနေအရ ဖော်ဆောင်ကျင့်သုံးတဲ့နေရာမှာ တစ်ခုခုလွဲမှားသွားတာနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် နိုင်ငံတည်ဆောက်ရေးအပိုင်းတွေမှာ အများကြီး ထိခိုက်သွားနိုင်တဲ့အတွက် ကြောင့် ဒီလိုမျိုး ကန့်သတ်မှုလုပ်တယ်လို့ မြင်ပါတယ်”

ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းအား တွေ့ရစဉ်။ (Photo: Thanlwin Private School/Faceook)
ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းအား တွေ့ရစဉ်။ (Photo: Thanlwin Private School/Faceook)

ပုဂ္ဂလိကကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှုတွေနဲ့ အခြားမလိုလားအပ် တာတွေ သင်နေတာကို ထိရောက်တဲ့ဥပဒေတွေနဲ့ ဟန့်တားအရေးယူဆောင်ရွက်ကြဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ကကျင်းပခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံရေးသိပ္ပံဌာနမှာ တာဝန်ထမ်းခဲ့ပြီး အခု CDM လှုပ်ရှားမှုမှာပါတဲ့ ကထိက ဒေါက်တာသန်းလွင်ဦးကတော့ ပညာရေးလွတ်လပ်ခွင့်ကို တားမြစ်တာဟာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးတာလို့ ဝေဖန်ပါတယ်။ 

“ကမ္ဘာကြီးက အခုဒီဘက်မှာ AI နည်းပညာတွေ တိုးတက်လာပြီး တချို့သောနိုင်ငံမှာဆို 5G ကနေ 6G တွဘာတွေလုပ်နေတဲ့ အချိန်မျိုးမှာ ကျွန်တော်တို့တိုင်းပြည်က ဒီဘက်မှာ ပညာရေးကို ဘောင်ခတ်လုပ်ဖို့အတွက် ကြိုးစားနေတာတော့ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့ အစည်းကို ကြောက်ခေတ်ကို  ပြန်ဆွဲခေါ် သွားနေတဲ့ အခြေအနေပေါ့နော်။ တချို့သော နိုင်ငံတွေ ဆိုရင် ပညာရေးလွတ်လပ်ခွင့်ကို ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းပြီးတော့ အာမခံချက်ပေးနေရတဲ့ အချိန်မှာ ကျွန်တော်တို့ တိုင်းပြည်မှာ လူတစ်ဦး တစ်ယောက်ရဲ့ စိတ်ထင်ရာရှိတဲ့ ဥပဒေတွေထုတ်ပြီး လိုက်ကန့်သတ် ကတည်းကိုက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဖျက်ဆီးနေတာနဲ့ အတူတူပဲလို့ ပြောချင်တယ်”

စစ်ကောင်စီက ပညာရေးလွတ်လပ်ခွင့်ကို ဖိနှိပ်တဲ့ဥပဒေတွေနဲ့ပြဋ္ဌာန်းနေတဲ့ တစ်ချိန်တည်း မှာပဲ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ဖမ်းဆီး အရေးယူတာ တွေရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် စုစုပေါင်း ၁၆၅၈ ဦးဖမ်းဆီးခံရပြီး ၁၆၁ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။