စွမ်းအားပြင်းဗုံးတွေကို သုံးဖို့ စစ်ကောင်စီ ပြင်ဆင်နေလို့ ဒီမိုအင်အားစုတွေပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.06.02
စွမ်းအားပြင်းဗုံးတွေကို သုံးဖို့ စစ်ကောင်စီ ပြင်ဆင်နေလို့ ဒီမိုအင်အားစုတွေပြောကြား ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလလယ်ပိုင်းက ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Photo: RFA

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ လတ်တလောကာလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က အကျအဆုံးများပြီး တပ်စခန်းဆုံးရှုံးမှုတွေ၊ ထွက်ပြေးလက်နက်ချတဲ့ သတင်းတွေ နေ့စဉ်ဆိုသလိုကြားနေရပါတယ်။ စစ်ကောင်စီတပ်တွေဟာ လေကြောင်းအကူအညီ မပါရင် မတိုက်ရဲတော့ဘူးလို့လည်း တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

အထိနာနေတဲ့ စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ လက်ရှိသူတို့သုံးစွဲနေတဲ့ ဗုံးတွေ၊ ရော့ကက်လောင်ချာတွေအပြင် ပိုမိုစွမ်းအားပြင်းတဲ့ လက်နက်တွေကို သုံးစွဲလာနိုင်တယ်လို့ ပြည်သူ့ဖက်ပြောင်း CDM စစ်တပ်အရာရှိတွေက ပြောဆိုကြပါတယ်။ အဲဒီလက်နက်တွေထဲမှာ Cluster ခေါ် ဆင့်ကွဲဗုံးတွေနဲ့ FAE Fuel Air Explosive ခေါ် လောင်စာဗုံးတွေပါဝင်တယ်လို့ CDM လေယာဉ်မှူး ဗိုလ်ကြီး ဇေသူအောင် က RFA ကိုပြောပါတယ်။

“Cluster bomb ဆိုတာကတော့ အမေရိကန်လို ကလတ်စတာ ဗုံးအဆင့်တော့ မလုပ်နိုင်ဘူး။ ဒါပေမဲ့လည်း ကပစ ကနေထုတ်တဲ့ ကလတ်စတာပေါ့။ ကလတ်စတာဗုံးတွေ အများစုကတော့ တစ်ခုက နေရာတစ်ခုကို ကျမယ်။ တစ်ခုက လေထဲမှာပဲ ကွဲတာမျိုးပေါ့။ လေထဲမှာကွဲပြီး အောက်ကို ပြန့်ကျဲပြီး ကျတာ တစ်မျိုးရှိတယ်။ နောက်တစ်မျိုးက မြေပြင်မှာ ကျပြီး ကွဲသွားတဲ့အချိန်မှာ ဆင့်ကဲ ဆင့်ကဲ နှစ်ခါ သုံးခါလောက် ဆင့်ကဲပေါက်တာပေါ့။ နောက်တစ်ခုက FAE ဗုံးပေါ့။ FAB လို့လည်း ခေါ်တယ်။ အမျိုးအစားတွေက နိုင်ငံခြားက ဝယ်တဲ့ဟာတွေလည်း ရှိတယ်။ နိုင်ငံခြားက ဝယ်တဲ့ဟာကိုမှ အတုယူပြီး ကပစ ကိုယ်ပိုင်ထုတ်တဲ့ ဗုံးအမျိုးအစားတွေလည်း ရှိပါတယ်။”

FAE ဗုံးကို လေယာဉ်က ကြဲချလိုက်တဲ့အခါ ဗုံးကျတဲ့နေရာတစ်ဝိုက်မှာ လေဟာနယ်ကိုဖြစ်ပေါ်စေပြီး ပြင်ပလေထုက အစားထိုးဝင်ရောက်လာတဲ့အခါ လေထုဖိအားကြီးမှုကြောင့် လူတွေ နှလုံးခုန်ရပ်ပြီး အသက်ဆုံးပါးနိုင်တယ်လို့လည်း လေသူရဲ ဗိုလ်ကြီး ဇေသူအောင်က ပြောပါတယ်။

“FAE ဗုံးအမျိုးအစားတွေက ကြဲလိုက်ပြီဆိုရင် အတွင်းထဲမှာ သူက လောင်စာပါတယ်။ အဲ့ဒီလောင်စာက လေနဲ့ပေါင်းစပ်ပြီးသွားတဲ့အခါမှာ ပေါက်ကွဲတာမျိုးပေါ့။ သူက ပေါက်ကွဲ အားပြင်းတယ်။ လေထဲမှာ ရှိတဲ့ အောက်ဆီဂျင်တွေ အကုန်လုံးကို ဘန်း(လောင်ကျွမ်း) ပစ်လိုက်တယ်။ ဘန်းလိုက်တဲ့ အချိန်မှာ လောင်ကျွမ်းပြီး အဲ့ဒီနေရာမှာ အပူချိန်အရမ်းမြင့်ပြီး pressure အရမ်းနည်းတဲ့နေရာတစ်ခု ဖြစ်သွားတာ။ အပူချိန်အရမ်းများပြီး ဖိအားအရမ်းနည်းတဲ့အချိန်မှာ အဲ့ဒီသက်ရောက်မှုကိုလည်း အဲ့ဒီဒေသကလူတွေက ခံစားရမယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ ဖိအားအရမ်းနည်းသွားတာဖြစ်တဲ့အတွက် ဘေးမှာရှိတဲ့ ဖိအားများတဲ့နေရာက ဖိအားနည်းတဲ့နေရာကို ပြန်ပြီး သိပ်ဝင်တဲ့ သဘောရှိတယ်။ သိပ်ဝင်တဲ့ သဘောအရ ပြစ်ပြီးရိုက်ထာပေါ့။ အဲ့သဘောကိုလည်းခံစားရမယ်။ လေထဲမှာရှိတဲ့ အောက်စီဂျင်အကုန်လုံးကို burn လိုက်လို့ အသက်ရှုကြပ်ပြီး သေတာမျိုးဖြစ်နိုင်တယ်။နောက်တခုက အပြင်ကလာတဲ့ pressure ကြောင့် ဖြစ်လာတဲ့ အားကြောင့် ဘာဖြစ်လာနိုင်သလဲ ဆိုရင် လက်ဝါးနှစ်ခုနဲ့ ညှပ်ပြီးရိုက်သလိုမျိုး ကျိုးကျေပြီး သေကြေပျက်စီးနိုင်ပါတယ်။ နားစည်တွေ ဘာတွေကွဲတယ် ဆိုတာက ပေါင် ၅ဝဝ ဗုံးတို့ အဲ့ ဗုံးတွေက ကွဲတယ်။ ခုနက ပြောတဲ့ အသံရဲ့ လှိုင်းပေါ့။ ပြင်းအား တအားကြီးတဲ့အချိန်မှာ အဲ့အနီးမှာနေတဲ့သူက သူရဲ့ဗုံးရဲ့ ပြင်းအားကြောင်းထွက်လာတဲ့ အသံကြောင့် နားကိုသွားထိတာ။အဲ့ဒီ အချိန်မှာ နားစည်ကွဲတာ နားထဲကနေ သွေးတွေ ယိုကျတာ နှာခေါင်းထဲက သွေးယိုကျတာ နောက်ပြီး နားက နှစ်ရက် သုံးရက်လောက် အူသွားတာဖြစ်တတ်ပါတယ်။”

56a546d9-e247-4f58-b818-e13ce7154469.jpeg
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ် ရဟတ်ယာဉ်ကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: CJ)

စစ်ကောင်စီလေတပ်ဟာ အဲဒီဗုံးတွေကို ပေ ၃ဝဝဝ အထက်ကနေ တရုတ်နိုင်ငံလုပ် A 5 နဲ့ ရုရှားနိုင်ငံလုပ် MIG 29 တိုက်လေယာဉ်တွေသုံးပြီး ကြဲချနိုင်တယ်လို့လည်း ဆိုပါတယ်။

“တစ်ကီလိုမီတာ အောက်ကို ဆင်းပြီးကြဲပြီဆိုရင် အဲဒီ ဗုံးကထွက်တဲ့ အစတွေက လေယာဉ်ကို ပြန်ထိနိုင်တာရှိတယ်။ ပေအားဖြင့်ဆိုရင် သုံးထောင်ရှစ်ဆယ်ပေါ့။ စစ်ကောင်စီဟာ သူတို့အာဏာတည်မြဲရေးအတွက်ဆိုရင် သူတို့ဆီမှာရှိတဲ့ လက်နက်ခဲယမ်း လူအင်အား ပစ္စည်းအားလုံး သူသုံးနိုင်တာကို သုံးမှာပါ။”

“ငြိမ်းချမ်းရေးကို ခေါ်ဆွေးနွေးလို့ မရလို့ ငါတို့ အကြမ်းနည်းနဲ့ လုပ်ရပါတယ်ဆိုတဲ့အစား ဘာဖြစ်လို့ ကိုယ်ခေါ်တဲ့ ငြိမ်းချမ်းရေးကို မလာသလဲ ဆိုတာ သူတို့ဘက်က ပြန်သုံးသပ်ဖို့ အဓိကပါ”

စစ်ကောင်စီအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် သူတို့ကမ်းလှမ်းချက်ကို လက်မခံတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကိုပါ အခုလို လက်နက်တွေ သုံးစွဲပြီး အင်အားပြခြိမ်းခြောက်နိုင်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ NUG အစိုးရအသိုင်းအဝန်းကလည်း စစ်ကောင်စီအနေနဲ့ Cluster နဲ့ FAE ဗုံးတွေကို သုံးစွဲဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ သတင်းတွေကို လတ်တလော ရရှိနေတယ်လို့ RFA ကိုပြောပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်း ကတော့ စစ်ကောင်စီအနေနဲ့ အဲဒီလို လက်နက်တွေကို သုံးစွဲခြင်းအားဖြင့် အကျိုးရှိမှာမဟုတ်ဘဲ ပိုမိုပြင်းထန်တဲ့ ခုခံစစ်ကိုသာ ကြုံတွေ့ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

“လူတော့ သေမှာပေါ့။ ဒါပေမဲ့လည်း တော်လှန်ရေးစိတ်ဓာတ်မကျတဲ့ အပြင် ပိုပြီးတော့တောင်မှ မခံချင်စိတ်တွေ တိုးလာမှာပဲ။ ဒါသူတို့ လုပ်နေကျဟာပဲ တခုမဟုတ် တခုလုပ်မှာပဲ။ တော်လှန်ရေးက ပျက်စီးရာ အကြောင်းမရှိသလို သူတို့ အတွက်အောင်ပွဲတခုလည်း မဟုတ်ဖူး။ စစ်ကောင်စီ အတွက်လည်း သူတို့ ကရင်ပြည်နယ် တစ်ခုလုံးတောင်မကဘူး။ တစ်နိုင်ငံလုံး သူဗုံးကြဲ သတ်ဖြတ်နိုင်မှာမှ မဟုတ်ပဲ။ ငြိမ်းချမ်းရေးကို ခေါ်ဆွေးနွေးလို့ မရလို့ ငါတို့ အကြမ်းနည်းနဲ့ လုပ်ရပါတယ်ဆိုတဲ့အစား ဘာဖြစ်လို့မလာသလဲ။ ကိုယ်ခေါ်တဲ့ ငြိမ်းချမ်းရေးကို မလာသလဲ ဆိုတာ သူတို့ ဘက်က ပြန်သုံးသပ်ဖို့ အဓိကပါ”

အခုလို ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။