စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ ဆွေးနွေးပွဲ ပြေလည်မှုမရ
2023.12.28
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ လျော့ကျရေးအတွက် စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့ထိ သုံးရက်ကြာ ဆွေးနွေးခဲ့ပေမယ့် နှစ်ဖက်တောင်းဆိုချက်တွေဟာ ကွာဟချက် ကြီးမားနေတာကြောင့် ဘာရလဒ်မှမထွက်ဘဲ ပြီးဆုံးသွားတယ်လို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိပ်တန်းအရာရှိတွေနဲ့ နီးစပ်သူတွေက RFA ကို အတည်ပြု ပြောဆိုပါတယ်။
ဒီဆွေးနွေးပွဲဟာ ဒီဇင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့ထိ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်မှာလုပ်ခဲ့တဲ့ ပထမအကြိမ် ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။ အခု ဒုတိယအကြိမ်မှာလည်း ညှိနှိုင်းလို့ မရတဲ့အတွက် ၂၀၂၄ ဇန်နဝါရီလထဲမှာ တတိယအကြိမ် ထပ်ဆွေးနွေးဖို့ သဘောတူထားကြပါတယ်။
ပထမအကြိမ်တုန်းက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား ဒီဇင်ဘာ (၃၁) ရက်နေ့ထိ ယာယီ အပစ်ခတ်ရပ်စဲဖို့ ဆုံးဖြတ်ထားတဲ့ “ဟိုင်ဂင် သဘောတူညီချက်”ကို ရရှိခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ အခု ဒုတိယတစ်ကြိမ်မှာတော့ တပ်နေရာချထားရေးကိစ္စနဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ရေးကိစ္စတွေကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြပေမယ့် အဖြေမထွက်ခဲ့ဘူးလို့ ဆိုပါတယ်။
“နှစ်ဖက်လိုလားချက်တွေဟာ နီးစပ်မှုမရှိတဲ့အတွက် ဒီအစည်းအဝေးတွေက အောင်မြင်မယ့်လမ်းစ မမြင်ဘူး”
နှစ်ဖက်လိုလားချက်တွေဟာ နီးစပ်မှုမရှိတဲ့အတွက် ဒီအစည်းအဝေးတွေက အောင်မြင်မယ့်လမ်းစ မမြင်ဘူးလို့ တရုတ်နိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
“အစည်းအဝေးအတွက် လာကြတဲ့ ရည်ရွယ်ချက်ခြင်းက သိပ်ဝေးလွန်းအားကြီးတယ်။ စစ်ကောင်စီကလည်း သူရထားတဲ့ နိုင်ငံရေး အာဏာတွေ၊ စီးပွားရေး အာဏာတွေကို သူများနဲ့မျှပြီးတော့ သုံးဖို့ဆိုတာ မရည်ရွယ်ဘူး။ ငြိမ်းချမ်းရေး အစည်းအဝေးတွေကို တက်တဲ့ရည်ရွယ်ချက်က သူကိုင်ထားတဲ့ အာဏာတွေကို ဘယ်လိုနည်းနဲ့ ဆက်လက် ကိုင်ဆွဲနိုင်မလဲအတွက်ပဲ နည်းလမ်းလာရှာတာ။ မြောက်ပိုင်းအဖွဲ့တွေကလည်း အနိမ့်ဆုံး သူတို့ဒေသ လွတ်မြောက်ရေးအတွက် သူတို့ လိုချင်တယ်၊ အဲဒီ ရည်ရွယ်ချက်တွေ ရှိတဲ့အခါကျတော့ သိပ်ကွာလွန်းအားကြီးတယ်လေ။ ဆိုတော့ အစည်းအဝေးတွေက အောင်မြင်လာစရာ အကြောင်းတော့ မရှိပါဘူး”
ဒုတိယအကြိမ် ဆွေးနွေးပွဲ ဘာရလဒ်မထွက်ဘဲ ပြီးဆုံးသွားတာနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်နဲ့ အမြင်သဘောထားသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ်အရာရှိဟောင်း တစ်ဦးဖြစ်တဲ့ နိုင်ငံရေး သုံးသပ်သူ ဒေါက်တာ အောင်မျိုးကတော့ တပ်မတော် ကိုင်စွဲထားတဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ အဓိကအချက်ကြီးကို လာထိရင်တော့ ဆွေးနွေးပွဲက ပြေလည်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
“တပ်မတော်က သူချမှတ်ထားတဲ့ ဒို့တာဝန် အရေးသုံးပါးထဲက အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ အဓိကအချက်ကြီးကို သွားပြီး ထိခိုက်နေတဲ့အခါကျတော့ တပ်မတော်အနေနဲ့က ဒါက လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ တပ်အနေနဲ့က ဒါကို အလျှော့ပေးမှာ မဟုတ်ဘူး။ တကယ်လို့သာ ဥပမာ-မြန်မာ နိုင်ငံတော်အလံကိုလည်း လေးစားတယ်၊ လက်ရှိ တပ်မတော်နဲ့ အတိုက်အခံဖြစ်နေတဲ့ NUG နဲ့လည်း မဆက်ဆံဘူးဆိုရင်တော့ ဖြစ်သွားနိုင်တာပေါ့။ ဒီအတိုင်း အနေအထားကတော့ အားလုံးလက်ခံတဲ့ သဘာတူညီချက်တွေ ဖြစ်လာလိမ့်မယ်လို့ မမြင်ဘူးပေါ့နော်။ ကြာရင်တော့ ဘယ်သူနာမလဲဆိုရင်တော့ တရုတ်ရော၊ ဗမာရော၊ သူတို့ (မြောက်ပိုင်းသုံးဖွဲ့)ရော သုံးယောက်စလုံးနာမှာပဲ”
ဒီပြောဆိုချက်တွေ အပါအဝင် ပြီးခဲ့တဲ့ဆွေးနွေးပွဲတွေနဲ့ လာမယ့် တတိယအကြိမ် ဆွေးနွေးပွဲအကြောင်း သိနိုင်ဖို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့် တပ်မတော် (MNDAA) နဲ့ ရက္ခိုင့် တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူတွေကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ဖြေဆိုခြင်း မရှိပါဘူး။
လက်ရှိ အနေအထားအရ စစ်တပ်က လျှော့မယ့်အခြေအနေ မရှိတာကြောင့် မြောက်ပိုင်းသုံးဖွဲ့ဘက်က စစ်ရေးအရ ဒီထက်ပိုအောင်မြင်မှသာ ဆွေးနွေးပွဲမှာ အသာစီး ရလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
“မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဘက်ကလည်း စစ်ရေးအရ ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ အောင်မြင်မှုတွေရဖို့ ဒါကိုလည်း ထိန်းထားနိုင်ဖို့ပေါ့နော်။ အဲဒီဟာတွေ ရရင်တော့ သူတို့က ဆွေးနွေးပွဲမှာ အပေါ်စီးရနိုင်တာပေါ့။ စစ်တပ်ကတော့ အခုချိန်ပေါ့နော်။ အခုလောလောဆယ် သူတို့ စိတ်နေစိတ်ထားကတော့ နည်းနည်းမှ လျှော့ပေးလိမ့်မှာမဟုတ်ဘူး။ သူလျှော့ပေးဖို့ဆိုရင် ကျွန်မတို့ဘက်က ပိုကြိုစားဖို့ပဲလိုတယ်။ ကျွန်မတို့ဘက်က အောင်ပွဲတွေ များလာလေ၊ ကျွန်မတို့ ရရှိချက်တွေ ကောင်းလာလေလေ၊ စစ်တပ်က ပြောရဆိုရတာ ပိုကောင်းမှာပေါ့ဗျာ”
ဒီဆွေးနွေးပွဲတွေကို တရုတ်ကြားဝင် စေ့စပ်နေပြီး အခုချိန်ထိ ရလဒ် မထွက်သေးတဲ့အပေါ် ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။ ဒီဇင်ဘာလ ၁၉ ရက် နေ့ကနေ ၂၁ ရက်နေ့ထိ ပေကျင်းမှာလုပ်တဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာတော့ သုံးရက်ဆက်တိုက် မြန်မာ့အရေးကို ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီနေကြောင်း၊ သဘောတူပြီးသား ကိစ္စတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းနဲ့ တိုက်ပွဲတွေ လျော့ပါးရေးကို မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin က ဒီဇင်ဘာ ၁၉ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာ့အရေး ကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလစ်တနာ (Bertil Lintner) ကတော့ “ဒီလို အခြေအနေမျိုးကို ပြင်ပက အင်အားကြီးသူအဖြစ် တရုတ်ကသာ ဆက်သွယ် ဆောင်ရွက်နိုင်တယ်၊ ကြားဝင်နိုင်တယ်၊ လွှမ်းမိုးနိုင်တယ်ဆိုတာကို တရုတ် အာဏာပိုင်တွေက အနောက်နိုင်ငံ ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်း တစ်ခုလုံးနဲ့ စစ်ကောင်စီကို ပြခဲ့ပြီးပြီ”လို့ RFA ရဲ့ မေးမြန်းချက်ကို အီးမေးလ်ကတစ်ဆင့် ပြန်လည် ဖြေကြားပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ရှမ်းမြောက်ကိစ္စမှာ ဆက်ပြီး ကြားဝင်စေ့စပ်နေလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။
“တရုတ်အနေနဲ့ ဒီဟာ ပြေလည်ချင်တယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ အပြီးသတ် ချေမှုန်းချင်တယ်။ ပြီးတော့ ဒါက တရုတ်ရဲ့ လမ်းကြောင်းနဲ့ ပတ်သက်နေတဲ့အတွက် အဲဒီလမ်းကြောင်းမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ၊ တခြား စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် သူတို့လုပ်ဖို့အတွက် အာသီသ ရှိတယ်ဆိုတာ ကျွန်တော်တို့ နားလည်ရတယ်။ အဲဒီလိုမျိုး အခြေအနေ ရှိတဲ့အတွက် တရုတ်ကတော့ သူဆက်ကြိုးစားဦးမယ့် သဘောရှိတယ်”
အောက်တိုဘာ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ နှစ်လ ပြည့်သွားပါပြီ။ ဒီနှစ်လအတွင်း မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဘက်က နယ်မြေတချို့နဲ့ မြို့ကိုးမြို့ကို သိမ်းယူထားသလို စစ်ကောင်စီရဲ့ တပ်စခန်းကြီး၊ ငယ်အတော်များများကိုလည်း တိုက်ခိုက် သိမ်းယူထားပါတယ်။
စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အသားစီးရဖို့ ကြိုးစားနေတဲ့အတွက် ရှမ်းမြောက်ဒေသမှာ ဒီနှစ်လအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၃၀ ကျော် သေဆုံးပြီး လူတစ်သိန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ရှမ်း လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။