ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုးကန့်အမတ်ဟောင်း မြီရှောက်ချန်းနဲ့မိသားစုကို စစ်ကောင်စီ ဖမ်းဆီး
2023.11.16

[Update: 12:11 AM, Nov 17, 2023]
တရုတ်အစိုးရ အလိုရှိနေတဲ့ ကိုးကန့်ဒေသ လုပ်ငန်းရှင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဟောင်း မြီရှောက်ချန်း၊ သားဖြစ်သူ မြီကော်ဖျင်းနဲ့ မြေးဖြစ်သူ မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့မှာ ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV က နိုဝင်ဘာ ၁၆ ရက် ဒီနေ့ ကြေညာပါတယ်။
ဖမ်းဆီးချိန်မှာ မြီရှောက်ချန်း ဟာ ပစ္စတိုသေနတ်နဲ့ သူ့ကိုယ်သူ ပစ်ခတ်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူချိန်မှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီက ဒီညနေ ညနေ ၆ နာရီမှာ MRTV ကတစ်ဆင့် ကြေညာခဲ့ပါတယ်။
မြီကော်ဖျင်းနဲ့ မြီကျိန်းကျိန်း တို့နှစ်ဦးကိုတော့ နိုဝင်ဘာလ ၁၆ ရက် နေ့လယ် ၁ နာရီ မိနစ် ၅၀ မှာ မြန်မာ- တရုတ်နယ်စပ် ရန်လုံကျိုင်း နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
သူတို့သုံးဦးနဲ့အတူ သမီးဖြစ်သူ မြီကျွီလန် ကိုပါ တရုတ်အစိုးရက နိုဝင်ဘာ ၁၂ ရက်နေ့က ဖမ်းဝရမ်း ထုတ်ခဲ့ပြီး စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဖမ်းမိတဲ့အထဲမှာ မြီရှောက်ချန်းရဲ့သမီး မြီကျွီလန် မပါသေးပါဘူး။
မြီရှောက်ချန်းတို့ လေးဦးဟာ ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ လူတွေကို မတရားဖမ်းဆီး ချုပ်နှောင်မှု၊ ခြောက်လှန့်တောင်းယူမှု၊ ဂိုဏ်းဖွဲ့ကျူးလွန်မှုတွေ လုပ်ခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
သူတို့နဲ့အတူ ပယ်ရင်ချန် ဆိုသူကိုလည်း ကိုးကန့်တရားရုံးက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ MRTV ရုပ်မြင်သံကြားက နေ့လယ်ခင်းသတင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ညပိုင်းသတင်း ထုတ်ပြန်ရာမှာတော့ ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်း MRTV က ပြန်လည်ထုတ်ပြန်ပါတယ်။
သူတို့ငါးဦးကို ဖမ်းမိန့်မထုတ်ခင် အောက်တိုဘာ ၁ ရက်နေ့ကတည်းက တရုတ်နိုင်ငံ လင်ချန်းမြို့ ကုန်စည်ပြပွဲ သွားတက်တဲ့ လောက်ကိုင်မြို့က လုပ်ငန်းရှင် ၁၁ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ ၁၁ ဦးမှာ လောက်ကိုင်မြို့က ဟိုတယ်၊ ကာစီနိုလုပ်ငန်းရှင် Fully Light အုပ်စု အမှုဆောင်ဒါရိုက်တာ ကုန်းကြမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင် (ခ) လျိုကျိန်ချိနဲ့ မြီရှောက်ချန်းရဲ့ သမက်ဖြစ်သူတို့ ပါဝင်တယ်လို့ ပြည်တွင်းသတင်းမီဒီယာတချို့က ဖော်ပြပါတယ်။
ဒါကြောင့် အခုထပ်ထုတ်တဲ့ ဖမ်းမိန့်ဟာ အရင်ဖမ်းဆီးမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ကိုးကန့်ဒေသ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေအကြောင်း သိနေတဲ့ “ဝ” ဒေသ၊ ဟိုပန်မြို့ခံ ဦးဖိုးဝ က RFA ကို ပြောပါတယ်။
“ဒီဖမ်းဝရမ်းထုတ်တာမှာ အရင်ဖမ်းထားတဲ့ ၁၁ ယောက်ထဲမှာလည်း သူ့ရဲ့ ဆွေမျိုးသားချင်းတွေ၊ မိသားစုတွေ ပါသွားတယ်။ ပထမ ဖမ်းဆီးသွားတဲ့ ၁၁ ယောက်နဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ လောက်ကိုင်တို့၊ မူဆယ်တို့၊ ချင်းရွှေဟော်တို့မှာက ဟိုတယ်တွေမှာ ဒီလောင်းကစားလုပ်ငန်းတွေက ဒီ အောက်ထပ်မှာ အကြွေစေ့လိုလို လောင်းကစားတွေရှိပေမယ့် လူတက်ခွင့်မပေးထားတဲ့ အပေါ်ထပ်မှာ ကျားဖျန့်လုပ်ငန်းတွေ ရှိနေတယ်ဆိုတော့ ဒီအမှုတွဲတွေ၊ ကျားဖျန့်လုပ်ငန်းတွေနဲ့ပဲ ဆက်စပ်နေတယ်လို့ ကျွန်တော်တို့က ယူဆတယ်”
ကိုးကန့်လုပ်ငန်းရှင် ဦးမောင်မောင်နဲ့ နီးစပ်သူတစ်ဦးကတော့ တရုတ်အစိုးရဖမ်းထားတဲ့ လုပ်ငန်းရှင် ၁၁ ဦးကို ဆက်သွယ်ခွင့်ရဖို့ မိသားစုတွေက တရုတ်သံရုံးကတစ်ဆင့် ကြိုးစားခဲ့ပေမယ့် ဒီနေ့အထိ လုံးဝ ဆက်သွယ်ခွင့် မရသေးဘူးလို့ ပြောပါတယ်။
ဦးမောင်မောင် အပါအဝင် သုံးဦးရဲ့ ပြောဆိုချက်တွေကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပြီး ကိုးကန့်ဒေသငွေလိမ်ဂိုဏ်းတွေကို တရုတ်အစိုးရနှိမ်နင်းရာမှာ ပူးပေါင်းကူညီဖို့ တိုက်တွန်းထားတယ်လို့ တရုတ်ဘာသာစကား နားလည်တဲ့ ကိုးကန့်ဒေသခံတချို့က ပြောပါတယ်။
တရုတ်ဘက်က သူတို့အလိုရှိတဲ့သူတွေကို ကိုးကန့်ဒေသ နေအိမ်တွေ၊ ဟိုတယ်နဲ့ လောင်းကစားရုံတွေထဲထိ ဝင်ရောက်ဖမ်းဆီးမှာဖြစ်ပြီး ခုခံခဲ့ရင် ဖြစ်လာတဲ့ အကျိုးဆက်ကို ပြန်ခုခံသူတွေဘက်ကသာ တာဝန်ယူရလိမ့် မယ်လို့ ဦးမောင်မောင် က တရုတ်မီဒီယာတွေကတစ်ဆင့် ပြောဆိုခဲ့ကြောင်း ဦးမောင်မောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် တရုတ်အထူးတပ်ဖွဲ့ ကိုးကန့်ဒေသထဲ ရောက်နေပြီလို့ ပြည်တွင်းမီဒီယာတချို့က ဖော်ပြပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
နိုဝင်ဘာ ၁၅ ရက် မနေ့ကလည်း စစ်ကောင်စီဟာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို ရာထူးက ဖယ်ရှားလိုက်ပြီး သူ့အစား ယာယီဥက္ကဋ္ဌအဖြစ် စစ်တပ်အရာရှိကြီးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကို ခန့်အပ်လိုက်တယ်လို့ ကြေညာထားပါတယ်။
ဦးမြင့်ဆွေဟာ နိုဝင်ဘာ ၈ ရက်နေ့က နေပြည်တော် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးမှာ အထူးဖိတ်ကြားခံရသူဖြစ်ပြီး ကိုးကန့်ဒေသ တိုက်ပွဲတွေနဲ့ပတ်သက်လို့ တက်ရောက်အစီအရင်ခံခဲ့တာတွေ့ရပါတယ်။ ဦးမြင့်ဆွေကို ရာထူးက ဖယ်ရှားတာဟာ ဒီနေ့ ဖမ်းဆီးလိုက်တဲ့အမှုတွေနဲ့ ဆက်စပ်နေသလား၊ ကိုးကန့်ဒေသ တိုက်ပွဲတွေနဲ့ဆက်စပ်နေသလားဆိုတာကိုတော့ စစ်ကောင်စီကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။
ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို ဖမ်းဆီးထားတဲ့ကိစ္စ၊ မြီရှောက်ချန်း အပါအဝင် နောက်ထပ် ငါးဦးကို ဖမ်းဝရမ်း ထုတ်တဲ့ကိစ္စ၊ တရုတ်အထူးတပ်ဖွဲ့ ကိုးကန့်ဒေသထဲ ရောက်နေပြီဆိုတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး RFA က ရန်ကုန်ရှိ တရုတ်သံရုံးကို အကြိမ်ကြိမ် အီးမေးလ်ပို့ မေးမြန်းထားပေမယ့် အကြောင်းမပြန်ပါဘူး။
တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောက်ဟုန်နဲ့အဖွဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က နေပြည်တော်ကို ရောက်လာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးရာမှာ လောက်ကိုင်ဒေသက တရား မဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပူးတွဲနှိမ်နင်းဖို့ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွေက ဖော်ပြခဲ့ပါတယ်။
မစ္စတာဝမ်ရဲ့ ခရီးစဉ်မတိုင်ခင် အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ မြောက်ပိုင်းညီနောင်သုံးဖွဲ့က စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ ကျားဖျန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ဆိုပြီး စစ်ဆင်ရေး ၁၀၂၇ ကို စတင်ခဲ့ပါတယ်။ စစ်ဆင်ရေး စတဲ့နေမှာပဲ ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းယူပြီး ကျားဖျန့်လုပ်ငန်းနဲ့ ဆက်စပ်သူတွေကို ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်နေ့က ခေါ်ယူခဲ့ပြီး အခုရာထူးက ဖယ်ရှားခံလိုက်ရတဲ့ ကိုးကန့်ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေကိုပါ တက်ရောက်စေခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ကို တုံ့ပြန်တိုက်ခိုက်ဖို့နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာလည်း တရုတ်လုံခြုံရေးဝန်ကြီးနဲ့ ဆွေးနွေးထားတဲ့အတိုင်း လောက်ကိုင် ဒေသက ကျားဖျန့်လုပ်ငန်းတွေကို တရုတ်-မြန်မာ နှစ်နိုင်ငံလုပ်ငန်းအဖွဲ့ (Task Force) ဖွဲ့စည်းပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
ကိုးကန့်ဒေသ ငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းပြီး တရုတ်နိုင်ငံသား ၇၃၉၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈၉ ဦး၊ မလေးရှားနိုင်ငံသား ၃၂ ဦး၊ ထိုင်းနိုင်ငံသား ၁၆၂ ဦး၊ လာအိုနိုင်ငံသား နှစ်ဦး စုစုပေါင်း ၇၇၈၀ ဦး ဖမ်းဆီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီအထဲက တရုတ်နိုင်ငံသား ၆၈၉၂ ဦးကို တရုတ်အစိုးရလက်ထဲ လွှဲပြောင်းပေးခဲ့ တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် ငွေလိမ်ဂိုဏ်းတွေကို ကိုးကန့်ဒေသထဲထိ ဝင်ရောက်နှိမ်နင်းဖို့ တရုတ်အစိုးရက စစ်ကောင်စီနဲ့ ကြိုတင်သဘောတူညီချက် ရထားလောက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းမြောက် ဒေသ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
“ဒီအချိန်မှာ တရုတ်တွေက တိုက်ပွဲမရှိဘူးဆိုရင် လွယ်လင့်တကူတော့ ဝင်လို့ မရဘူး။ အခုက သူတို့နိုင်ငံသား တွေ လုံခြုံရေးအတွက် ဝင်လာကောင်း ဝင်လာနိုင်တယ်၊ ဝင်လာလို့လည်း ရသွားတာပေါ့။ သူတို့အတွက် အခွင့် အရေးရသွားသလိုပဲလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ သူက အချိန်ကန့်သတ်ပြီးတော့မှ အလုပ်လုပ်ရမှာဖြစ်တဲ့ အတွက် အထူးတပ်ဖွဲ့တွေကိုလည်း ထုတ်သုံးတာ သေချာသလောက်ရှိတယ်။ တရုတ်ကိုယ်စားလှယ်လည်း လေးငါးခါလောက်ရှိပြီ နေပြည်တော်လာနေတာ။ သူတို့ ဒီအပေါ်မှာ သေသေချာချာ ဆွေးနွေးပြီးတော့မှ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ဝင်တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ လောက်ကိုင်ဒေသမှာ က ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) ထိုင်ထားတာရှိတယ်”
ဒီအခြေအနေအတွင်းမှာပဲ ကိုးကန့်တပ်ဖွဲ့ MNDAA ကလည်း လောက်ကိုင်ကို တိုက်ခိုက်သိမ်းယူပြီး ကျားဖြန့် လုပ်ငန်းတွေကို နှိမ်နင်းသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာချက်ထုတ်လိုက်ပါတယ်။
ကျားဖျန့်ငွေလိမ်ဂိုဏ်းတွေမှာ ဒေသအခြေစိုက် စစ်ကောင်စီတာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတာကြောင့် စစ်အာဏာရှင် မပြုတ်ကျသရွေ့ ဒီလုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ မလွယ်ဘူးလို့ MNDAA ကိုးကန့် တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်း ခေါ် ဦးကျော်နိုင် က ပြောပါတယ်။
“ဒီကျားဖျန့် အွန်လိုင်းဂိမ်းကို အမြစ်ဖြတ်တိုက်ဖျက်မယ်ဆိုရင်တော့ စစ်ကောင်စီကိုတော့ အမြစ်ပြတ်ချေမှုန်းရ မှာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူဌေးတွေကို ရဟတ်ယာဉ်တွေနဲ့ နေရာပြောင်းရွှေ့လိုက်ပြီပေါ့။ ဆိုတော့ စစ်ကောင်စီသာမပြုတ်ရင် ဒီလူတွေက တခြားနေရာတွေမှာ ထပ်ပြီး လုပ်ကြမှာပဲ”
လက်ရှိ ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာတော့ မြောက်ပိုင်းသုံးဖွဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက် နေ့ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး ဆန်နဲ့ စားစရာပါ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"စစ်ကောင်စီသာမပြုတ်ရင် ဒီလူတွေက တခြားနေရာတွေမှာ ထပ်ပြီး လုပ်ကြမှာပဲ”
လောက်ကိုင်မှာ ကျားဖျန့်လုပ်ငန်းတွေအပါအဝင် လုပ်ငန်းတွေ အတော်များများလည်း ရပ်တန့်သွားတယ်လို့ လောက်ကိုင်မြို့ခံအချို့က အွန်လိုင်းကတစ်ဆင့် RFA ကို ပြောပါတယ်။
အခုရက်ပိုင်းမှာတော့ လောက်ကိုင်မြို့ရဲ့ အထင်ကရလမ်းမတွေပေါ်မှာ ကျားဖျန့်နဲ့ ဆက်စပ်တယ်လို့ ယူဆရသူတွေကို ကိုးကန့်တပ်ဖွဲ့က နေ့စဉ်နီးပါး ဖမ်းဆီးနေပြီး အဲဒီအထဲမှာ တရုတ်လူမျိုး အများစု ပါဝင်တယ်လို့ လောက်ကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ကျားဖျန့်တွေ ဖမ်းတယ်ဆိုတာ အဲလိုမျိုး လမ်းတွေမှာ မြင်ရတယ်။ တရုတ်တွေ အဲလိုမျိုး ကားအစီးလိုက် တင်သွား၊ တင်လာ အဲလိုမျိုးတော့ မြင်တယ်။ သူတို့ ဘယ်ဘက်ခေါ်သွားတယ်ဆိုတာ ညီမတို့တော့ မသိဘူးလေ။ ပြီးတော့ လောက်ကိုင်မှာ မာရှယ်လော ထုတ်ထားတယ်လေ၊ ငါးရက် အပြင်မထွက်ရဘူးဆိုတော့ ညီမတို့လည်း မမြင်ရဘူး။ အရင်နေ့တွေက တွေ့တယ်ဆိုတာက သူတို့က ကားတွေနဲ့ ခေါ် သွားတာတော့ တွေ့တာပဲ။ သူတို့ ဘယ်ခေါ်သွားတယ်ဆိုတာတော့မသိဘူး။ လက်နက်ကိုင်အဖွဲ့ အစည်းနဲ့ သူတို့ဖမ်းသွားတာတော့ တွေ့တာပေါ့”
နောက်ထပ်ဒေသခံတစ်ဦးကလည်း နိုဝင်ဘာ ၁၄ ရက်နေ့က လောက်ကိုင်မြို့ နေရာအချို့ မှာ တရုတ်လူမျိုးတချို့ ဖမ်းဆီးခံထားရတာကို ကိုယ်တိုင် မြင်ခဲ့ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ လောက်ကိုင်နဲ့ ချင်းရွှေဟော်ဒေသမှာ ၂၀၂၂ ခုနှစ်ကစလို့ နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပိုများလာပြီး၊ အများစုက ဟိုတယ်ဖွင့် လုပ်ကိုင်နေကြောင်း၊ အဲဒီ နှစ်မြို့မှာ ဟိုတယ်ပေါင်း ၁၅၃ ခုရှိပြီး ၁၄၁ ခုဟာ လောက်ကိုင်ဒေသဦးစီးအဖွဲ့ရဲ့ အစီအမံနဲ့ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားကြောင်း နိုဝင်ဘာ ၈ ရက် ကာလုံအစည်းအဝေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(မှတ်ချက်။ မြီရှောက်ချန်းကို ဖမ်းဆီးချိန်တွင် သူ့ကိုယ်သူ သေနတ်ဖြင့်ပစ်ခတ်သည့် အတွက် သေဆုံးသွားကြောင်းနှင့် ကျန်နှစ်ဦးကို နေ့လယ်ပိုင်းတွင် တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီ၏ထုတ်ပြန်ချက်၊ ပယ်ရင်ချန်ကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သတင်းသည် သတင်းမှားဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်၊ ရာထူးကနေ ဖယ်ရှားခံလိုက်ရသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအကြောင်းတို့ကို ဖြည့်စွက်ရေးသားထားပါသည်။)