မြန်မာပြည်မှာ သတင်းထောက်တွေ ဆက်ဖိနှိပ်ခံနေရ
2022.03.22

စစ်ကောင်စီက ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ဦးဟံသာညိန်းကို အင်းစိန်ထောင် အထူးတရားရုံးမှာ မတ်လ ၂၁ ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ပြီး မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် အယ်ဒီတာဦးသန်းထိုက်အောင်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ တရားရုံးမှာ မတ်လ ၂၂ ရက်နေ့က ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်ပါတယ်။
သူတို့နှစ်ဦးစလုံးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပြီး အမြင့်ဆုံးသတ်မှတ်ထားတဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။
စစ်ကောင်စီက သတင်းမီဒီယာသမားတွေကို ဖမ်းဖို့ ဆက်တိုက်ကြိုးပမ်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မဇ္ဈိမသတင်းဌာနရဲ့အယ်ဒီတာတစ်ဦးက RFA ကို ပြောပါတယ်။
“လုပ်ဖော်ကိုင်ဖက် တစ်ဦးအနေနဲ့ ဒီလိုမျိုး ဖြစ်သွားတဲ့အပေါ်မှာတော့ စိတ်မကောင်းဘူးပေါ့နော်။ မြန်မာနိုင်ငံမှာက အစကတည်းကနေ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ အပြည့်အဝမရတဲ့ အခြေအနေကနေ အခုဆို လုံးဝ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ မရှိတော့တဲ့ အနေအထား ဖြစ်တယ်ဆိုတာ ဒီအမှုကနေ သက်သေပြလိုက်တဲ့ အနေအထား ဖြစ်တာပေါ့နော်။ မီဒီယာဆိုတာကို သူတို့ကတော့ ရန်သူကြီးလိုမျိုး အသည်းအသန်တော့ လိုက်ပြီးတော့ တိုက်ခိုက်နေတယ်။ လိုက်ပြီးတော့ စုံစမ်းနေတယ်။ ဖမ်းနိုင်ဖို့ ကြိုးပမ်းနေတယ်။ ပြည်သူလူထုအတွက်ဆိုရင် မီဒီယာက အခုအချိန်မှာဆိုရင် မရှိမဖြစ် လိုအပ်နေတယ်။ တကယ်လို့သာ မီဒီယာက အခုချိန်မှာ ဆက်ပြီး မရပ်တည်နိုင်တော့ဘူး။ သတင်းတွေ မထုတ်လွှင့်နိုင်တော့ဘူး ဆိုရင် စစ်ကောင်စီဘက်ကနေပြီးတော့ လွှမ်းမိုးတဲ့ သတင်းတွေ၊ သူတို့ဘက်ကနေ ဝါဒမှိုင်းတိုက်တဲ့ သတင်းတွေ လွှမ်းမိုးသွားမှာဖြစ်တဲ့အတွက် ဒီအချိန်မှာ မီဒီယာတွေက အရမ်းကို အရေးပါတဲ့ အချိန်မှာ ရှိတယ်။ အရေးပါဆုံး အချိန်ကာလကြီးတစ်ခုမှာ တောင်ရှိနေတယ်လို့ ကျွန်မရဲ့တစ်ကိုယ်ရည် အယူအဆအရ ထင်မြင်မိပါတယ်”
မဇ္ဈိမအယ်ဒီတာ ဦးသန်းထိုက်အောင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့မှာဖမ်းပြီး နေပြည်တော် အချုပ်ထောင်ထဲကနေ တရားရုံးထုတ်နေခဲ့တာပါ။
ဖမ်းဆီးသွားတဲ့နေ့က ဦးသန်းထိုက်အောင်နဲ့ အတူ BBC သတင်းထောက် ဦးအောင်သူရတို့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးဝင်းထိန်ရဲ့ ရုံးချိန်းကို သတင်း သွားယူခဲ့ချိန် ဖြစ်ပါတယ်။ ဦးအောင်သူရကိုတော့ ဖမ်းပြီးမကြာခင် ၂၀၂၁ မတ်လ ၂၂ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဦးသန်းထိုက်အောင်ကတော့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံရပြီး အခုလို ထောင်ဒဏ် အမိန့်ချမှတ်ခံရတာပါ။
ကမာရွတ်မီဒီယာ အယ်ဒီတာ ဦးဟံသာညိန်းကိုလည်း စစ်တပ် အာဏာသိမ်းပြီး တစ်လကျော်အကြာ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှာ ရန်ကုန်မြို့က ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်းချိန်မှာ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ အဲဒီအချိန်က သူနဲ့အတူ အယ်ဒီတာချုပ် ဦးနေသန်မောင်ကိုပါ ဖမ်းဆီးခဲ့တာပါ။
“မြန်မာစစ်ကောင်စီဟာ သတင်းထောက်တွေကို ရန်သူလို့ပဲ မြင်နေတာက စိတ်မကောင်းစရာပါပဲ”
နောက်ပိုင်းမှာတော့ အမေရိကန်နိုင်ငံသား ဦးနေသန်မောင်ကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ စစ်ကောင်စီက ပြန်လွှတ်ပေးပြီး ဦးဟံသာညိန်းကိုတော့ မလွှတ်ဘဲ ဆက်ဖမ်းထားပြီး တရားစွဲရုံးတင်ခဲ့ပါတယ်။
သူတို့ အဖမ်းခံထားရတဲ့ အချိန်က ရန်ကုန်က စစ်ကြောရေးစခန်းမှာ ညှဉ်းပန်း နှိပ်စက်ခံခဲ့ရတယ်လို့ ပြန်လွတ်လာတဲ့ ဦးနေသန်မောင်က RFA ကို ပြောခဲ့ဖူးပါတယ်။
မြန်မာစစ်တပ်ဟာ သတင်းထောက်တွေကို ရန်သူလို သဘောထားနေတာ တွေ့ရတယ်လို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
“မြန်မာ စစ်ကောင်စီဟာ သတင်းထောက်တွေကို ရန်သူလို့ပဲ မြင်နေတာက စိတ်မကောင်းစရာပါပဲ။ တိုင်းပြည်ထဲမှာ ဘယ်သူတွေ သတင်းထောက် လုပ်နေသေးလဲ ဆိုတာကို ဆက်ပြီး ရှာနေသလို၊ ဆက်ပြီး ဖမ်းနေ၊ နှိပ်စက် ညှဉ်းပန်းနေ၊ ထောင်ဒဏ်တွေ ချနေတုန်းပါပဲ။ အခုထောင်ချခံရတဲ့ သတင်းထောက် နှစ်ယောက်ဆိုရင် သူတို့အလုပ် သူတို့လုပ်နေတာပါ။ ဒါကို ဖမ်းဆီးထောင်ချစရာ အကြောင်း လုံးဝမရှိပါဘူး။ ဒါကြောင့် စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်လို့မရတဲ့ သတင်းတွေအတွက် သတင်းထောက်တွေကို ဆက်ပြီး ဖိနှိပ်နေတယ်ဆိုတာ ရှင်းရှင်းလေးပါ”
သတင်းသမားတွေကို ရန်သူလို သဘောထားနေတယ်ဆိုတဲ့ ဝေဖန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ တုံ့ပြန်ချက်ရဖို့ကြိုးစားပေမယ့် ဒီရက်ပိုင်းဖုန်းခေါ်ဆိုတာတွေကို လက်ခံဖြေဆိုတာမရှိသေးပါဘူး။
အာဏာသိမ်းပြီး နောက်ပိုင်းပြုလုပ်တဲ့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ ဥပဒေအတိုင်းပဲ ဆောင်ရွက်နေပါတယ်လို့ ပြောခဲ့ဖူးပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး တစ်လကျော်အကြာ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့မှာ မဇ္ဈိမသတင်း ဌာနအပါအဝင် DVB၊ 7 Days၊ Myanmar Now နဲ့ ခေတ်သစ်သတင်းဌာန တွေကို ထုတ်ဝေခွင့်တွေပါ ပိတ်သိမ်းခဲ့ပါတယ်။ အဲ့ဒီထဲက တချို့သတင်းဌာနတွေကို ရုံးတွေအတွင်း ဝင်ရောက်စီးနင်းရှာဖွေခဲ့တာတွေရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် မေလ ၂ ရက်မှာလည်း ကချင်ပြည်နယ် အခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်သိမ်းခဲ့ပါတယ်။
စစ်ကောင်စီဟာ သူတို့အတွက် အနှောင့်အယှက်ဖြစ်စေနိုင်တဲ့သူတွေကို ဖမ်းတဲ့အခါ ပုဒ်မ ၅၀၅ (က)ကို အသုံးပြုပြီး တရားစွဲထောင်ချတာတွေ ဆက်တိုက်လုပ်နေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းလှိုင်က မှတ်ချက်ပေးပါတယ်။
“အစိုးရအဖွဲ့၊ တပ်မတော်၊ နိုင်ငံတော် အစရှိသဖြင့် အဲ့ဒီအဖွဲ့တွေကို အကြည်ညိုပျက်စေတဲ့ အရေးအသားတွေ အပြောအဆိုတွေ လုပ်လို့ရှိရင် စွဲတယ်ဆိုပြီး ခေါင်းစဉ်တပ်ပြီးတော့ လတ်တလောမှာ သူတို့ လုပ်နေတဲ့ ပုဒ်မတစ်ခုပဲ။ ၅၀၅ (က) နဲ့ စွဲတာကတော့ သူတို့အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အဖွဲ့အစည်းတွေ မှန်သမျှကို တပ်စရာပုဒ်မ မရှိရင် အလွယ်ဆုံး တပ်လိုက်တဲ့ပုဒ်မ။ သူတို့လုပ်တဲ့ လုပ်ရပ်ကို အမှန်အတိုင်း ရေးလိုက်လို့ သူတို့အတွက် ကောင်းကျိုးမဖြစ်နိုင်ဘူးလို့ ယူဆရင် နိုင်ငံတော်ကို သိက္ခာချတယ်။ အကြည်ညိုဖျက်တယ် ဆိုပြီး အုတ်ရောရော ကျောက်ရောရော ရိုက်ချတာပဲ”
သတင်းသမားတွေဟာ ဖမ်းဆီးထောင်ချခံရနိုင်ရုံမက၊ အသက်ပေးပြီးပါ လုပ်ကိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးပါတယ်။
“၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ ပြည်တွင်းမှာ သတင်းသမားတွေ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်မရှိတော့ဘူး။ အခုဆိုလို့ရှိရင် ပိုဆိုးလာတယ်။ စွန့်စားပြီး လုပ်ရတဲ့အလုပ်ဖြစ်တယ်။ ပြည်တွင်းမှာ ရပ်တည်ပြီး ပြည်သူတွေအတွက် သတင်းအမှန်တွေ ထုတ်ပေးနေတဲ့ သတင်းသမားတွေကလည်း အင်မတန်မှ လေးစားဖို့ ကောင်းတယ်။ အင်မတန်မှကို အန္တရာယ်ကြီးတဲ့ အလုပ်ကို လုပ်နေတာ ဖြစ်တယ်။ ထောင်ကျရုံတင် မကဘူး။ သတင်းသမားတွေ ကိုယ်တိုင်လည်း အသက်တွေ ပေးသွားနိုင်ရတဲ့ အနေအထားမျိုးတွေလည်း ရှိတယ်လေ”
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား ၁ဝ၈ ယောက် ဖမ်းဆီးခံခဲ့ရပြီး တချို့ ပြန်လွတ်လာပါတယ်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့စာရင်းအရ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ သတင်းထောက် ၅၇ ဦးနဲ့ သေဆုံးခဲ့ရသူ သုံးဦး ရှိပြီဖြစ်ပါတယ်။