Myanmar Now သတင်းထောက်ကို ပြစ်ဒဏ်ချမှု ပြည်တွင်းပြည်ပ ရှုတ်ချ

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.09.06
Myanmar Now သတင်းထောက်ကို ပြစ်ဒဏ်ချမှု ပြည်တွင်းပြည်ပ ရှုတ်ချ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က အင်းစိန်ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်အနှစ်နှစ်ဆယ် ချမှတ်ခံခဲ့ရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်။
Reuters

ရခိုင်ပြည်နယ်မှာ မိုခါဆိုင်ကလုန်းဒဏ်ခံရတဲ့ ဒေသတွေအကြောင်း သတင်းယူရင်း ဖမ်းဆီးခံထားရတဲ့၊ Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို စက်တင်ဘာလ ၆ရက်က အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်အနှစ်နှစ်ဆယ် ချလိုက်တယ်လို့ Myanmar Now သတင်းဌာနက အတည်ပြုပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက စစ်ကောင်စီဟာ သတင်းမီဒီယာသမားတွေကို ဖမ်းဆီးထောင်ချနေတဲ့အထဲမှာ အခု ကိုစိုင်းဇော်သိုက်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ် နှစ် ၂ဝ ဟာ နှစ်အများဆုံး ဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားလိုက်ပါတယ်။

"ကမ္ဘာအရပ်ရပ်က အစိုးရတွေအနေနဲ့ ဒီလုပ်ရပ်ကို တညီတညွတ်တည်း ဆန့်ကျင်ရှုတ်ချကြဖို့နဲ့ ကိုစိုင်းဇော်သိုက်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ဖျက်သိမ်းပြီး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

ကိုစိုင်းဇော်သိုက်ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၁၂၄ တွေနဲ့ တရားစွဲခံထားရတာ ဖြစ်ပြီး၊ ဘယ်ပုဒ်မတွေနဲ့ ထောင်ဒဏ်ချလိုက်တယ်ဆိုတာကို မသိရသေးကြောင်း Myanmar Now ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုစိုင်းဇော်သိုက်ကို စစ်ကောင်စီ အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ သုံးလတာကာလအတွင်းမှာ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသလို ခုံရုံးတင်စစ်ဆေးရာမှာလည်း ကိုယ်စားပြုရှေ့နေခေါ်ပြီး ခုခံချေပခွင့်လည်း မရခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကိုစိုင်းဇော်သိုက်ကို အခုလို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တဲ့အကြောင်း ကြားရတာ ကျွန်တော်နဲ့ Myanmar Now က လုပ်ဖော်ကိုင်ဘက်အားလုံး စိတ်မကောင်းဖြစ်နေကြပါတယ်။ သူ့ကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ သတင်းလွတ်လပ်ခွင့် လုံးဝပျက်သုဉ်းသွားပြီး၊ အမှီအခိုကင်းတဲ့ သတင်းသမားတွေဟာ သူတို့အလုပ်သူတို့ လုပ်တာအတွက် ကြေးကြီးကြီး ပေးဆပ်နေရတာကို ပြသနေပါတယ်” လို့ Myanmar Now ရဲ့ အယ်ဒီတာချုပ် ကိုဆွေဝင်းက ကြေညာချက်ထဲမှာ ပြောထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ မတ် ၈ ရက်မှာ Myanmar Now သတင်းဌာနကို ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခဲ့ပြီး၊ ကိုစိုင်းဇော်သိုက်ဟာ အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးခံရတဲ့ ဒုတိယမြောက် Myanmar Now ရဲ့ သတင်းသမားဖြစ်ပါတယ်။

“Myanmar Now သတင်းထောက် ကိုစိုင်းဇော်သိုက်ကို လုပ်ကြံဖန်တီးထားတဲ့ ပုဒ်မတွေနဲ့ စွဲဆိုပြီး၊ ထောင်ဒဏ်နှစ် ၂၀ ပြင်းပြင်းထန်ထန် ချမှတ်လိုက်တာဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီပြစ်ဒဏ်ကို ချက်ချင်းပြင်ဆင်သင့်ပါတယ်။ စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာတွေ သူတို့အလုပ် သူတို့လုပ်နေတာကို ထောင်ဒဏ်တွေ ချမှတ်နေတာ ချက်ချင်းရပ်တန့်သင့်ပါတယ်” လို့ သတင်းသမားတွေ အကာအကွယ်ပေးဖို့ ဖွဲ့စည်းထားတဲ့ Committee to Protect Journalist CPJ ရဲ့ အရှေ့တောင်အာရှတာဝန်ခံ ရှောင် စခရစ် ပင် က ပြောပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က အာရှရေးရာညွှန်ကြားရေးမှူး Phil Robertson ကတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်ခံပြည်သူတွေရဲ့ အခြေအနေကို ဖုံးကွယ်ချင်တဲ့အတွက် ကိုစိုင်းဇော်သိုက်ကို ပြင်းထန်တဲ့ အပြစ်ဒဏ်ချမှတ်လိုက်တာလို့ ပြောပါတယ်။

“စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို လူသားချင်းစာနာမှုအကူအညီတွေ ခွင့်မပြုခဲ့တဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်နေတာတွေကို ဖုံးကွယ်ချင်တဲ့အတွက် သတင်းသမားတွေ၊ ဓာတ်ပုံသတင်းထောက်တွေကို ဒီဒေသကို မလာနိုင်အောင် လုပ်ချင်တာ သေချာပါတယ်။ ဒါကြောင့်လည်း ကိုစိုင်းဇော်သိုက်ကို ဖမ်းမိတဲ့အခါ၊ လုပ်ကြံဖန်တီးထားတဲ့ စွဲချက်တွေအတွက် အလွန်မှ ရှည်လျားတဲ့ ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က အစိုးရတွေအနေနဲ့ ဒီလုပ်ရပ်ကို တညီတညွတ်တည်း ဆန့်ကျင်ရှုတ်ချကြဖို့ နဲ့ ကိုစိုင်းဇော်သိုက်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို ဖျက်သိမ်းပြီး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံထားရသည့် သတင်းသမား ခုနစ်ဦး - ဦးဟံသာညိန်း၊ ကိုကောင်းဆက်လင်း၊ မမှူးရတနာခက်မို့မို့ထွန်း၊ ဦးစည်သူအောင်မြင့်၊ ကိုဝေလင်းယု၊ မထက်ထက်အောင်၊ ကိုစိုးရာဇာထွန်း (ဝဲ မှ ယာ)။ (Photo: Citizen Journalist)
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံထားရသည့် သတင်းသမား ခုနစ်ဦး - ဦးဟံသာညိန်း၊ ကိုကောင်းဆက်လင်း၊ မမှူးရတနာခက်မို့မို့ထွန်း၊ ဦးစည်သူအောင်မြင့်၊ ကိုဝေလင်းယု၊ မထက်ထက်အောင်၊ ကိုစိုးရာဇာထွန်း (ဝဲ မှ ယာ)။ (Photo: Citizen Journalist)

စစ်ကောင်စီဟာ Myanmar Now သတင်းဌာနကို အငြှိုးထားပြီး ကိုစိုင်းဇော်သိုက်ကို အခုလို ပြင်းထန်တဲ့ ထောင်ဒဏ်ချမှတ်လိုက်တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ သတင်းသမားတစ်ဦးက သုံးသပ်ပါတယ်။

“အာဏာသိမ်းပြီးကာစ လေး ငါး ခြောက်လအတွင်းမှာ ပြန်လွှတ်ပေးတဲ့အထဲမှာ Myanmar Now သတင်းထောက်လည်း ပါခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပိုပြီး Myanmar Now ကို အငြှိုးထားလာတယ်လို့ ယူဆတယ်။ ဒါကြောင့် Myanmar Now သတင်းထောက် တစ်ယောက် ဖမ်းမိတာကို သူတို့က အောင်ပွဲလို့ ယူဆပုံရတယ်။ ဒါကြောင့် ပြစ်ဒဏ် အများကြီး ပေးပြီးတော့ လက်စားချေတယ်လို့ ယူဆရတာပေါ့။ တကယ်တော့ ဒီကိစ္စက ဖြစ်ပျက်တဲ့ နေရာမှာ တရားစွဲရမှာလေ။ ရခိုင်ကိစ္စကို တရားစွဲချင်ရင် စစ်တွေမှာ ရုံးတင်ရမှာပေါ့။ ဒါပေမဲ့ အဲဒီမှာ မတင်ဘဲ စစ်ခုံရုံးရှိတဲ့ ရန်ကုန်ကို ခေါ်လာပြီး စစ်ဆေးတယ် ဆိုကတည်းက ရည်ရွယ်ချက်က ပြစ်ဒဏ်များများပေးချင်လို့ ဆိုတဲ့ သဘောပေါ့။ နောက်ပြီးတော့ အရင် သတင်းပို့ထားတာ၊ အရင် သတင်းဓာတ်ပုံတွေ ရိုက်ထားတာတွေအတွက် အပြစ်ပေးချင်လို့ ရန်ကုန်မှာ ရုံးတင် စစ်ဆေးတာလို့ ယူဆတယ်။ ပြစ်ဒဏ်အများကြီးပေးတာကတော့ အငြှိုးနဲ့ပေးတာပေါ့။ နှစ် ၂ဝ ဆိုတာ အမြင့်ဆုံးပဲလို့ထင်တယ်။ အခြားအမှုတွေလည်း ကျန်သေးတယ်လို့ သိရတယ်။”

ကိုစိုင်းဇော်သိုက်ရဲ့ လုပ်ဖော်ကိုင်ဘက် သတင်းသမားတစ်ဦးဖြစ်တဲ့ မအလှလေးသူဇာကလည်း စစ်ကောင်စီဟာ ကိုစိုင်းဇော်သိုက်ကို ရည်ရွယ်ချက်ရှိရှိ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်တဲ့အကြောင်း အခုလို ပြောပါတယ်။

“သူတို့တွေက အဆိုးဆုံးကို လုပ်ဖို့ စဉ်းစားထားပုံရတယ်။ ကိုစိုင်းဇော်ဆိုရင် ကင်မရာကိုင်တဲ့ ဓာတ်ပုံသတင်းထောက်ပါ။ သူယူတဲ့ သတင်းတွေက တော်လှန်ရေးသတင်းမဟုတ်ဘူးရှင့်။ မိုခါမုန်တိုင်းက ပြည်သူတွေ အခက်အခဲဖြစ်နေတဲ့ သတင်းတွေကို သွားယူတာ။ အဲဒီလူမျိုးကို ဖမ်းတယ်။ ဖမ်းရုံတင်မကဘူး မီဒီယာတွေကို ပေးတဲ့ ပြစ်ဒဏ်တွေထဲမှာ အမြင့်ဆုံး အပြစ်ဒဏ် နှစ် ၂၀ တောင် ချလိုက်တယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတာ ပြောချင်တဲ့သဘောပဲရှင့်”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက သတင်းသမားအရေအတွက် ၁၅၀ ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ လေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံ သတင်းသမားတွေအတွက် ဖွဲ့စည်းထားတဲ့ Detained Journalist Group က ပြောထားပါတယ်။ Committee to Protect Journalists (CPJ) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တရုတ်နဲ့ အီရန်ပြီးရင် တတိယမြောက် အဆိုးဝါးဆုံး ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။