မြန်မာနိုင်ငံမှာ ထောင်ချခံရတဲ့ သတင်းသမားအရေအတွက် ထပ်တိုး

2022.07.25
မြန်မာနိုင်ငံမှာ ထောင်ချခံရတဲ့ သတင်းသမားအရေအတွက် ထပ်တိုး မဇ္ဈိမသတင်းဌာနရဲ့ အလွတ် သတင်းထောက် မမေဘယ်လ် (ခ) မညိမ်းညိမ်းအေးနှင့် ဧရာဝတီသတင်းဌာနမှ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်တို့အား တွေ့ရစဉ်
Photo: CJ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ ဒီနေ့အထိ သတင်းသမား ၅၅ ဦး ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက သတင်းသမား ၂၀ ဦးဟာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ သတင်းသမားတွေရဲ့ အချက်အလက်တွေကို ပြုစုနေတဲ့ Detained Journalists Information Myanmar အဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

သတင်းသမားတွေဟာ ပုဒ်မမျိုးစုံနဲ့ ဆက်လက်တရားရင်ဆိုင်နေရသလို တချို့ကလည်း စစ်ကြောရေး စခန်းတွေမှာ ရှိနေဆဲဖြစ်တယ်လို့ မြန်မာပြည်တွင်းက သတင်းသမားတွေ အရေး စောင့်ကြည့်နေသူတွေက ပြောပါတယ်။

အခုဇူလိုင်လထဲမှာ သတင်းသမားနှစ်ဦး ထောင်ဒဏ် အသီးသီး ချမှတ်ခံခဲ့ရပါတယ်။

"လွတ်လွတ်လပ်လပ် သွားလာပြီးတော့ သတင်းမယူရဲတာကလည်း အဲဒီဖမ်းဆီးခံရတဲ့ ကိစ္စကြောင့်လို့ပဲ ပြောရမှာပေါ့”

DVB သတင်းဌာန သတင်းထောက် ဦးအောင်စံလင်းဟာ ဇူလိုင် ၇ ရက်နေ့က စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တရားရုံးက ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၅၂ တို့နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခံခဲ့ရပါတယ်။

အလားတူ ဇူလိုင် ၁၄ ရက်မှာလည်း မဇ္ဈိမသတင်းဌာနရဲ့ အလွတ် သတင်းထောက် မမေ ဘယ်လ် (ခ) မညိမ်းညိမ်းအေးဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ အင်းစိန် ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။

မမေဘယ်လ် အဖမ်းခံလိုက်ရတဲ့အချိန်ကစလို့ အမိန့်ချလိုက်တဲ့အချိန်အထိ မိသားစုနဲ့ တွေ့ဆုံခွင့်မရတာကြောင့် သူ့ကျန်းမာရေးအတွက် စိတ်ပူတယ်လို့ မမေဘယ်လ် ဆွေမျိုးတစ်ဦးက RFA ကို ပြောပါတယ်။

“အခုဒီအမှုက စစ်တော့လည်း အင်းစိန်ဗဟိုတရားရုံးမှာ စစ်တော့လေ မိသားစုတွေ၊ ဘာတွေ ညာတွေနဲ့တော့ ထောင်ဝင်စာပို့ရင်လည်း လုံးဝမတွေ့ရဘူး။ ကိုဗစ်ကြောင့်လား ဘာလားတော့ မပြောတတ်ဘူး။ တွေ့တာတွေက တွေ့ခွင့်မရဘူး။ အခုအမိန့်ချပြီးတော့ လည်း မတွေ့ရဘူးပေါ့နော်။ အဓိက သူ အစာအိမ်ရောင်မှာတို့၊ နေရထိုင်ရခက်မှာတို့ အဲဒါလေးတွေတော့ စိုးရိမ်တာပေါ့နော်။ ပြီးတော့ အမြဲတမ်းလည်း မသိရတော့၊ အဆက် အသွယ်က ကိုယ်လိုချင်သလောက်တော့ မရဘူးဆိုတော့လေ လူချင်းလည်း မတွေ့ရ တော့ စိုးရိမ်တာပေါ့နော်။ အစာအိမ်ကလည်း ဟိုအရင်ကတည်းက အောင့်တတ်တာ ဆိုတော့လေ”

သတင်းထောက် မမေဘယ်လ်ဟာ အင်းစိန်ထောင်တွင်း ဖမ်းဆီးထိန်းသိမ်းခံရစဉ် အစာ အိမ်ရောဂါကြောင့် ထောင်တွင်းဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း သတင်းသတင်းသမားတွေ ဖမ်းဆီးခံရတာ၊ တရားစွဲတင် ခံရတာ စတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဇွန်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှာနေတဲ့ အလွတ်သတင်းထောက် ကိုရဲ နိုင်ဆွေ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်ကနေ လာရောက်ဖမ်းဆီးခဲ့ပါတယ်။

စစ်ကိုင်းမြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးမြို့မှာတော့ ဇွန်လ ၂၉ ရက်နေ့မှာ ဧရာ ဝတီသတင်းဌာနမှာ လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ကို အိုးဘိုထောင် တွင်းတရားရုံးကနေ ရာဇသတ်ကြီးပုဒ်မ- ၅၀၅ (က) နဲ့ စွဲချက်တင်ခဲ့ပါတယ်။

အာဏာသိမ်းပြီချိန်ကစလို့ သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ တရားစွဲဆို ထောင်ချခံရ တာတွေ ဒီနေ့အထိ ဆက်တိုက်ရှိနေတာကြောင့် ပြည်တွင်းမှာရှိတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးအခြေအနေဟာ အဆိုးရွားဆုံးထိ ကြုံတွေ့နေရတယ်လို့ သတင်းထောက်တွေ ဖမ်းဆီးခံရမှုအခြေအနေတွေကို စောင့်ကြည့်မှတ်တမ်းနေသူ တစ်ဦးက ပြောပါတယ်။

“သတင်းစာဆရာတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ကိစ္စတွေက ရှိမြဲရှိနေတယ်။ တရား စွဲဆို ခံရတဲ့အခြေအနေတွေကလည်း ရှိမြဲရှိနေတဲ့ အခြေအနေ ကျနော်တို့ တွေ့ရတယ် ပေါ့နော်။ ဒီဟာတွေက အမြဲတမ်းဖြစ်နေတယ်။ လက်ရှိအခြေအနေမှာဆိုရင်လည်း သတင်းစာဆရာတွေက မြေပြင်မှာ အလုပ်လုပ်နေရတဲ့ အခြေအနေမှာ အန္တရာယ် အမျိုးမျိုးကို အချိန်မရွေး ကြုံတွေ့နိုင်တဲ့ အနေအထားတွေရှိတာကိုလည်း တွေ့လာ ရတယ်။ ကိုယ်ဟာ သတင်းထောက်ပါ။ သတင်းစာဆရာပါလို့ ထုတ်ပြောပြီးတော့ ကိုယ့်အလုပ်ကို လုပ်ခွင့်မရတဲ့ အခြေအနေမျိုးတွေ ကျနော်တို့ ရင်ဆိုင်ရတယ်ပေါ့နော်။ ကျနော်တို့ သတင်းမီဒီယာလောကနဲ့ ပတ်သက်ရင်တော့ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရတယ်”

သတင်းထောက်တွေ ဖမ်းဆီး၊ ထောင်ချခံနေရတဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့် ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်ပါဘူး။

သတင်းထောက်တွေ သတင်းမီဒီယာလုပ်ငန်းလုပ်ရုံနဲ့ ဖမ်းဆီးတာမျိုးမရှိဘဲ ဆန္ဒပြပွဲတွေမှာ လှုံ့ဆော်တာ၊ အကြမ်းဖက်ဥပဒေတွေနဲ့ ငြိစွန်းတာတွေကိုပဲ ဖမ်းဆီးတာရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အရင်က ဖြေဆိုဖူးပါတယ်။

ပြည်တွင်းက သတင်းသမားတွေဟာ သတင်းအလုပ်လုပ်နေရင်းမှာပင် အချိန်မရွေး ဖမ်းဆီး ခံရနိုင်တာကြောင့် မလုံခြုံတဲ့ကြားကပဲ သတင်းတွေကို တင်ဆက်နေရတယ်လို့ ရှမ်းပြည် နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ သတင်းထောက် မိုင်းအနိုင်က ပြောပါတယ်။

“ဒီပြည်တွင်းမှာနေတော့ ပထမဆုံးအခက်အခဲကတော့ လုံခြုံရေးပိုင်းလို့ ပြောလို့ရတယ်။ သွားလာတဲ့နေရာမှာ တော်တော်လေး သတိထားပြီး သွားလာနေရတယ်။ အရင်လို လွတ်လွတ်လပ်လပ် သွားလာလို့မရဘူး။ အမြဲတမ်း ကျနော်တို့သွားလာရင် ဖမ်းခံရ မလား ဘယ်လိုသွားရင် ဖမ်းခံရမလဲ ဆိုတဲ့စိတ်ကြောင့်ပဲ သတင်း၊ စတိုရီတွေ လုပ်တဲ့ နေရာမှာလည်း စိတ်ပိုင်းဆိုင်ရာအားဖြင့် ကျနော်တို့အခက်အခဲရှိတယ်။ အဲဒီလိုပုံစံမျိုး တော့ ကြုံတွေ့နေရတာပေါ့။ ဒီနေရာက မလုံခြုံဘူးဆိုရင် ဘယ်နေရာ ပြန်ထပ်ပြောင်း ရင် ကောင်းမလဲ ဆိုတဲ့ဟာ စဉ်းစားချက်နဲ့ အဲဒီလို စိုးရိမ်တထိတ်ထိတ်နဲ့ နေနေရတဲ့ အခြေအနေလို့ ပြောလို့ရတယ်”

သတင်းသမားတွေကို စစ်ကောင်စီက ဖိနှိပ်မှုတွေအမျိုးမျိုးလုပ်နေပေမယ့် ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်အတွက် သတင်းတွေရယူ ပေးပို့နေတာတွေကိုတော့ ရပ်တန့်ပစ်မှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

သတင်းသမားတွေက ဖမ်းဆီးခံနေရတဲ့ ကိစ္စတွေက သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက် ထိခိုက်တဲ့ ကိစ္စလို့ သတင်းစာဆရာ ဦးမြင့်ကျော်က ပြောပါတယ်။

“ဒီဟာက အခုချိန်ထိ မြန်မာနိုင်ငံက သတင်းသမားတွေအတွက် အဓိကစိုးရိမ်စရာ အဓိက ခြိမ်းခြောက်နေတဲ့ ကိစ္စဖြစ်နေတုန်းပဲပေါ့နော်။ လက်ရှိလည်း သတင်းသမား ဖမ်းခံရတဲ့ကိစ္စတွေက မရပ်တန့်သွားသေးဘူး။ တချို့လတွေမှာ တစ်ယောက်နှစ် ယောက်၊ တချို့လတွေမှာ နှစ်ယောက်ထက်တောင် ပိုတဲ့ဟာတွေလည်း ရှိသေးတယ်။ ဒီဖမ်းဆီးခံရတဲ့ကိစ္စက နံပါတ်တစ် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ထိခိုက်တဲ့ကိစ္စ လို့ ပြောရမယ်။ သတင်းသမားတွေ သတင်းကို လွတ်လွတ်လပ်လပ် မရေးသားရဲတာ၊ လွတ်လွတ်လပ်လပ် သွားလာပြီးတော့ သတင်းမယူရဲတာကလည်း အဲဒီဖမ်းဆီးခံရတဲ့ ကိစ္စကြောင့်လို့ပဲ ပြောရမှာပေါ့”

အာဏာသိမ်းကာလမှာ သတင်းသမားတွေ ဖမ်းဆီးထောင်ချခံရတာတွေအပြင် သေဆုံးခဲ့ ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။

yenaingswe.jpg
စစ်ကိုင်းမြို့မှ အလွတ်တန်းသတင်းထောက် ကိုရဲနိုင်ဆွေအား တွေ့ရစဥ် (Photo: CJ)

အလွတ်ဓာတ်ပုံ သတင်းထောက် ကိုစိုးနိုင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အသံတိတ်ဆန္ဒပြပွဲကို သတင်းဓာတ်ပုံ ရိုက်ကူးနေချိန် ရန်ကုန်မြို့မှာ အဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။

ဖက်ဒရယ်ဂျာနယ်အယ်ဒီတာ အေစိုင်းကေ (ခ) စိုင်းဝင်းအောင်ဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့ လေးကေ့ကော်ဒေသတိုက်ပွဲကို သတင်းရယူနေ ချိန် လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာနရဲ့ ဝါရင့် သတင်းထောက် ဆလိုင်း သွီဒင်း (Salai Tui Dim) ကတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က မတူပီမြို့နယ် မတူပီ - ဟားခါး လမ်းဘေးက ကျေးရွာတစ်ရွာအနီးမှာ ဒေသခံ ၁၀ ဦးနဲ့အတူ စစ်ကောင်စီ တပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် 7 Days News၊ Delta News Agency၊ DVB၊ Kamayut Media၊ Khit Thit၊ Mizzima၊ Myanmar Now၊ Myitkyina News Journal၊ Tachileik News Agency၊ The 74 Media နဲ့ Zayar Times စတဲ့ သတင်းဌာန ၁၁ ခုကို စစ်ကောင်စီ က လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းထားပါတယ်။

ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ ကမ္ဘာ့သတင်း မီဒီယာလွတ်လပ်ခွင့်နေ့ မေလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်းက နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာက အဆင့် ၁၇၆ နေရာမှာ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။