ဖမ်းဆီးခံ ဦးဟံသာညိန်း ရဲရင့်တဲ့သတင်းသမားဆု အမည်တင်သွင်းခံရ

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.11.15
ဖမ်းဆီးခံ ဦးဟံသာညိန်း ရဲရင့်တဲ့သတင်းသမားဆု အမည်တင်သွင်းခံရ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ အကြိမ် ၃၀ မြောက် နှစ်ပတ်လည်စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအတွက် ကမ္ဘာတစ်ဝန်းက အဆိုပြုခံရသူများ။
Photo: RSF

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့အကြိမ် ၃ဝ မြောက် နှစ်ပတ်လည်စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအတွက် ကမ္ဘာတစ်ဝန်းက အဆိုပြုခံရသူ သတင်းထောက် ၁၅ ဦးနဲ့ သတင်းမီဒီယာတွေစာရင်းကို RSF က နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီစာရင်းမှာ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူလည်းဖြစ် ကမာရွတ်မီဒီယာသတင်းဌာနရဲ့အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဦးဟံသာညိန်းလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး သတင်းမီဒီယာသမားတွေကို အာဏာသိမ်းစစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးခဲ့ရာမှာ ဦးဟံသာညိန်းဟာ ပထမဆုံးဖမ်းဆီးခံရသူတွေထဲမှာပါဝင်ခဲ့ပြီး အခုထိ အင်းစိန်ထောင်မှာအကျဉ်းချခံနေရဆဲဖြစ်ပါတယ်။

ဦးဟံသာညိန်းဟာ ဖိလစ်ပိုင်နိုင်ငံက လေဒီ အန်းန်း စဲလ်လန်မ် (Lady Ann Salem)နဲ့အတူ RSF ရဲ့သူရသတ္တိဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး အကျင့်ပျက်ခြစားမှု၊ ဖိနှိပ်တဲ့အစိုးရတွေကို ထိန်းချုပ်ရေးအားထုတ်မှုတွေအတွက် အဆိုပြုခံခဲ့ရတာဖြစ်ကြောင်းလည်း RSF က ဖော်ပြပါတယ်။

အဲဒီဆုဟာ ခက်ခဲပြီးအန္တရာယ်ရှိတဲ့ ဝန်းကျင်အနေအထားမှာ စာနယ်ဇင်းသမားတွေ၊ သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့သတ္တိအပြည့်နဲ့ စွန့်စားဆောင်ရွက်နေကြတာကို ပေးအပ်ချီးမြှင့်တဲ့ဆုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အီရန်၊ ယီမင်၊ တရုတ်နဲ့ နီကာရာဂွါ နိုင်ငံတွေက စာနယ်ဇင်းသမားတွေရဲ့ ထောက်ခံမှုတွေကိုလည်း ရရှိထားတာပါ။ RSF ရဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ ထဲမှာ မြန်မာက အဆင့် ၁၇၆ နေရာမှာ ရှိနေပါတယ်။

ဦးဟံသာညိန်းနဲ့အတူ သူရသတ္တိဆု ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက လေဒီ အန်းန်း. စဲလ်လန်မ် (Lady Ann Salem)ကလည်း RSF ရဲ့ လွတ်လပ်ရေးဆု နှင်းအပ်ဖို့ အဆိုပြုခံရတဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။ အဲဒီဆုဟာ သတင်းမီဒီယာသမားတွေ အနေနဲ့၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘာသာရေးဖိအားတွေကို ရင်ဆိုင်ခုခံနိုင်ရေးဆိုင်ရာ ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာပါ။

ဦးဟံသာညိန်းလိုပဲ လေဒီ အန်းန်း စဲလ်လန်မ် (Lady Ann Salem)ဟာလည်း သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့် အာဏာပိုင်တွေရဲ့ ပစ်မှတ်ထားခံနေရတာပါ။ အရင် ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးလက်အောက်မှာ အာဏာပိုင်တွေရဲ့စောင့်ကြည့်ခံနေရသူ ဖြစ်ပါတယ်။

အလားတူ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Christophe Deloire ကလည်း - အခုလို ဒစ်ဂျစ်တယ် သတင်းနည်းပညာခေတ်မှာ၊ စာနယ်ဇင်းတွေအတွက် စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရပေမယ့် စိတ်ဓာတ်ခွန်အား၊ လွတ်လပ်ခွင့်နဲ့ သတ္တိတွေကြောင့် ကမ္ဘာ့စာနယ်ဇင်းလောက ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်း ပြောပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ဆု ပေးအပ်ချီးမြှင့်လာခဲ့တာ နှစ် ၃၀ ရှိပြီဖြစ်ပါတယ်။ အခု အကြိမ် ၃၀ မြောက် စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအတွက် သတင်းထောက် ၁၉ ဦးနဲ့ သတင်းမီဒီယာတွေ ဆန်ကာတင်ရွေးချယ်ထားပါတယ်။

RSF ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆုပေးပွဲအခမ်းအနားကို လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ ကျင်းပမှာဖြစ်ပြီး ဆုအဖြစ် စာနယ်ဇင်းသတ္တိဆု၊ သတင်း သြဇာ ထိရောက်မှုဆု၊ သတင်းလွတ်လပ်ခွင့်ဆုတွေ ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေဟာ ဖိနှိပ်ခံနေရဆဲဖြစ်တာကြောင့် လုံခြုံမှုကင်းမဲ့နေဆဲပဲလို့ ရှမ်းပြည်နယ် အခြေစိုက် ရွှေဖီမြေသတင်းဌာနက သတင်းထောက်တစ်ဦးက RFA ကို ပြောပါတယ်။

“အခြေအနေကတော့ အရင်အတိုင်းပါပဲ။ အရင်အတိုင်းပဲဆိုတာက ကျွန်တော်တို့ သွားလာရေးအတွက်ပဲဖြစ်ဖြစ်၊ သတင်းလုပ်ငန်းအတွက်ပဲဖြစ်ဖြစ် ကွင်းဆင်းတာတွေကတော့ အခြေအနေကတော့ အရင်အတိုင်းပဲ ဖြစ်နေတုန်းပဲပေါ့နော်။ ကိုယ့်လုံခြုံရေးအတွက် ကိုယ့်လူတွေရဲ့လုံခြုံရေးအတွက် အမြဲသတိထားနေရတာ။ အရင်အတိုင်းပဲကို စိုးရိမ်နေရတုန်းပဲပေါ့နော်”

ပြည်တွင်းမှာ သတင်းသမားအဖြစ် ဆက်လက်ရပ်တည်ချင်တဲ့သူတွေဟာ ဘေးလွတ်ရာနေရာတစ်ခုခုကို တိမ်းရှောင်ရင်း သတင်းတွေကို ဆက်လုပ်နေကြရတယ်လို့ သူကပြောပါတယ်။

ပြည်တွင်းသတင်းမီဒီယာတွေရဲ့အခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Detained Journalist Information Myanmar က စာရေးဆရာ ကိုဟန်ဇော်ကတော့ အာဏာသိမ်းပြီးနောက် ဒီနေ့ထိ သတင်းသမား ၁၄၂ ဦးအထိ ထိန်းသိမ်းဖမ်းဆီး ခံထားရတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ပြုစုနိုင်တဲ့ စာရင်းအရဆိုရင် ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူပေါင်းက ၁၄၂ ဦး ရှိသွားပြီ။ အဲဒီထဲမှာ အမျိုးသားအနေနဲ့ ၁၁၆ ဦး ရှိပြီးတော့ အမျိုးသမီးအနေနဲ့ ဆိုရင်တော့ ၂၆ ဦး ရှိနေတာကို တွေ့ရမယ်ပေါ့နော်။ အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ တချို့တွေဆိုရင် ပြန်လွတ်လာတဲ့သူတွေ ရှိတယ်။ ရှေ့ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် စာရင်းမှာ ပါလာပြီး လွတ်လာတဲ့သူတွေ ရှိသလိုမျိုး ပြစ်ဒဏ်ကျခံရတဲ့အချိန် ပြည့်သွားတာပေါ့နော်။ လွတ်ရက်စေ့တဲ့အတွက် လွတ်လာတဲ့သူတွေလည်း ရှိတယ်ပေါ့နော်”

RFA က မှတ်တမ်းတင်ထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ဖမ်းဆီးထိန်းသိမ်းခံရသူ သတင်းသမား ၁၄၂ ဦး ထဲက ၃၆ ဦးဟာ ပြစ်ဒဏ်အသီးသီးချမှတ်ခံထားရပြီး ၁၁ ဦးကတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ကျန် ၉၅ ဦးကတော့ ပုဒ်မအမျိုးမျိုးနဲ့ အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကာလတွေမှာ သတင်းသမားတွေဟာ ဥပဒေရဲ့ အကာအကွယ်မရရှိခဲ့ဘူးလို့ ရန်ကုန်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။