ဒီဇင်ဘာလအတွင်း သတင်းသမား ခုနစ်ဦး ထောင်ချခံရ
2022.12.29

အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့အထိ စစ်ကောင်စီက သတင်းသမားတွေအပေါ် ပစ်မှတ်ထားဖိနှိပ်မှုတွေဆက်လုပ်နေပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ သတင်းထောက်တစ်ဦးဖမ်းဆီးခံရပြီး နောက်ထပ် သတင်းသမား ခုနစ်ဦး ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
သတင်းစာဆရာ ဦးစည်သူအောင်မြင့်၊ အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်း၊ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာချုပ် ကိုဝေလင်းယုနဲ့ တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်၊ Myanmar Press Photo Agency သတင်းထောက်တွေဖြစ်တဲ့ ကိုကောင်းဆက်လင်းနဲ့ မမှူးရတနာခက်မို့မို့ထွန်း၊ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဖြစ်တဲ့ အယ်ဒီတာချုပ် ဦးဟံသာညိန်းတို့ကို ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတယ်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် နာမည်ပေါက်တဲ့ သတင်းသမားတွေကို လိုက်ပြီးတော့ ဖမ်းထားတယ်"
ဒီသတင်းသမားတွေကို စစ်ကောင်စီတရားရုံးတွေက အနည်းဆုံးထောင်ဒဏ်လေးနှစ်ကနေ အများဆုံးခုနစ်နှစ်အထိ ချမှတ်ခဲ့တာပါ။ ဒီဇင်ဘာလဟာ ၂၀၂၂ ခုနှစ်ရဲ့ သတင်းသမား အများဆုံး ထောင်ချခံရတဲ့လဖြစ်ပါတယ်။
ဒီအပြင် ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ဦးကျော်ဇေယျဟာ ဒီဇင်ဘာလ ၂၅ ရက်က ဖမ်းဆီးခံလိုက်ရပါတယ်။ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့က မိဘတွေရဲ့နေအိမ်မှာရှိနေတဲ့ ဦးကျော်ဇေယျကို စစ်ကောင်စီ တပ်သားတွေက လာရောက်ဖမ်းဆီးခဲ့တာပါ။
သတင်းလွတ်လပ်ခွင့်မရှိတဲ့ခေတ်မှာ သတင်းထောက်ဆက်လုပ်နေတဲ့အတွက် ဦးကျော်ဇေယျ ဖမ်းဆီးခံလိုက်ရတာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“သူ့ကို စပြီးတော့အာဏာသိမ်းကတည်းက လိုချင်နေတာ။ သူကလည်း ရှောင်ရှားပြီး တော့ သူ့ဟာသူ သတင်းတင်တဲ့ အလုပ်ပဲ လုပ်နေတာပါရှင့်။ လောလောဆယ် ဘာအဆက်အသွယ်မှာ မရသေးတော့ သူ့အတွက်ပဲ စိတ်ပူနေမိတာပဲရှိတယ်။ သူကတော့ စကားပြောတာတော့ နည်းနည်းတော့ ပြတ်တယ်ပေါ့နော်။ စိတ်ရင်းကတော့ ကောင်းပါတယ်။ အဲဒီလို ပုံစံမျိုးပါ။ ကျမအနေနဲ့ကတော့ သတင်းသမားတွေ လွတ်လပ်စွာ သတင်းရေးခွင့်ပေါ့နော်။ အဲဒီလိုလေး ပေးထားရင် ကောင်းမယ်ရှင့်။ အခုလိုဖြစ်တာ ဘယ်သူ့ကိုမှလည်း ထပ်ပြီးမဖြစ်စေချင်တော့ဘူး”
ဦးကျော်ဇေယျရဲ့ဇနီးဖြစ်သူ ကမ္ဘောဇတိုင်းမ်သတင်းဌာန တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နဲ့ သတင်းထောက် နန်းဝင်းရီနဲ့ ယောက်ဖဖြစ်သူ စိုင်းစည်သူတို့ လေးဦးကတော့ ၂၀၂၁ ခုနှစ် မတ်လ၂၄ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
သူတို့လေးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ညောင်ရွှေအကျဉ်းထောင် အထူးတရားရုံးကနေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှာ ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချခဲ့ပါတယ်။
သတင်းထောက်အလုပ်ကိုလုပ်နေတဲ့ ဘယ်သူ့ကိုမှ စစ်ကောင်စီက အလွတ်ပေးမယ့်ပုံ မပေါ်ဘူးလို့ ရှမ်းပြည်နယ်အခြေစိုက် ရွှေဖီမြေသတင်းဌာနသတင်းထောက်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျနော်တို့ကတော့ ကိုယ့်လုံခြုံရေးကို ပိုပြီးတော့ ဂရုစိုက်ရမယ်၊ သတိထားရမယ်ဆိုတဲ့ ကျနော်တို့ အချက်ပေးသလိုပဲပေါ့နော်။ ကျနော်တို့လည်း ကြားထဲမှာ သတိထားမိ သလောက် တော်တော်လေး ငြိမ်သွားတယ်။ ဒါပေမဲ့ အခုမှ သူတို့က ပြန်ဖမ်းတာမျိုး လုပ်တဲ့အခါကျတော့ ရှမ်းပြည်နယ်ထဲက သတင်းအလုပ်လုပ်နေတဲ့ သတင်းသမားတွေ အတွက်ကတော့ အန္တရာယ်ရှိနေတဲ့ အခြေအနေပဲ။ မလုံခြုံသေးတဲ့ အခြေအနေပဲဆိုတာ ခံစားမိတယ်။ ကျနော်တို့ အရင်ကထက်ပိုပြီးတော့ သတိထားရမယ့်သဘော ဖြစ်သွားတာပေါ့”
သတင်းသမားတွေ ဖမ်းဆီးခံရပြီဆိုရင် စစ်ကောင်စီက ကြီးလေးတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုတယ်လို့ ရှေ့နေတွေက ပြောပါတယ်။
အဲဒီနောက် စစ်ခုံရုံးတွေက သတင်းထောက်တွေကို အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်တယ်လို့ တရားခွင်တွေမှာ အမှုလိုက်ပါဆောင်ရွက်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“နစကနဲ့ NUG၊ PDF၊ EAO တွေရဲ့ နိုင်ငံရေး ပြိုင်ဆိုင်မှု၊ စစ်ရေးပြိုင်ဆိုင်မှု ပြင်းထန် ကြီးမားလာလေလေ ဒီသတင်းတွေကို ဖော်ပြရေးသားနေတဲ့ သတင်းမီဒီယာတွေအနေနဲ့ ဒီဟာတွေက ပစ်မှတ်ဖြစ်ပြီးတော့ ဒီအနေအထားကတော့ ဆက်ပြီးတော့ ကြုံနေရဦး မယ့် အနေအထားပဲပေါ့နော်။ သို့သော် ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့်တွေ ရသလား ဆိုတော့ ယာယီအားဖြင့်တော့ အထူးတရားရုံးတွေနဲ့ အရပ်ဘက် တရားရုံးတွေမှာတော့ ပြည့်ပြည့်ဝဝ ရပါတယ်။ စစ်ခုံရုံးတွေမှာတော့ ရှေ့နေလိုက်ပါခွင့် မရှိဘူး။ အဲဒီအတွက် ပြောမယ်ဆိုရင်တော့ အမြင့်ဆုံး ပြစ်ဒဏ်တွေ ကျခံရတာတွေရှိတယ်”
အာဏာသိမ်းမှု အစောပိုင်းကာလမှာ သတင်းသမားတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အရေးယူခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ပြစ်ဒဏ်ပိုချနိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲအရေးယူလာတာမျိုး တွေ့ရတယ်လို့ သူက ထောက်ပြပါတယ်။

စစ်အာဏာရှင်တွေရှိနေသ၍ သတင်းသမားတွေ ဆက်ပြီးဖိနှိပ်ခံရဦးမယ်လို့ Red News Agency အယ်ဒီတာ ကိုဝင်းဇော်နိုင်က ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာသမားတွေကို ဆက်ပြီးတော့ ဖိနှိပ်နေတယ် ဆိုကတော့ ယုံမှားသံသယရှိစရာမလိုဘူးဗျ။ ပွင့်ပွင့်လင်းလင်း ပြောရရင် နာမည် ပေါက်တဲ့ သတင်းသမားတွေကို လိုက်ပြီးတော့ ဖမ်းထားတယ်။ အတွင်းထဲမှာ ရှိနေတဲ့သူတွေကလည်း ခိုးကြောင်းခိုးဝှက်နဲ့ နေနေပြီးတော့ အလုပ်လုပ်နေရတဲ့ အနေအထားမျိုး။ သူတို့နဲ့ အဆင်ပြေတဲ့ သူတို့လက်အောက်ခံ သူတို့အမိန့်ကို နာခံတဲ့ သတင်းသမားတွေလောက်ပဲ ပြည်တွင်းထဲမှာ ရပ်တည်လို့ရတာပေါ့လေ။ မီဒီယာသမားတွေက အာဏာသိမ်းပြီးတဲ့ အချိန်ကနေ တောက်လျှောက်ပဲ ဒီနေ့အချိန်အထိ စစ်အာဏာရှင်စနစ် မပြုတ်ကျမချင်းကိုပဲ ဆက်လက်ပြီးတော့ ဖိနှိပ်ခံရမယ့် အနေအထားဖြစ်တယ်လို့ ကျနော်ကတော့ ယုံကြည်ထားတယ်ဗျ”
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ကတော့ မြန်မာနိုင်ငံမှာ သတင်း လွတ်လပ်ခွင့်နဲ့ သတင်းသမားတွေအပေါ် မြန်မာစစ်ခေါင်းဆောင်တွေက အကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ဝေဖန်ပါတယ်။ ဒီအတွက် ကုလသမဂ္ဂအနေနဲ့ ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်ပေးဖို့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်တိုက်တွန်းခဲ့ပါတယ်။
RSF ရဲ့ အာရှ-ပစိဖိတ်ရေးရာဌာနအကြီးအကဲ Daniel Bastard က သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ မြန်မာစစ်အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေက အလွန်စက်ဆုပ်ဖွယ် ဖြစ်တယ်လို့ ဆိုပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေးမှာ သေဆုံးခဲ့သလို သတင်းသမား ၁၅၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီထဲက သတင်းသမား ၉၅ ဦး ပြန်လည်လွတ်မြောက်လာပေမယ့် ၅၅ ဦးက အကျဉ်းထောင်တွေထဲမှာ ကျန်နေပါတယ်။