ရုပ်သံမီဒီယာအားလုံးကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဥပဒေပြင်
2023.11.17
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ ပြင်ဆင်ပြဋ္ဌာန်းကြောင်း စစ်ကောင်စီအာဘော် သတင်းစာတွေကတစ်ဆင့် နိုဝင်ဘာလ ၁၇ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥပဒေပြင်ဆင်ချက်တွေကို နိုဝင်ဘာ ၁၆ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးအတည်ပြုခဲ့တာပါ။
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ထ)ရဲ့ ကောင်စီ ဆိုတဲ့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစားထိုးပြင်ဆင်ထားပြီး အခန်း(၄)မှာပါရှိတဲ့ ပုဒ်မ (၉)က နေ ပုဒ်မ (၁၃)အထိ ပုဒ်မ ငါးခုနဲ့ အခန်း(၅)တို့ကို ပယ်ဖျက်ထားပါတယ်။ ဒီပုဒ်မတွေအားလုံးဟာ ရုပ်သံထုတ်လွှင့်မှုတွေကို ကြီးကြပ်စောင့်ကြည့်တဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီ နဲ့ ပတ်သက်ပါတယ်။
"ခြောက်လတစ်ခါသက်တမ်းတိုးနေရတဲ့ စစ်ကောင်စီအဖွဲ့က စိတ်ကြိုက်ဥပဒေပြင်ဆင်ချက်ထုတ်တာမျိုးက သဘာဝကျပုံမပေါ်ပါဘူး”
အဓိကအားဖြင့် ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီရဲ့ လွတ်လပ်မှုနဲ့ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်တွေကို ပယ်ဖျက်လိုက်ပြီး စစ်ကောင်စီက တိုက်ရိုက်ထိန်းချုပ်ဖို့ ပြင်ဆင်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းစာဆရာတစ်ဦးက ဝေဖန်ပါတယ်။
“ရွေးချယ်တင်မြှောက်တဲ့စနစ်ကို ဥပဒေထဲက အကုန်လိုက်ပြီးတော့ ရှာဖွေပြီး ဖယ်ရှားလိုက်တာပေါ့။ သေချာတာက နိုင်ငံရေးနဲ့ မပတ်သက်တောင် လူမှုရေးလို ကိစ္စမျိုးတွေမှာတောင်မှပဲ ရွေးချယ်တင်မြှောက် ပြီးတော့ တက်လာတဲ့ ဟာမျိုးက ပြန်ပြီး Complain တက်တာမျိုးတွေ၊ မတူတဲ့အယူအဆမျိုးတွေ အဲ့ဒါမျိုးတွေ လုံး၀ အသံထွက်မလာအောင် သူတို့ရွေးချယ်ခန့်အပ်မယ့်သူနဲ့ပဲ ဖွဲ့မယ်ဆိုတဲ့ဟာမျိုးကို ဥပဒေထဲမှာ လိုက်ပြင်ထားတာ တွေ့ရတယ်။ ဥပဒေတင်မကဘူး လူတွေကပါ သူတို့ပြောတာကိုလုပ်မယ့်သူ၊ နားထောင်မယ့်သူတွေကို ရွေးချယ်ပြီး ခန့်အပ်တဲ့ သဘောမျိုး။ နိုင်ငံသူ နိုင်ငံသားတွေ သတင်းအချက်အလက်တွေ ဒီရုပ်သံတွေကနေ တစ်ဆင့် များများသိဖို့ ရည်ရွယ်ချက်မျိုးတော့ လုံး၀ မဟုတ်တာသေချာတယ်”
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ထ) မှာ ကောင်စီဆိုတဲ့ အနက်အဓိပ္ပာယ် ကို ရုပ်သံထုတ်လွှင့်မှုတွေကို ကြီးကြပ်စောင့်ကြည့်ဖို့ အစိုးရ၊ တရားစီရင်ရေးဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ ရုပ်သံလုပ်ငန်း လုပ်ကိုင်ကြသူတွေရဲ့ လွှမ်းမိုးမှုကင်းပြီးကိုယ်ပိုင်စီမံခန့်ခွဲမှုရှိတဲ့ ရုပ်မြင်သံကြားနဲ့အသံလွှင့်ကောင်စီလို့ ဖွင့်ဆိုထားတာပါ။
အခုပြင်ဆင်ချက်မှာတော့ ကောင်စီဆိုတဲ့ အနက်အဓိပ္ပာယ်ကို ရုပ်သံထုတ်လွှင့်မှုတွေကို ကြီးကြပ်စောင့်ကြည့်ဖို့ စစ်ကောင်စီကဖွဲ့ စည်းပေးတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီလို့ ဖွင့်ဆိုလိုက်ပါတယ်။
ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီ ဟာ ရုပ်သံထုတ်လွှင်မှုနဲ့ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေရေးဆွဲတာ၊ လုပ်ငန်းလိုင်စင် စိစစ်ခွင့်ပြုတာ၊ စည်းကမ်းမလိုက်နာတဲ့ ရုပ်သံလုပ်ငန်းတွေကို အရေးယူတာတွေ လုပ်ရပါတယ်။
ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီဝင်တွေ ရွေးချယ်ခန့်အပ်မှုနဲ့ သက်ဆိုင်တဲ့ အခန်း(၄) က ပုဒ်မ ငါးခုနဲ့ ကောင်စီရဲ့သက်တမ်းနဲ့ တာဝန်ရပ်စဲခြင်းနဲ့ သက်ဆိုင်တဲ့ အခန်း(၅) ကို ပယ်ဖျက်လိုက်ပါတယ်။ အဲဒီပုဒ်မတွေဟာ ကောင်စီဝင်ရွေးချယ်မှု ပွင့်လင်းမြင်သာမှုရှိတာ၊ အဆိုပြုကောင်စီဝင်စာရင်းကို ထုတ်ပြန်ပြီး ပြည်သူရဲ့ ဝေဖန်တုံ့ပြန်မှုကို ဖိတ်ခေါ်တာနဲ့ လူထုထောက်ခံမှုအများဆုံးရရှိသူတွေကို ကောင်စီဝင်အဖြစ် ရွေးချယ်တာ စတဲ့ အချက်တွေ ဖြစ်ပါတယ်။
စစ်ကောင်စီက ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေကို အခုလိုပြင်ဆင်တာဟာ လုပ်ထုံး လုပ်နည်းနဲ့ မညီဘူးလို့ DVB သတင်းဌာနက ဒါရိုက်တာ ဦးသန်းဝင်းထွဋ်က ဝေဖန်ပါတယ်။
“ပုံမှန်ဆိုလို့ရှိရင် ဒီဥပဒေတစ်ခုပေါ်လာဖို့ ပြင်ဆင်ချက်တစ်ခုလုပ်ဖို့ဆိုတာက မူကြမ်း အဆင့်မှာတောင်မှာ လွှတ်တော်နှစ်ရပ်နဲ့ ဌာနဆိုင်ရာတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေ အကြိတ်အနယ်ဆွေးနွေးပြီးတော့မှ ပြည်သူလူထုကိုချပြ အဲလိုမျိုးထုံးစံ ရှိတာဆိုတော့ အခုလိုမျိုး ခြောက်လတစ်ခါသက်တမ်းတိုးနေရတဲ့ စစ်ကောင်စီ အဖွဲ့က စိတ်ကြိုက်ဥပဒေပြင်ဆင်ချက်ထုတ်တာမျိုးက သဘာဝကျပုံမပေါ်ပါဘူး”
စစ်ကောင်စီအနေနဲ့ အခုလိုမျိုး ဥပဒေပြင်ဆင်ပိုင်ခွင့်လည်းမရှိဘူးလို့ ဦးသန်းဝင်းထွဋ်က ပြောပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် Border News Agency အယ်ဒီတာချုပ် ဦးကောင်းမြတ်နိုင် ကတော့ စစ်ကောင်စီက ပြည်သူလူထုကို စိတ်ကြိုက်ဝါဒဖြန့်ဖို့ ပြင်ဆင်လာတာလို့ သုံးသပ်ပါတယ်။
“အဓိကက ကျွန်တော်မြင်တာကတော့ သူတို့လာမယ့် ဒီပြည်လုံးကျွတ် သန်းခေါင်စာရင်းတို့ သူတို့ရဲ့ ဒီရွေး ကောက်ပွဲတွေအတွက် သူတို့စိတ်ကြိုက် ဝါဒဖြန့်ချိရေးလုပ်လို့ရအောင်၊ သူတို့စိတ်ကြိုက်ပြင်လို့ရအောင် ဒါသူတို့က တရားဝင်တဲ့ တရားဝင်ဖြစ်တယ် တရားဝင်ဟာပုံစံမျိုးဖြစ်အောင် လုပ်နေတာလို့ မြင်ပါတယ်”
ဒီပြင်ဆင်ချက်တွေကို သတင်းမီဒီယာအသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့လည်း ဦးကောင်းမြတ်နိုင်က ပြောပါတယ်။
အခုပြန်လည်ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၃ ခုနှစ် ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်း ဆိုင်ရာဥပဒေဟာ ရွေးကောက်ပွဲရလဒ်အရ ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းပြီး တဲ့နေ့အထိ အာဏာတည်ရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် သတင်းဌာန ၁၄ ခုကို စစ်ကောင်စီက ထုတ်ဝေခွင့်လိုင်စင်တွေ ရုပ်သိမ်း ခဲ့သလို နိုင်ငံတစ်ဝန်းက သတင်းထောက် ၁၆၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲက သတင်းထောက် ၄၉ ဦးဟာ လက်ရှိအချိန်အထိ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရ တယ်လို့ ဖမ်းဆီးခံသတင်းသမားတွေရဲ့ စာရင်းကို ပြုစုထားတဲ့ Detained Journalists Information Myanmar ရဲ့ စာရင်းတွေအရ သိရပါတယ်။