အာဏာရှင်ဆန့်ကျင်နေသူတွေရဲ့ မိသားစုဝင်တွေ ရန်ရှာခံနေရ
2023.06.10

အာဏာသိမ်း စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ သူတို့ကို ထောက်ခံတဲ့ မီဒီယာတွေမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ခေါင်းဆောင်တွေ၊ သတင်းမီဒီယာသမားတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မိသားစုဝင်တွေ နေထိုင်တဲ့ နေရပ်လိပ်စာတွေကို ဖော်ထုတ်ဖို့ ရေးသားနှိုးဆော်နေကြပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းရဲ့ တယ်လီဂရမ်တွေမှာလည်း အဲဒီမိသားစုဝင်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ဖို့ နှိုးဆော်တိုက်တွန်းနေတာတွေ မြင်ရပါတယ်။
အာဏာသိမ်း စစ်တပ်ထောက်ခံပွဲတွေ၊ မြန်မာနိုင်ငံက ဘာသာရေး သွေးထိုးလှုံ့ဆော်တဲ့ ဟောပြောပွဲတွေ ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ လီလီနိုင်ကျော်နဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူလို့ နာမည်ကြီးတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသားရေးအစည်းအရုံး (MNO) ဥက္ကဋ္ဌ ဦးတင့်လွင်တို့ ရှေ့ဆင့်နောက်ဆင့် သတ်ဖြတ်ခံရပြီး နောက်ပိုင်း အခုလို ဒီမိုကရေစီရေး၊ စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်သူတွေရဲ့ မိသားစုတွေကို ခြိမ်းခြောက်တဲ့ အခြေအနေ ထပ်မံပေါ်ပေါက်လာတာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၂၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး (MNO) ဥက္ကဋ္ဌ ဦးတင့်လွင် သတ်ဖြတ်ခံရပြီး မေလ ၃၀ ရက်နေ့မှာတော့ မဘသနဲ့ စစ်တပ်ထောက်ခံသူ ဒေါ်လီလီနိုင်ကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။
သူတို့ နှစ်ဦး သတ်ဖြတ်ခံရပြီးနောက်မှာတော့ ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံ သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ ဇွန်လ ၆ ရက်နေ့က ရန်ကုန်တိုင်း၊ ထန်းတပင် မြို့နယ်၊ ရိုးကြီးရွာက သူတို့ရဲ့ နေအိမ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။
ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်ရဲ့ မိခင်နဲ့ အစ်မဖြစ်သူကို သတ်ဖြတ်သွားသူတွေဟာ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာက ပျူစောထီး နိုင်ကြီး(ခ) အရုပ်ကြီးနဲ့ လူမိုက်အဖွဲ့ဖြစ်ပြီး မဘသ အမျိုးသားရေး အစွန်းရောက်တွေ ဖြစ်တယ်လို့ ပြည်တွင်းသတင်းမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။
ရိုးကြီးဒေသခံတွေဆီ RFA ကဆက်သွယ်ချိန်မှာလည်း နိုင်ကြီးတို့အဖွဲ့ဟာ မဘသတွေဆိုတာကိုသာ သိရပြီး ကျန်တဲ့ အချက်အလက်တွေကို ဖြေဆိုဖို့ ငြင်းဆိုကြပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို ဇွန်လ ၇ ရက် ညပိုင်းမှာ အမည်မသိ လူတစ်စုက လုပ်ကြံသတ်ဖြတ်သွား ပြန်ပါတယ်။
ဒါဟာ စစ်တပ်ထောက်ခံ တယ်လီဂရမ်တွေမှာ NUG အစိုးရအဖွဲ့ဝင်တွေရဲ့ မိသားစု လိပ်စာတွေ စုံစမ်းနေချိန်မှာ ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ သတ်ဖြတ်ခံလိုက်ရတာပါ။
“ဒီလိုဖြစ်သွားတဲ့ဟာတွေ ကျွန်တော့်ရဲ့ လူမှုကွန်ယက် စာမျက်နှာအောက်မှာတောင် လာပြီးရေးကြတဲ့ဟာတွေ ရှိတယ်ပေါ့နော် ဒီအမျိုးသားရေး အမည်ခံအဖွဲ့အစည်းတွေ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့လက်ချက် ဖြစ်တယ်ဆိုတဲ့ဟာကို ပုံစံမျိုးတွေ လာပြီးရေးတာတွေရှိတယ် ကျွန်တော်တို့ရဲ့ ဆွေမျိုးသားချင်းတွေကို ပစ်မှတ်ထားပြီး လုပ်လုပ် အရပ်သားပြည်သူတွေကိုပဲ မတရားလူမဆန်ရက်ရက်စက်စက် သတ်ဖြတ်တာတွေ သူတို့တောက်လျှောက်လုပ်လာတာပဲ ဒါတွေကို လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ရပ်တည်ချက် အရှိန်အဟုန်ကိုတော့ သူတို့လျော့သွားအောင် လုပ်လို့မရဘူး။ ”
စစ်တပ် တယ်လီဂရမ်တွေမှာ သတင်းမီဒီယာသမားတချို့ရဲ့ မိသားစု လိပ်စာတွေ စုံစမ်းခံရတဲ့ထဲမှာ ပါဝင်တဲ့ ခေတ်သစ်သတင်းမီဒီယာ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်က ဒါဟာ စစ်တပ်ရဲ့အဓိက လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။
“ဒီလိုခြိမ်းခြောက်တာမျိုးဆိုတာ စစ်တပ်ကခွင့်မပြုထားလို့ရှိရင် ဒါကဥပဒေအရ ကြည့်မယ်ဆိုလို့ရှိရင် ခြိမ်းခြောက်မှုမြောက်တယ် ဒါလူ့အသက်ကို သတ်ဖို့အတွက်ကို ကြံရွယ်မှုဆိုတဲ့ ရာဇသတ်ကြီး ပုဒ်မနဲ့ ငြိနေပြီလေ ဒါပေမဲ့ ဒါတွေကို အရေးမယူဘဲနဲ့ပိုတောင်မှ သူတို့ကအားပေးနေတာပေါ့နော် ပျူစောထီးတို့ ပြည်သူ့စစ်တို့ မဘသတို့ အမျိုးသားရေးတို့ ဒါတွေသူတို့ပဲလုပ်တာပဲလေ သူတို့ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတာပဲ သူတို့ကိုယ်တိုင် ပိုက်ဆံပေးတယ် လက်နက်ပေးတယ် သွားသတ်ခိုင်းတယ် လိပ်စာပေးတယ် သူတို့ကိုယ်တိုင် စုံစမ်းခိုင်းတယ် သူတို့ခိုင်းစေလို့ ဒီလိုမျိုးလက်ဝေခံ အဖွဲ့အစည်းတွေက ရဲရဲတင်းတင်း လုပ်ရဲတာပေါ့။”
အရင်က အမျိုးသားရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သလို မဘသထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားခဲ့သူ တစ်ဦး ဖြစ်ပေမယ့် လက်ရှိဒီမိုကရေစီအရေးမှာ တက်ကြွလှုပ်ရှားသူ ဖြစ်လာတဲ့ ကိုဟိဏ်းဝေယံကတော့ အခုလို ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေကို ပေါ်ပေါ်တင်တင် သတ်ဖြတ်ရဲတဲ့သူဟာ စစ်တပ်ဖြစ်ပြီး သူတို့လက်ဝေခံ အဖွဲ့တွေကို ခိုင်းစေတာ ဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ကျွန်တော်တို့ ပြည်သူတွေကို လုပ်တာက စစ်တပ်ကတော့ တိုက်ရိုက်ဘယ်တော့မှ မလုပ်ဘူး စစ်တပ်က ဟိုတုန်းကတည်းကလည်း ရှင်းရှင်းလေး အာဏာမသိမ်းခင်တုန်းကလည်း အာဏာသိမ်းလို့ရအောင် မဘသတွေကို ခိုင်းစေတယ် ပြည်သူတွေအချင်းချင်း သတ်ခံရပြီဆိုလို့ရှိရင် သူတို့မှာပုံဖျက်စရာ တစ်ခုပဲ ရှိတယ် သူတို့က တစ်ဖက်လှည့်နဲ့ပြန်ခိုင်းမယ် ပျူစောထီးတွေတစ်ဖက်လှည့်နဲ့ မွေးထားတယ်မရှိဘူးလို့ ပြောထားတယ် အဲမွေးထားတဲ့ကောင်တွေကို သတ်ဖြတ်ခိုင်းမယ် ပြီးလို့ရှိရင် တော်လှန်ရေးဘက်တော်သားတွေက လုပ်ပါတယ်လို့ပဲ ပုံရိပ်ဖျက်မယ် ဒီအကွက်ပဲ ဒါကသူတို့ ယုတ်မာနေကျ ရိုးရှင်းတဲ့အကွက်။”
ရန်ကုန် ပြောက်ကျားတပ်ဖွဲ့နဲ့ စစ်ဆင်ရေးတွေမှာ ဦးဆောင်နေသူ တစ်ဦးကတော့ ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ကို သတ်ဖြတ်သွားတာဟာ မဘသနဲ့ ပျူစောထီးတွေ ဖြစ်တယ်လို့လည်းသူက ပြောပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့လောက်ကလည်း သွေးသောက်အဖွဲ့ဆိုတဲ့ အမည်ပေါ်ပေါက်ပြီး မကြာခင် ဧပြီလ ၂၄ ရက်နေ့ကစလို့ ခုနှစ်ရက်အတွင်း မန္တလေးတိုင်း မြို့နယ်အချို့က NLD ပါတီဝင်တွေ၊ NLD ထောက်ခံသူတွေလို့ ယူဆရတဲ့လူ ရှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
သတ်ဖြတ်ခံရသူတွေအနီးမှာလည်း သွေးသောက်အဖွဲ့ဆိုတဲ့ စာတန်းပါ တံဆိပ်တွေကို တွေ့ရပါတယ်။ မန္တလေးက သွေးသောက်အဖွဲ့ဆိုတဲ့အမည်နဲ့ ဧပြီ ၂၁ ရက်နေ့မှာ တယ်လီဂရမ်က ထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာတော့ NLD ပါတီဝင်တွေ၊ ပါတီကိုထောက်ခံသူတွေ၊ PDF အဖွဲ့ဝင်တွေ၊ ဆက်နွယ်သူတွေကို သတ်ဖြတ်ချေမှုန်းမယ်လို့ ပါရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ကလည်း ရုပ်ရှင်မင်းသား ဟိန်းထက်ရဲ့နေအိမ်ကို သွေးသောက်အဖွဲ့က လက်နက်ကိုင်တစ်စုဝင်ရောက်ပြီး သေနတ်နဲ့ ပစ်ခဲ့လို့ ဟိန်းထက်ရဲ့ အဘိုးဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။
စစ်ကောင်စီကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေဟာ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးမှာပြောထားပါတယ်။
အဲဒီအစည်းအဝေးကို ဇွန်လ ၆ ရက်နေ့နဲ့ ၇ ရက်နေ့က ရုရှားနိုင်ငံမှာကျင်းပခဲ့ပြီး စစ်ကောင်စီက ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ကိုပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သွေးသောက်အဖွဲ့နဲ့ စစ်တပ်သက်ဆိုင်ခြင်း မရှိကြောင်း၊ ကျေးလက်တွေမှာ ပြည်သူ့စစ်တစ်ခုတည်းကိုသာ စစ်ကောင်စီက တရားဝင်ဖွဲ့စည်းပေးထားကြောင်း ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။