အာဏာသိမ်းပြီးနောက် ပြည်ပစီးပွားရေးလုပ်ငန်းတွေရဲ့ အကျပ်အတည်း

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.02.14
အာဏာသိမ်းပြီးနောက် ပြည်ပစီးပွားရေးလုပ်ငန်းတွေရဲ့ အကျပ်အတည်း ၂ဝ၁၃ ခုနှစ်က တွေ့မြင်ရသော ရန်ကုန်မြို့ ညရှုခင်း။
Photo: AFP

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရကို၊ စစ်တပ်က အာဏာသိမ်းခဲ့တာ တစ်နှစ် ပြည့်မြောက်ခဲ့ပြီးတဲ့နောက် နိုင်ငံတွင်းကို လာရောက် လုပ်ကိုင် နေကြတဲ့ ပြည်ပလုပ်ငန်းကုမ္ပဏီတွေအနေနဲ့ ရွေးချယ်စရာ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပြီး လုပ်ငန်းအတော်များများ နိုင်ငံတွင်းက ထွက်ခွာနေကြကြောင်း AFP သတင်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်က အာဏာလက်ဆုပ် ဖြည်ပေး လိုက်‌ပြီးတဲ့နောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေး ဖြေလျှော့မှုတွေနဲ့အတူ နိုင်ငံတွင်းကို ရင်းနှီးမြှုပ်နှံသူတွေ စုပြုံ ဝင်ရောက်လာခဲ့ကြပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှာ ပြည်သူ ၁၅၀၀ ကျော်သေဆုံးခဲ့ရပြီးတဲ့နောက်၊ ရင်းနှီးမြှုပ်နှံမဲ့ ပြည်ပကုမ္ပဏီတွေအနေနဲ့ ပြန်လည်စဉ်းစားကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အမေရိကန်အစိုးရကလည်း ကမ္ဘာ့လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်မယ်ဆိုရင် ဂုဏ်သိက္ခာ၊ ဘဏ္ဍာရေးနဲ့ ဥပဒေဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရဖွယ် ရှိကြောင်း၊ အထူးသဖြင့် မြန်မာအစိုးရပိုင်လုပ်ငန်းတွေ၊ ကျောက်မျက်နဲ့ ဓာတ်သတ္တုကဏ္ဍ၊ အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ၊ လက်နက်အရောင်းအဝယ်တွေနဲ့ပတ်သက်ပြီး သတိပြုရှောင်ရှားဖို့ ပြီးခဲ့တဲ့လက သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ပြည်ပ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေ လုပ်ကိုင်နေကြရာမှာ - စွမ်းအင် လုပ်ငန်းကြီးတွေဖြစ်တဲ့ TotalEnergies နဲ့ Chevron တို့က မုတ္တမပင်လယ်ကွေ့အတွင်း စစ်တပ်ကျောထောက်နောက်ခံပြု သဘာဝဓာတ်ငွေ့ လုပ်ကွက်တစ်ခုနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့အပေါ် လူ့အခွင့် အရေး အဖွဲ့တွေက ဖိအားပေး ကန့်ကွက်နေကြပါတယ်။

သဘာဝဓာတ်ငွေ့စီမံကိန်းတွေဟာ မြန်မာအတွက် နှစ်စဉ် နိုင်ငံခြားငွေ ဒေါ်လာ တစ်ဘီလီယံကျော် ရရှိရာ အ‌ကြီးဆုံး အရင်းအမြစ် ဖြစ်ပါတယ်။ တိုတယ်ကုမ္ပဏီအနေနဲ့ ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်တွေအတွင်း၊ စွမ်းအင် ထုတ်လုပ်ခွင့်နဲ့ အခွန်ငွေအဖြစ် ဒေါ်လာ သန်း လေးရာကျော် ပေးဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း နေရာအနှံ့ ရေနံနဲ့ ဓာတ်ငွေ့ ရှာဖွေနေတဲ့ ဩစတေးလျ စွမ်းအင်ကုမ္ပဏီ Woodside က လည်း လူ့အခွင့်အရေးခ ကိစ္စနဲ့ပတ်သက်ပြီး အနည်းဆုံး အမေရိကန် ဒေါ်လာ သန်းနှစ်ရာ ပေးဆောင်ဖို့ ရှိနေပါတယ်။

ဒီလအစောပိုင်းကလည်း ထိုင်ဝမ် Evergreen Marine ကုမ္ပဏီက စစ်တပ်ပိုင် ရန်ကုန် ဆိပ်ကမ်းမှာ ဆိုက်ကပ်တော့မှာ မဟုတ်ဘဲ၊ တခြားနေရာတွေကိုသာ အသုံးပြုမှာ ဖြစ်ကြောင်း AFP သတင်းကို ပြောဆိုခဲ့ပါတယ်။ အကြောင်းရင်းကို မသိရသေးပေမယ့်၊ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ကြိုဆိုကြပါတယ် ။

ဒီအတွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာအလုပ်သမား တစ်သိန်းကျော်ရှိတဲ့ British American Tobacco ကုမ္ပဏီ အောက်တိုဘာလမှာ နေရာရွှေ့ပြောင်းတော့မှာ ဖြစ်သလို ပြင်သစ်စွမ်းအင်ကုမ္ပဏီ Voltalia ကလည်း မြန်မာကနေ ထွက်ခွာသွားပြီ
ဖြစ်ပါတယ်။

အဲဒီလို ထွက်ခွာနေကြရာမှာ ဂျပန်ကီရင်ဘီယာကုမ္ပဏီက တနင်္လာနေ့က နောက်ဆုံး ထွက်ခွာသွားခဲ့တာပါ။ ဂျပန်တိုယိုတာကား ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ စက်ရုံတည်ဖို့ မနှစ်က စီစဉ်ခဲ့ပေမဲ့ အခုတော့ အဲဒီစီမံကိန်းကို ဆိုင်းငံ့ထားလိုက်ပါတယ်။

အလားတူ အထည်ချုပ်စက်ရုံတွေလည်း အမှာစာတွေ ရပ်ဆိုင်းထားပါတယ်။ ပြင်သစ် အကူအညီနဲ့ တည်ဆောက်မယ့် ရွှေလီအမှတ် ၃ လျှပ်စစ်ဓာတ်အားထုတ် ရေလှောင် တမံစီမံကိန်းလည်း ရပ်ဆိုင်းထားပါတယ်။

မြန်မာမှာ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မကြာခင်မှာပဲ ဂျပန်ဆူဇူကီးကုမ္ပဏီက မြန်မာနိုင်ငံက စက်ရုံနှစ်ရုံကို ထုတ်လုပ်မှု ဆိုင်းငံ့ခဲ့ပေမဲ့ မကြာခင်မှာပဲ ပြန်ဖွင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဟိုတယ် ၉ ခု ဖွင့်လှစ်ထားတဲ့ ပြင်သစ် Accor ဟိုတယ်အုပ်စုကလည်းသူ့ရဲ့ အလုပ်သမား တစ်ထောင်ကို ဆက်လက် ခန့်ထားမှာ ဖြစ်ပြီး ဒိန်းမတ်နိုင်ငံရဲ့Carlsberg ဘီယာကလည်း ထုတ်ကုန်ပမာဏ လျှော့ချခဲ့ရပေမဲ့ သူ့ရဲ့ မြန်မာနိုင်ငံတွင်း အလုပ်သမား ၄၅၀ ဝန်းကျင်ကို ဆက်လက်ခန့်ထားမှာ ဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။