စီးပွားရေးအရ စစ်ကောင်စီဆုံးရှုံးနေကြောင်း အမေရိကန်ပါမောက္ခ သုံးသပ်
2024.05.05

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ နယ်စပ်ဂိတ်တွေတော်တော်များများကို မြန်မာစစ်တပ်က လက်လွှတ်ဆုံးရှုံးခဲ့ရတာဟာ စီးပွားရေးအရ ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်လာပါတယ်လို့ ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက ဆိုပါတယ်။
နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လွယ်ဂျယ်နယ်စပ်ဂိတ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က သိမ်းယူထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုလည်း ကိုးကန့်တပ်မတော် (MNDAA) က သိမ်းယူထားပြီး၊ တရုတ်ရဲ့ကြားဝင်ညှိနှိုင်းမှုနဲ့ နယ်စပ်ကုန်သွယ်ရေးက ရတဲ့ အကျိုးအမြတ်တွေကို ကိုးကန့်အဖွဲ့က ၈ဝ ရာခိုင်နှုန်းနဲ့ စစ်ကောင်စီက ၂ဝ ရာခိုင်နှုန်း ခွဲယူဖို့ သဘောတူလိုက်ရပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး အဓိကဂိတ်ပေါက်ဖြစ်တဲ့ မူဆယ်ကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲ ဖြစ်ပေမဲ့ မူဆယ်အနီးတစ်ဝိုက်က မြို့ရွာအားလုံးနဲ့ လားရှိုးကို ဝင်ရောက်တဲ့ လမ်းအားလုံးကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားပြီး၊ အခွန်အကောက်တွေ စတင်ကောက်ခံနေပြီ ဖြစ်ပါတယ်။
နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) အားကောင်းလာတာနဲ့အမျှ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တွေလည်း ဆုံးရှုံးသွားပါတယ်။
အခုအချိန်မှာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သေးတာ ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့နဲ့ မွန်နဲ့တနင်္သာရီက ကုန်စည်ကူးသန်းမှု သိပ်မများတဲ့ နယ်စပ်ဂိတ်အချို့ပဲ ကျန်ပါတယ်။ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေးအပြင် အခြားငွေရလမ်းတစ်ခုဖြစ်တဲ့ နယ်ခြားစောင့်တပ်တွေကို လောင်းကစားမြို့တွေနဲ့ အင်တာနက်ငွေလိမ်လုပ်ငန်းလို တရားမဝင်လုပ်ငန်းတွေ လုပ်ခွင့်ပြုထားပြီး ရတဲ့ ဝင်ငွေရင်းမြစ်ကိုလည်း ဆုံးရှုံးနေပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ရွှေကုက္ကိုဟာဆိုရင် အကြီးဆုံး လောင်းကစားမြို့နဲ့ တရားမဝင်လုပ်ငန်းတွေ စုဝေးရာဖြစ်ပါတယ်။ အခုဆိုရင် ရွှေကုက္ကိုမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်လာတဲ့နောက် မြန်မာစစ်တပ် လက်အောက်ခံနယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးစောချစ်သူဟာ သူတို့တပ်ဖွဲ့ကို စစ်တပ်လက်အောက်ခံ မဟုတ်တဲ့ KNA ဆိုပြီး အသွင်ပြောင်းလာပါတယ်။
နိုင်ငံမြောက်ပိုင်းမှာတော့ ကိုးကန့်တပ်မတော် (MNDAA) အဖွဲ့က တရုတ်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို လွှဲပြောင်းပေးလိုက်ပါတယ်။
နိုင်ငံတွင်းမှာ ဒေါ်လာပြတ်လပ်မှုကြုံနေရတဲ့ စစ်ကောင်စီမှာ ငွေလဲလှယ်မှုတွေကို အတင်းအကျပ်ထိန်းချုပ်ဖို့ ကြိုးစားလာတာကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေအားလုံးကို ထိခိုက်ကုန်ပါတယ်။ ၂ဝ၂၄ ခုနှစ် ပထမ လေးလမှာတင် ကျပ်ငွေတန်ဖိုး ၁၆ ရာခိုင်နှုန်း ကျဆင်းပြီး၊ ရွှေဈေးနှုန်း ၂၂ ရာခိုင်နှုန်း တက်သွားပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံရဲ့ဂျီဒီပီဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၁၂ ရာခိုင်နှုန်း ကျုံ့သွားပြီး ပြည်သူ ၅၅သန်းရဲ့ ၅ဝ ရာခိုင်နှုန်းလောက်ဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်နေပါတယ်။ လက်ရှိငွေကြေးဖောင်းပွမှု ၁၈ ရာခိုင်နှုန်းအထက် ရှိနေပြီး အာဏာမသိမ်းခင်က ဆန်တစ်ကီလိုကို ကျပ်ခြောက်သောင်းကျော် ရှိခဲ့ရာက အခု တစ်သိန်းရှစ်သောင်းအထိ ရှိနေပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့စစ်တမ်းအရ စီးပွားရေးလုပ်ငန်းတွေဟာ ၅၆ ရာခိုင်နှုန်းပဲ လည်ပတ်နိုင်တဲ့အတွက် အခွန်ငွေရရှိမှု လျော့ကျနေပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတွင်းက စီးပွားရေးပြဿနာတွေဖြေရှင်းဖို့အတွက် ဆိုပြီး၊ စစ်ခေါင်းဆောင် တွေထဲမှာ နံပါတ် ခုနစ်အဆင့်ရှိတဲ့ ဗိုလ်ချုပ်မိုးမြင့်ထွန်းအပါအဝင် ထိပ်ပိုင်း ဗိုလ်ချုပ်အချို့ကို ရာထူးကနေ ချပြီး အရေးယူခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့လိုပဲ ရာထူးကနေ မပြုတ်ဘဲ ကျန်နေတဲ့ ဗိုလ်ချုပ်တွေဟာလည်း လာဘ်စားပြီး အရည်အချင်းမပြည့်တဲ့သူတွေသာ ဖြစ်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ စစ်ပွဲတင်မကဘဲ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေး ထိခိုက်မှုတွေနဲ့ပါ တိုက်နေရတာ ဖြစ်ပါတယ်။
တစ်စထက်တစ်စပိုပြီး ငွေကြေး ပြတ်လပ်လာတာနဲ့ အမျှ မကွေးတိုင်း၊ ချောက်မြို့နယ်မှာရှိတဲ့ ဝါဇီစက်ရုံကနေ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်လုပ်တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားလာနိုင်ပါတယ် လို့ ဆောင်းပါးရှင်က သုံးသပ်ထားပါတယ်။
(မှတ်ချက်။ ဇက်ခါရီ အဘူဇာသည် Zachary Abuza သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)