၂၀၂၄ ခုနှစ် မြန်မာ့စီးပွားရေးနဲ့ အနာဂတ် အလားအလာ
2024.12.28

၂၀၂၄ ခုနှစ်မှာ သဘာဝဘေးကြောင့်ရော စစ်ပွဲတွေကြောင့်ပါ ထိခိုက်ပျက်စီးမှုတွေ၊ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်မှုတွေရှိခဲ့ပြီး ကုန်ပစ္စည်းရှားပါးမှု၊ လောင်စာဆီ ပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေ ကြုံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်ဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် စီးပွားရေးကျဆင်းမှု အကျိုးဆက်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြင်းပြင်းထန်ထန် ကြုံရတဲ့နှစ်လို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ပြည်တွင်းက အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ထိန်းဖို့အတွက် လုပ်ငန်းရှင်တွေ၊ ကုန်သည်ပွဲစားတွေကို ဖမ်းဆီးအရေးယူတဲ့နည်းနဲ့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တာလည်းတွေ့ရပါတယ်။ လာမဲ့ မတ်လမှာ ကုန်ဆုံးမယ့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုမရှိဘဲ ၁ ရာခိုင်နှုန်း လျော့ကျသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
ရာဂီမုန်တိုင်းကြောင့်ထိခိုက်နစ်နာမှုများ
အခုနှစ်အတွင်း ရာဂီမုန်တိုင်းရဲ့ နောက်ဆက်တွဲနဲ့ မုတ်သုံမိုးကြောင့် တစ်နိုင်ငံလုံး ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းစစ်နဲ့ ဆင်းရဲကျပ်တည်းမှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေ အတွက် ပိုပြီး အခက်အခဲတွေ့စေခဲ့ပါတယ်။ နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၉၂ မြို့နယ်မှာ ပြည်သူ နှစ်သန်းခွဲလောက် ရေကြီးတဲ့ဒဏ်ကို ခံစားခဲ့ရပြီး စီးပွားရေးလုပ်ငန်းအားလုံးရဲ့ သုံးပုံတစ်ပုံလောက်နဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအားလုံးရဲ့ ထက်ဝက်ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်းတွေမှာတော့ အောက်တိုဘာလ ၁ ရက်နေ့အထိ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၄၃၆ ဦး၊ ပျောက်ဆုံးနေသူ ၆၆ ဦး၊ တိရိစ္ဆာန်အကောင်ရေ တစ်သိန်းရှစ်သောင်းကျော်နဲ့ လယ်ယာမြေဧက ကိုးသိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းခြင်းရဲ့ သက်ရောက်မှု
အခုနှစ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဂိတ်ပေါက်တွေ လအတော်ကြာ ပိတ်ထားခဲ့တဲ့အတွက် စစ်ကောင်စီအတွက်ရော၊ ကုန်သည်ပွဲစားတွေအတွက်ပါ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တရုတ်-မြန်မာနယ်စပ် နယ်စပ်ကုန်သွယ်ရေးဂိတ် ၁၉ ခုထဲက ၁၃ ခုကို တိုင်းရင်းသားအဖွဲ့တွေက ထိန်းချုပ်ထားပြီး ၁၄ ခုကို တရုတ်နိုင်ငံဘက်က ပိတ်ထားခဲ့ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့ကတော့ တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်က ဂိတ်တွေကို တည်ငြိမ်အေးချမ်းမှသာ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးရဲ့ ၆၀ ရာခိုင်နှုန်း ဖြတ်သန်းသွားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကို ပြီးခဲ့တဲ့ ဧပြီလက စစ်ကောင်စီတပ်တွေ လက်လွတ်ဆုံးရှုံးခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ မဟာမိတ် နယ်ခြားစောင့်တပ်တွေက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မြဝတီမြို့ကို အဓိက ဆက်သွယ်တဲ့ အာရှအဝေးပြေးလမ်းမကြီးကို တိုင်းရင်းသားအဖွဲ့တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
အခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာလည်း AA တပ်ဖွဲ့ရဲ့ ထိုးစစ်ကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေပြီး စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေလည်း ပိတ်ထားတာကြောင့် ဒေသခံတွေ လောင်စာဆီနဲ့ ဆေးဝါးတွေ တင်သွင်းလို့မရဘဲ အခက်တွေ့နေခဲ့ပါတယ်။
ISP Myanmar ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေး ဒေါ်လာ ၂၄ ဒသမ ၈ ဘီလီယံ ရှိခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေက ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၄ ဘီလီယံနဲ့ တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စခန်းတွေကနေ ကုန်သွယ်မှု ဒေါ်လာ ၁၀ ဘီလီယံပဲ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
အခုနှစ်အတွင်းမှာ တရားဝင်နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်မှုအပြင် စစ်ကောင်စီက သွင်းကုန်ကန့်သတ်မှုတွေကြောင့် ပြည်တွင်မှာ နိုင်ငံခြားကုန်ပစ္စည်းတွေ ရှားပါးပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။
ဒေါ်လာနဲ့ ရွှေဈေးတွေ စံချိန်တင် မြင့်တက်ခဲ့
အခုနှစ် အစောပိုင်းလောက်ကတည်းက ဒေါ်လာနဲ့ ရွှေဈေးတွေ စတင်မြင့်တက်ခဲ့ပြီး နှစ်လယ်လောက်မှာ မကြုံစဖူး ပမာဏအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အဆမတန်တက်လာတဲ့ ဒေါ်လာနဲ့ ရွှေဈေးတွေကို မထိန်းနိုင်တဲ့အတွက် ရွှေဆိုင်ပိုင်ရှင်တွေနဲ့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူအချို့ကို ဖမ်းဝရမ်းထုတ် အရေးယူခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ဗဟိုဘဏ်က ထိန်းချုပ်ထားတာကို ဖြေလျော့ပေးပြီး ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ပြီလို့ ကြေညာခဲ့တဲ့နောက် ငွေလဲနှုန်းတွေ တက်လာခဲ့တာ ဖြစ်ပါတယ်။
အခုနှစ် အစောပိုင်းက အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ဝန်းကျင် ရှိခဲ့ရာက သြဂုတ်လ အစပိုင်းမှာ တစ်ဒေါ်လာကို ၅၅၀၀ ကျပ်ကနေ ကျပ် ၆၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီထိန်းချုပ်တဲ့ ဗဟိုဘဏ်ကနေ ငွေလဲနှုန်းတွေ ကျဆင်းအောင် နိုင်ငံခြားငွေတွေ ရောင်းချပေးနေတယ်လို့ ကြေညာခဲ့ပေမဲ့ ဒေါ်လာဈေးပြန်မကျခဲ့ဘဲ မတ်လမှာ နိုင်ငံခြားငွေလဲလှယ်တဲ့ ကုမ္ပဏီ ၁၅ ခုကို ဈေးကစားတယ်ဆိုပြီး စတင်အရေးယူခဲ့ပါတယ်။
ပြည်တွင်း ရွှေဈေးကွက်မှာလည်း နှစ်စက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၉ သိန်းကျော်ရှိခဲ့ရာက သြဂုတ်လ ၇ ရက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၈၅ သိန်းလောက်အထိ စံချိန်တင်မြင့်တက်သွားခဲ့ပါတယ်။ ဇွန်လမှာတော့ အောင်သမာဓိ၊ ဇွဲထက်၊ ဝိန့်စိန်နဲ့ အကယ်ဒမီ စတဲ့ နာမည်ကျော် ရွှေဆိုင်တွေအပါအဝင် ရွေဆိုင်လုပ်ငန်းရှင်နဲ့ ပွဲစားတွေကို ရွှေဈေးမတည်ငြိမ်အောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
စက်တင်ဘာလမှာတော့ ရွှေနဲ့ ဒေါ်လာဈေး နှစ်မျိုးလုံး ပြန်ကျလာပြီး နောက်ဆုံး ဒီဇင်ဘာလ အစောပိုင်းမှာတော့ ရွှေဈေး ကျပ်သိန်း ၆၀ ဝန်းကျင်နဲ့ ဒေါ်လာဈေး ကျပ် ၄၄၀၀ ဝန်းကျင် ရှိနေပါတယ်။ ဒါဟာ စစ်တပ်က အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်၊ တစ်ဒေါ်လာကို ကျပ် ၁၄၀၀ ဝန်းကျင်ရှိခဲ့ရာက အခုလို စံချိန်တင် မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ ပြန်ကျလာပေမဲ့ အထွေထွေကုန်ဈေးနှုန်းတွေ ပြန်မကျလို့ စားဝတ်နေရေး အလွန်ကျပ်တည်းနေတဲ့အကြောင်း ရန်ကုန်မြို့နေ ပြည်သူတွေက RFA ကို ပြောပါတယ်။
လုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူမှု
အခုနှစ်ထဲမှာ ဒေါ်လာနဲ့ ရွှေဈေးမြင့်တက်မှုနဲ့အတူ ဆန်၊ ဆီနဲ့ အခြေခံစားကုန်တွေ ဈေးနှုန်းအလွန်အကျွံ မြင့်တက်လာတဲ့အတွက် စစ်ကောင်စီဟာ လုပ်ငန်းရှင်အချို့ကို ဖမ်းဆီးအရေးယူတာတွေ၊ အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။
အခုနှစ် ဇွန်လက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်နဲ့ ဆန်စက်လုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဆန်စက်နဲ့ လက်လီဆိုင်အချို့ကို ပိတ်သိမ်းခဲ့ပါတယ်။
ဇူလိုင်လမှာတော့ စစ်ကောင်စီကနေ သတ်မှတ်ထားတဲ့ ဆန်ဈေးနှုန်းထက် အမြတ်တင်ရောင်းချလို့ဆိုပြီး ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦး၊ ဈေးဝယ်စင်တာနဲ့ အရောင်းဆိုင် ၅၃ ခုက တာဝန်ရှိသူတွေကို ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် လုပ်ငန်းရှင် ၁၁ ဦးကို ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ဥပဒေနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အရေးယူခံရတဲ့သူတွေထဲမှာ လူသိများတဲ့ City Mart၊ One Stop Mart နဲ့ စိန်ဂေဟာ စင်တာတွေက တာဝန်ရှိသူတွေအပြင်၊ Aeon Orange ဈေးဝယ်စင်တာရဲ့ ဒါရိုက်တာ ဂျပန်နိုင်ငံသား ဟီရိုရှီ ကာဆာမတ်ဆု (Hiroshi Kasamatsu) လည်း ပါဝင်ပါတယ်။
အဲဒီမတိုင်ခင် မေလကလည်း မြန်မာနိုင်ငံမှာ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ FMI ကုမ္ပဏီရဲ့ အကြီးအကဲ ဆာ့ဂျ်ပန်း (ခေါ်) ဦးသိမ်းဝေနဲ့ FMI ကုမ္ပဏီလက်အောက်ခံ လုပ်ငန်း ရှစ်ခုလောက်က အုပ်ချုပ်သူတွေကို စစ်ကောင်စီက နေပြည်တော်မှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သတင်းတွေ ထွက်နေခဲ့ပါတယ်။
ဦးသိမ်းဝေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ရိုးမဘဏ်ဟာ လူလတ်တန်းစားနဲ့ လူချမ်းသာတွေ သူတိုရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်ပကို ရွှေ့ပြောင်းကြရာမှာ အဓိက ပါဝင်ကူညီပေးနေတယ်လို့ စစ်ကောင်စီက ယုံကြည်တာကြောင့် အခုလို ခေါ်ယူစစ်ဆေးခဲ့တာလို့ RFA ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။ စက်တင်ဘာလ ၅ ရက်မှာတော့ FMI ကုမ္ပဏီရဲ့ အမှုဆောင်ဥက္ကဋ္ဌရာထူကနေ ဦးသိမ်းဝေ အနားယူကြောင်း ကုမ္ပဏီကနေ သတင်းထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ ဦးသိမ်းဝေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်မှု မရှိခဲ့ပါဘူး။
လျှပ်စစ်မီးနဲ့ လောင်စာဆီပြတ်လပ်မှု
အခုနှစ်မှာ မြို့နေလူတန်းစားတွေအတွက် လျှပ်စစ်မီးပြတ်တောက်မှုတွေ ပိုပြီးဆိုးဆိုးဝါးဝါး ဖြစ်လာပါတယ်။ တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက် တစ်ရက်ကို မဂ္ဂါဝပ် ၅၅၀၀ လောက်ရှိပေမဲ့ လက်ရှိမှာ တစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်ပဲ ထုတ်လုပ်နိုင်တာကြောင့် တစ်နိုင်ငံလုံးမှာ ၅၀ ရာခိုင်နှုန်းပဲ လျှပ်စစ်မီးပေးနိုင်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဆက်တိုက်လျော့ကျနေပြီး အခုနှစ်မှာ မဂ္ဂါဝပ် နှစ်ထောင်ကျော်ပဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ မေလ ၁၉ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းက စက်မှုဇုန်တွေမှာ တစ်ရက်ကို နှစ်နာရီပဲ လျှပ်စစ်မီးပေးနိုင်တော့မယ်လို့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေက အကြောင်းကြားခဲ့ပါတယ်။
လျှပ်စစ်မီးမရလို့ ဒီဇယ်ဆီနဲ့ လည်ပတ်ရတဲ့အခါ ထုတ်လုပ်မှုစရိတ်တွေ ကြီးမြင့်လာပြီး ကုန်ဈေးနှုန်းတွေ တက်လာတယ်လို့ စက်မှုလုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။
အခုနှစ် ဇူလိုင်လလောက်ကစပြီး ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ လောင်စာဆီ မလုံလောက်မှု ပြဿနာကို ဆိုးဆိုးဝါးဝါး ကြုံခဲ့ရပါတယ်။ စက်သုံးဆီအရောင်းဆိုင် ၂၀၀ လောက်ရှိတဲ့ ရန်ကုန်မြို့မှာ စက်သုံးဆီ ဝယ်ယူဖို့ ကားအစီးရေ ရာနဲ့ချီပြီး နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေခဲ့ရပြီး လိုသလောက် ဝယ်လို့မရတာနဲ့ လုံးဝ ဆီကုန်သွားလို့ ဆိုင်ပိတ်လိုက်ရတာတွေ ကြုံခဲ့ပါတယ်။
အိမ်ခြံမြေနဲ့ ထိုင်းကွန်ဒို ဝယ်ယူမှု
မြန်မာနိုင်ငံတစ်ဝန်းက စစ်ဘေးရှောင်ပြည်သူတွေ ရွှေ့ပြောင်းဝင်ရောက်လာတာကြောင့် ရန်ကုန်မြို့မှာ အိမ်ခြံမြေနဲ့ တိုက်ခန်းဈေးတွေ တက်လာနေပြီး အိမ်ငှားခတွေလည်း အဆမတန် တက်လာနေပါတယ်။ အခုနှစ်မှာ ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ တိုက်ခန်းငှားခ တစ်လ ကျပ်ငါးသိန်းလောက်အထိ ရှိလာခဲ့ပြီး တိုက်ခန်း ရှားပါးမှုတွေလည်း ကြုံခဲ့ရပါတယ်။
မြန်မာနိုင်ငံထဲမှာ မလုံခြုံတော့တာ၊ လျှပ်စစ်မီးနဲ့ရေ ပုံမှန်မရတာ၊ စီးပွားရေး လုပ်လို့မရတာတွေကြောင့် မြို့ပြလူတန်းစားထဲက တချို့က ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူပြီး ရွှေ့ပြောင်းနေထိုင်တာတွေကြောင့် ထိုင်းမှာ ကွန်ဒိုဝယ်ယူမှုတွေ တိုးလာနေပါတယ်။ စစ်ကောင်စီကလည်း မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုဝယ်ယူမှုကနေ ပြည်တွင်းက ငွေကြေးအရင်းအနှီးတွေ စီးထွက်နေတာကို ဖမ်းဆီးအရေးယူမှုတွေနဲ့ တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။
ဇွန်လ ၇ ရက်ကတော့ တရားမဝင် ရလာတဲ့ငွေတွေနဲ့ ပြည်ပမှာ အိမ်ဝယ်နေတာတွေ တွေ့တဲ့အတွက် ဥပဒေနဲ့အညီ စိစစ်နေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူလိုတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဝန်ဆောင်မှုပေးတဲ့ Minn Thu ကုမ္ပဏီက အကြီးအကဲတွေကိုလည်း ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေရဲ့ ကွန်ဒိုတိုက်ခန်းဝယ်ယူမှုက ၂၀၂၂ မှာကတည်းက အများဆုံး ဆယ်နိုင်ငံစာရင်းဝင်ခဲ့ပြီး ၂၀၂၃ မှာ တတိယအများဆုံးနဲ့ အခုနှစ်မှာ ဒုတိယအများဆုံး ဖြစ်လာတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
ပြည်ပရောက် လုပ်သားတွေအပေါ် တင်းကျပ်မှု
အခုနှစ်မှာ ပြည်တွင်းမှာ မတည်ငြိမ်မှုတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ကိုင်မှု ထပ်ပြီးတိုးပွားလာပါတယ်။
စစ်ကောင်စီဟာ ပြည်ပရောက် အလုပ်သမားတွေဆီက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံဖို့နဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်း မြန်မာနိုင်ငံကို ပြန်လွှဲထားတဲ့ အထောက်အထားမပြနိုင်ရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးမဲ့အကြောင်း ပြီးခဲ့တဲ့နှစ်က ကြေညာထားပါတယ်။
အခုနှစ် စက်တင်ဘာလထဲမှာ ပြည်ပရောက်လုပ်သားတွေရဲ့ လုပ်အားခ ၂၅ ရာခိုင်နှုန်းကို ပြန်မလွှဲတဲ့အတွက်ဆိုပြီး ပြည်ပအလုပ်အကိုင် အေဂျင်စီအချို့ကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရရင် ပြန်လာပြီး စစ်မှုထမ်းဖို့ အလုပ်သမားအေဂျင်စီတွေဘက်က တာဝန်ယူပြီး ခေါ်ပေးရမယ်ဆိုတဲ့ အချက်ကို စာချုပ်ချုပ်ရာမှာ ထည့်သွင်းဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ခဲ့တဲ့အကြောင်း ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေက RFA ကို ပြောပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ ILO အဖွဲ့တွေရဲ့ စစ်တမ်းတစ်ခုအရ ပြည်တွင်းမှာကျန်တဲ့ မိသားစုတွေဟာ ပြည်ပထွက် အလုပ်လုပ်နေတဲ့သူတွေဆီက ပြန်ပေးပို့ငွေကို မှီခိုရမှု မြင့်တက်လာနေပါတယ်။ ထိုင်း၊ မလေးရှား၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကို ထွက်အလုပ်လုပ်ကြသူတွေဟာ ပြည်တွင်းမှာ အလုပ်လုပ်နေသူတွေထက် ဝင်ငွေ နှစ်ဆကနေ ဆယ်ဆလောက်အထိ ပိုများတဲ့ ဝင်ငွေတွေ ရကြပြီး ရွှေ့ပြောင်းလုပ်သားတွေဆီက ပြန်ပို့ငွေတွေဟာ မြန်မာနိုင်ငံက အိမ်ထောင်စုအားလုံးရဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်းအတွက် အဓိက ဝင်ငွေရလမ်း ဖြစ်နေတယ်လို့ ဆိုပါတယ်။
နှစ်သစ်အတွက် သုံးသပ်ချက်
လာမဲ့နှစ်မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ မသေချာ မရေရာမှုတွေများနေပြီး နိုင်ငံ့စီးပွားရေးဟာ စစ်ရေးပဋိပက္ခအခြေအနေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ ရာဂီမုန်တိုင်းဒဏ်ကနေ နာလန်ထူနိုင်မှု၊ စက်မှုလုပ်ငန်းတွေမှာ ကုန်ကြမ်းရှားပါးမှု၊ အသေးစား စီးပွားရေးတွေ အရောင်းအဝယ်ထိုင်းမှိုင်းမှု၊ လျှပ်စစ်မီးပြတ်တောက်မှု စတာတွေရဲ့ အခြေအနေတွေအပေါ် မူတည်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ် မြန်မာ့စီးပွားရေး စောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆက်နွှယ်သောသတင်းများ
၂ဝ၂၄ အထိ မြန်မာ့စီးပွားရေးနာလန်မထူနိုင်သေးဘူးလို့ ကမ္ဘာ့ဘဏ်သတိပေး
စီးပွားရေးချွတ်ခြုံကျမှု အခြေခံလူတန်းစားတွေ ထိခိုက်မှုများ
စီးပွားရေးအရ ကျရှုံးနိုင်ငံဖြစ်လာနိုင်ကြောင်း လေ့လာသူတွေပြော
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ရရှိမှုအနေနဲ့ စစ်ကောင်စီရဲ့ စာရင်းတွေအရ လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမ ၇ လအတွင်းမှာ ဒေါ်လာ ၂၂၆ သန်းပဲရှိပြီး စစ်ကောင်စီရဲ့ မူဝါဒမတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လျော့ကျလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ စစ်တပ်က အာဏာမသိမ်းခင် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကထက် ၁၁ ရာခိုင်နှုန်း လျော့နည်းနေမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ လာမယ့်နှစ်မှာ ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်မားနေပြီး ၂၆ ရာခိုင်နှုန်းဝန်းကျင် ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းပါတယ်။
လာမဲ့နှစ်မှာ ပြုလုပ်မယ်လို့ မျှော်လင့်ရတဲ့ ရွေးကောက်ပွဲကြောင့် စစ်ကောင်စီရဲ့ အစိုးရအသုံးစရိတ်တွေ တိုးလာဖွယ်ရှိပြီး ဘဏ္ဍာရေးလိုငွေပြမှုလည်း တိုးလာနိုင်တဲ့အကြောင်း၊ အခုအတိုင်း စားသောက်ကုန်တွေ ဈေးနှုန်း ဆက်လက်မြင့်တက်နေမယ်ဆိုရင် ပြည်သူတွေအတွက် ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆင်းရဲမွဲတေမှုတွေ ပိုဆိုးလာနိုင်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လာမဲ့နှစ် မြန်မာနိုင်ငံမှာ စာနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်သူအရေအတွက် သန်း ၂၀ နီးပါးအထိရှိလာနိုင်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။