၂ဝ၂၄ အထိ မြန်မာ့စီးပွားရေးနာလန်မထူနိုင်သေးဘူးလို့ ကမ္ဘာ့ဘဏ်သတိပေး

RFA Burmese
2023.12.12
၂ဝ၂၄ အထိ မြန်မာ့စီးပွားရေးနာလန်မထူနိုင်သေးဘူးလို့ ကမ္ဘာ့ဘဏ်သတိပေး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်း သက်သာသည့်နှုန်းထားဖြင့် စားအုန်းဆီ ရောင်းချသည့်နေရာတွင် ဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသူများ။
RFA

လတ်တလော မြန်မာနိုင်ငံအနှံ့မှာ ဖြစ်နေတဲ့တိုက်ပွဲတွေ၊ ကုန်စည်စီးဆင်းမှု အတားအဆီးတွေ၊ ငွေကြေးဖောင်းပွမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ လာမယ့် ၂ဝ၂၄ ခုနှစ်မှာလည်း နာလန်ထူနိုင်ဦးမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၂၄ ခုနှစ် မတ်လအထိ ကြိုတင်ခန့်မှန်းထားချက်အရ စီးပွားရေးတိုးတက်မှုနှုန်းဟာ တစ်ရာခိုင်နှုန်းလောက်ပဲရှိမယ်လို့ ဒီဇင်ဘာလ ၁၂ ရက် မနေ့က ထုတ်ပြန်တဲ့ "ပဋိပက္ခကြားက စိန်ခေါ်မှုများ" ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ မရှိတော့ဘူးဆိုရင်တောင် လာမယ့် ၂ဝ၂၅ အထိ စီးပွားရေး နှေးကွေးကြန့်ကြာနေနိုင်သေးတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ပါတယ်။

စားသောက်ကုန်စျေးနှုန်းတွေမြင့်တက်ပြီး အခြေခံလူတန်းစားတွေ ပိုထိခိုက်နေရတယ်လို့လည်း ကမ္ဘာ့ဘဏ်ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောပါတယ်။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ဝင်ငွေအများစုကို အစားအသောက်အတွက်ပဲ သုံးနေရတယ်လို့လည်း ဆိုပါတယ်။

အခြေခံပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အများဆုံးဖန်တီးပေးနေတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာလည်း လျှပ်စစ်မီးပြတ်တောက်တာ အပါအဝင် ကုန်စည်ပို့ဆောင်စရိတ်ကြီးတာ၊ နိုင်ငံခြားငွေလဲလှယ်ရေး စည်းမျဉ်းသစ်တွေကြောင့် နိုင်ငံတကာစျေးကွက်ကို မတိုးချဲ့နိုင်ဘူး ဖြစ်နေတယ်လို့လည်း ကမ္ဘာ့ဘဏ်က ထောက်ပြထားပါတယ်။

ကိုဗစ် ၁၉ ရောဂါမဖြစ်ခင်၂ဝ၁၉ ခုနှစ်ကထက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဆယ်ရာခိုင်နှုန်းလောက် နိမ့်ကျနေပြီး အရှေ့အာရှဒေသမှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က စီးပွားရေးအခြေအနေကို ပြန်မရောက်တဲ့နိုင်ငံဆိုလို့ မြန်မာတစ်နိုင်ငံပဲရှိတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။