နှစ်သောင်းတန် ငွေစက္ကူကြောင့် မြန်မာငွေတန်ဖိုး ပိုကျလာနိုင်ကြောင်း NUG သုံးသပ်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.07.23
နှစ်သောင်းတန် ငွေစက္ကူကြောင့် မြန်မာငွေတန်ဖိုး ပိုကျလာနိုင်ကြောင်း NUG သုံးသပ် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့တွင် မြန်မာငွေစက္ကူများကို ရေတွက်နေသူတစ်ဦးအား တွေ့ရစဉ်။
AFP

ဗဟိုဘဏ်ကနေ မြန်မာကျပ်ငွေ နှစ်သောင်းတန်ကို အခုလ ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းမှာ ကြေညာပါတယ်။ ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လို့ စစ်ကောင်စီက ငွေစက္ကူအသစ်ထုတ်ဝေတာဖြစ်ပြီး တရားဝင်အစိုးရမဟုတ်လို့ ငွေထုတ်ပိုင်ခွင့်မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တုံ့ပြန်ပါတယ်။

ဆင်ဖြူတော်ပုံနဲ့ အစိမ်းနုရောင် နှစ်သောင်းတန်ငွေစက္ကူသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေသွားမယ်လို့ ကြေညာလိုက်တာပါ။

"စစ်ကောင်စီက တရားဝင်အစိုးရမဟုတ်ဘူး၊ NUG ကလည်း သူ့ကို (စစ်ကောင်စီ) မတရားအသင်းအဖြစ် ကြေညာထားတာရှိတယ်၊ အဲ့အတွက်ကြောင့် သူကငွေထုတ်ခွင့်မရှိဘူး"

အမျိုးသားညီညွတ်ရေးအစိုးရ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက စစ်ကောင်စီက နိုင်ငံတကာဝင်ငွေ ရရှိမှုပိတ်ဆို့လာလို့ အခုလိုငွေစက္ကူသစ် ရိုက်ထုတ်လာတာလို့ တုံ့ပြန်ပါတယ်။

"စစ်ကောင်စီက တရားဝင်အစိုးရမဟုတ်ဘူး၊ NUG ကလည်း သူ့ကို (စစ်ကောင်စီ) မတရားအသင်းအဖြစ် ကြေညာထားတာရှိတယ်၊ အဲ့အတွက်ကြောင့် သူကငွေထုတ်ခွင့်မရှိဘူး။ ကျွန်တော်တို့ တားဆီးတယ်၊ တားတော့ နိုင်ငံတကာဝင်ငွေတွေ တချို့လမ်းကြောင်းတွေ ပိတ်လာတယ်။ ပိတ်လာလို့ ကျပ်တည်းလာတဲ့ အခါကျတော့ သူငွေရိုက်ထုတ်ပြီး ကနဦးအနေနဲ့ အကန့်အသတ်လို့ ဘယ်လောက်ပြောပြော ငွေရိုက်ထုတ်တာနဲ့ စချင်တဲ့ သဘောမျိုးတော့ ရှိတာပေါ့နော်"

နှစ်သောင်းတန်ငွေစက္ကူသစ်ကို အကန့်အသတ်နဲ့သာထုတ်ဝေပေးမှာဖြစ်ပြီး ဟောင်းနွမ်းပြီး သုံးစွဲလို့မရတော့တဲ့ ငွေစက္ကူအမျိုးအစားတွေနဲ့ တန်ဖိုးတူ လဲလှယ်ပေးသွားမယ်လို့ ဆိုပါတယ်။လက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေကိုလည်း တရားဝင်ဆက်လက်သုံးစွဲခွင့်ပြုမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

စစ်ကောင်စီက အကန့်အသတ်နဲ့ငွေစက္ကူအဟောင်းတွေနေရာမှာ အစားထိုးထုတ်သွားမယ်လို့ ပြောတဲ့အပေါ် ယုံကြည်စရာ မရှိဘူးလို့ အသက် ၇၈ နှစ်အရွယ် နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောပါတယ်။

"လိမ်တယ်၊ ညာတယ်၊ လူညာကြီးရယ် ယုံအောင်ဖြီးတတ်တယ်။ သူကတော့ ဒီလိုပဲပြောမှာဗျ၊ အာဏာရှင်နဲ့ အုပ်ချုပ်တဲ့သူကတော့ ဒီလိုပဲလိမ်ပြောမှာပဲလေ။ တည့်တည့်ကြီးပြောလို့ ဘယ်ဖြစ်မလဲ၊ တည့်တည့် ထုတ်တော့ရော ဘယ်သူက ဘာပြောရဲမလဲ။ ကျွန်တော်တို့က ဘာဂဏန်းနဲ့ စောင့်ကြည့်မလဲ၊ ဘယ်သူက စောင့်ကြည့်တဲ့ ဂဏန်းကိုထုတ်ရဲမှာလဲ။ ပုံပြင်တွေက အကြိမ်ကြိမ်ပါပဲ ဦးနေဝင်းလက်ထက်က ထုတ်လိုက်တာ အကြိမ်ကြိမ်ပါပဲ။ ၄၅ ကျပ်တဲ့ ဘယ်အချိန်က ကြားဖူးလဲ။ ၄၅ ကျပ်၊ ယတြာတဲ့ ကိုးဖြစ်အောင် လေးနဲ့ငါးနဲ့ပေါင်း ကိုးပေါ့။ နောက်တစ်ခါ ကိုးဆယ်တန်တဲ့ ထုတ်ပြန်ရော၊ အဲ့လိုဗျ။ တချို့ထုတ်တာတွေက ယတြာတွေ။ အခုလည်း ဘာနဲ့ကက်ကင်းရိုက်ပြီး နှစ်သောင်းဆိုပြီးထုတ်လည်း မသိဘူး။ သေချာတာက တိုင်းပြည်ပျက်နေပြီဗျ"

စစ်ကောင်စီက အသစ်ထုတ်ဝေမဲ့ နှစ်သောင်းတန်ငွေစက္ကူသစ်ရဲ့ အရှေ့ဘက်မျက်နှာမှာ ဆင်ဖြူတော်ပုံ၊ အနောက်ဘက်မျက်နှာမှာ စစ်ကိုင်းတံတားနဲ့ ဧရာဝတီတံတားပုံကို ရိုက်နှိပ်ထားပါတယ်။

အရွယ်အစားက အလျား ၁၅ စင်တီမီတာ၊ အနံ ခုနစ်စင်တီမီတာရှိတယ်လို့ ဆိုပါတယ်။

money4.jpg
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကောင်စီ စတင်ထုတ်ဝေမည့် နှစ်သောင်းကျပ်တန်ငွေစက္ကူသစ် နမူနာပုံစံ။ (Photo: MWD)

စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မယ်လို့ ကြေညာလိုက်တဲ့နေ့မှာပဲ ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာငွေစျေးက တစ်ရက်အတွင်း ပိုကျသွားခဲ့ပါတယ်။

အရင် နယ်စပ်ပြင်ပစျေးကွက်မှာ မြန်မာငွေ ကျပ်တစ်သိန်းပေးရင် ထိုင်းငွေ ၁၁၃၅ ဘတ် ရပါတယ်။ ငွေကျပ် နှစ်သောင်းတန် ထုတ်မယ်လို့ ကြေညာလိုက်တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး မြန်မာငွေတစ်သိန်းကို ဘတ်တစ်ထောင်ပဲ ရတော့တယ်လို့ ထိုင်းရောက် မြန်မာနိုင်ငံသားတချို့က ပြောပါတယ်။

စစ်ကောင်စီက ဘဏ္ဍာရေးအကျပ်အတည်းဖြစ်လို့ ငွေကြေးရိုက်ထုတ်တာဖြစ်ပြီး မြန်မာငွေတန်ဖိုးပိုကျ လာစရာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

"အဓိကက ဘဏ္ဍာရေးအကျပ်အတည်းဖြစ်နေတဲ့ အနေအထားပေါ့နော်၊ အကြမ်းဖက်စစ်အုပ်စုက ငွေကြေးတွေ ရိုက်ထုတ်တဲ့ သဘောမျိုးတောင် ကျွန်တော်တို့က သုံးသပ်တယ်။ ဒီလိုမျိုးထုတ်လာပြီဆိုရင် မြန်မာငွေတန်ဖိုးကျမှာပေါ့နော်။ အဲ့တော့ ခြုံငုံသုံးသပ်ရရင်တော့ ဘဏ္ဍာရေးအရ အကျပ်အတည်းဖြစ်နေတဲ့ အနေအထားတစ်ခုလို့ မြင်တယ်။ နောက်တစ်ခုက ဗေဒင်တွေ ယတြာတွေအရလည်း သူတို့တွေ လုပ်ထားတာတွေလည်း တွေ့တယ်ပေါ့နော်။ ဧရာ၀တီတံတားနဲ့ စစ်ကိုင်းတံတားကို ထည့်ထားတယ် ဆိုတာမျိုးတွေ Gen Z (မျိုးဆက်သစ်လူငယ်တွေ)ကို ထည့်ထားတယ်ဆိုတာတွေ အဲ့ဒါတွေကတော့ တစ်ပိုင်းပါ"

အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ စီးပွားရေးသုတေသီ ဦးစိန်ဌေး ကလည်း ငွေစက္ကူသစ်ရိုက်ထုတ်တာကြောင့် ငွေကြေး အဆမတန်ဖောင်းပွပြီး အထွေထွေကုန်စျေးနှုန်းတက်တဲ့ ဒဏ်ကို ပြည်သူတွေခံရမယ်လို့ သုံးသပ်ပါတယ်။

"နိုင်ငံတကာ ပိတ်ဆို့မှုကြောင့် သူတို့ ဘာဖြစ်လည်းဆိုရင် နိုင်ငံခြားငွေရှားတယ်၊ တဖက်က စစ်အသုံးစားရိတ်တွေများတယ်၊ လေယာဉ်ပျံတွေအတွက် လောင်စာဆီတွေဝယ်ရတယ်၊ အဲ့ဒါတွေဝယ်ရတဲ့အပြင် အခုတခါ မီးလောင်ရာလေပင့် ထပ်ပြီးတော့ မလုပ်သင့်တာကိုလုပ်တယ်၊ ဒီငွေစက္ကူဘာလို့ ရိုက်ထုတ်ရမှာလည်း တခြားနည်းတွေရှိတာပဲ၊ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးတည်ငြိမ်ဖို့ဆိုရင် ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒ ထိန်းရမှာ အခုက ဘဏ္ဍာရေးမူဝါဒဟာ ငွေကိုစျေးကွက်ထဲကို ထပ်ပြီးတော့ ရိုက်ထုတ်တာ၊ ငွေရိုက်ထုတ်တော့ ကုန်စျေးနှုန်းတွေထပ်တက်မယ်၊ အဲ့အကျိုးဆက်ကြောင့် အခုငွေလဲတဲ့နှုန်းတွေကလည်း မြန်မာငွေတန်ဖိုးကျပြီးတော့ နိုင်ငံခြားငွေတန်ဖိုး မြင့်တက်ပြီးတော့ ပြည်သူတွေရဲ့ ငွေက ဝယ်နိုင်စွမ်းအားကျတယ်၊ ဒီပြဿနာက သံသရာလည်မယ်၊ နောက်လာအုံးမှာ ဒါတွေတင်မကသေးဘူး ရွှေစျေးတွေတက်၊ ဒေါ်လာစျေးတွေတက်လာမှာ၊ အဲ့တော့ဘာဖြစ်မလည်းဆိုရင် အထွေထွေ ကုန်စျေးနှုန်းတွေကတက်မယ်၊ အဲ့အကျိုးဆက်တွေက ခံရမှာပါ"

နှစ်သောင်းကျပ်တန် ငွေစက္ကူရိုက်နှိပ်တာကြောင့် မြန်မာငွေတန်ဖိုးကျပြီး ငွေကြေးဖောင်းပွမှုဖြစ်နိုင်ကြောင်း ဝေဖန်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီဘက်ကတော့ တိုင်းပြည်နဲ့ ကမ္ဘာကြီးအေးချမ်းသာယာစေဖို့ရည်ရွယ်ပြီး တည်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒကရဲ့ တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျပ်နှစ်သောင်းတန် ထုတ်ဝေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက် ငွေစက္ကူတွေကို တန်ဖိုးတိုးမြှင့်ရိုက်ထုတ်ခဲ့ပါတယ်။ NLD အစိုးရလက်ထက်ကတော့ ငွေစက္ကူကို တန်ဖိုးတိုးမြှင့်ရိုက်ထုတ်ခဲ့ခြင်းမရှိပါဘူး။

ငွေစက္ကူတန်ဖိုး နောက်ဆုံးတိုးမြှင့်ထုတ်ဝေခဲ့တာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်ကဖြစ်ပြီး ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က တစ်သောင်းကျပ်တန် ငွေစက္ကူကို စတင်ထုတ်ခဲ့တာပါ။ ငါးထောင်ကျပ်တန်ကိုတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။