၂ဝ၂၃ ခုနှစ် မြန်မာ့စီးပွားရေးအပြောင်းအလဲနဲ့ စိန်ခေါ်မှုများ

ရဲ‌ခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.12.31
၂ဝ၂၃ ခုနှစ် မြန်မာ့စီးပွားရေးအပြောင်းအလဲနဲ့ စိန်ခေါ်မှုများ ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် စားအုန်းဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ်။
RFA

 ၂၀၂၃ ခုနှစ်ရဲ့ ပထမ ခြောက်လတာကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု အလားအလာအနည်းငယ် ရှိခဲ့ပေမဲ့ နောက်ခြောက်လမှာ စစ်ရေးတိုက်ခိုက်မှုတွေ တိုးလာတာနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ  ပိတ်သွားတာတွေကြောင့် စီးပွားရေးအခြေအနေ ကျဆင်းနေကြောင်း ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

လာမယ့် ၂ဝ၂၄ ခုနှစ် မတ်လမှာ ပြီးဆုံးမယ့် ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု တစ်ရာခိုင်နှုန်းပဲ ရှိမှာ ဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ဂျီဒီပီဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုမတိုင်ခင် လွန်ခဲ့တဲ့ ငါးနှစ်ကထက် ၁ဝ ရာခိုင်နှုန်းအထိ လျော့ကျသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ အခုနှစ် အောက်တိုဘာလကုန်မှာ စတင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေဟာ မြန်မာ့စီးပွားရေးအပေါ် ထိခိုက်မှု ရှိခဲ့ပြီး၊ မှောင်ခိုကုန်ကူးသန်းမှု နဲ့ တရားမဝင် လုပ်ငန်းတွေ ကြီးထွားလာခဲ့ပါတယ်။ အခုနှစ်မှာ စစ်ကောင်စီရဲ့မူဝါဒတွေ မတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်ပစ္စည်းရှားပါးမှုတွေနဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေး နာလန်မထူနိုင်သေးတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

 

ပိတ်ဆို့အရေးယူမှုအသစ်များ

■ အခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေ၊ စစ်တပ်ရဲ့ အကျိုးစီးပွားနဲ့ ဆက်နွယ်နေသူတွေကို နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်ပြီး ချမှတ်ခဲ့ပါတယ်။ စစ်ကောင်စီအတွက် နိုင်ငံခြားငွေကြေးတွေ မရရှိဖို့နဲ့ လောင်စာဆီ မဝယ်ယူနိုင်အောင် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်ကြောင်း ဇွန်လက ကြေညာခဲ့ပါတယ်။

အလားတူပဲ မြန်မာစစ်တပ်အတွက် အဓိကဝင်ငွေရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မပေးဖို့ အမေရိကန်အစိုးရရဲ့ပိတ်ဆို့အရေး ယူမှုကို အောက်တိုဘာလမှာ ကြေညာခဲ့ပါတယ်။ အလားတူပဲ မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းဖို့ အကူအညီပေးနေသူတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့ ပူးပေါင်းပြီး ဟန်ချက်ညီ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူရန် တိုကျိုမြို့ရောက် မြန်မာနိုင်ငံသားများက အမေရိကန်အစိုးရအား ဆန္ဒပြတောင်းဆိုကြစဉ်။ (Photo: AFP)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ဂျပန်နိုင်ငံခရီးစဉ်မတိုင်ခင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်က မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူရန် တိုကျိုမြို့ရောက် မြန်မာနိုင်ငံသားများက အမေရိကန်အစိုးရအား ဆန္ဒပြတောင်းဆိုကြစဉ်။ (Photo: AFP)

အခုလို MOGE ကို အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ ပိတ်ဆို့အရေးယူမှု ချမှတ်တာ ပထမဆုံးဖြစ်ပြီး၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံတဲ့ နိုင်ငံတွေ ဟန်ချက်ညီညီ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လာတာကို အောင်မြင်မှုအဖြစ် လူ့အခွင့်အရေးလေ့လာစောင့်ကြည့် သူတွေက ကြိုဆိုခဲ့ကြပါတယ်။ ဒီဇင်ဘာလမှာလည်း ဗြိတိန်အစိုးရဟာ မြန်မာနိုင်ငံက လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှ ာ ပါဝင်နေသူတွေကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။

တိုးပွားလာတဲ့ ဒုစရိုက်နဲ့ တရားမဝင်လုပ်ငန်းများ

■  မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပဋိပက္ခ၊ စီးပွားရေး ကျပ်တည်းမှုနဲ့ တရားဥပဒေစိုးမိုးမှု မရှိတော့တဲ့ အခြေအနေတွေကြောင့် ဘိန်းစိုက်ပျိုးမှု၊ လူကုန်ကူးမှု၊ အွန်လိုင်းက ငွေလိမ်တဲ့လုပ်ငန်းတွေနဲ့ မှောင်ခိုကုန်စည်ကူးသန်းမှုတွေ ကြီးထွားလာနေပါတယ်။
ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ အခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဖြစ်လာပါတယ်။ အခုနှစ်မှာ မြန်မာနိုင်ငံက ဘိန်းတန်ချိန် ၁၀၈ဝ ထုတ်လုပ်ခဲ့ပြီး ဘိန်းတင်ပို့မှုကရတဲ့ ဝင်ငွေ ဒေါ်လာ ၂.၅ ဘီလီယံ အထိ ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဝင်စီးပွားရေး လုပ်ငန်းတွေအတွက် မျက်နှာသာမပေးတဲ့ အခြေအနေကြောင့် ဘိန်းစိုက်ပျိုးမှု များလာတာလို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ပြစ်မှုဆိုင်ရာ ရုံးက သုံးသပ်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်နဲ့ တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အင်တာနက်ငွေလိမ်လုပ်ငန်းတွေဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီး ကြီးထွားကျယ်ပြန့်လာတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ တရုတ်အစိုးရရဲ့ ခန့်မှန်းချက်အရ လက်ရှိမြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အင်တာနက်ကနေ ငွေလိမ်တဲ့ စင်တာ ၁ဝဝဝ ကျော် လောက်ရှိပြီး ဒီလုပ်ငန်းတွေမှာ နေ့စဉ်လုပ်ကိုင်ပေးနေရသူ တစ်သိန်းကျော်အထိ ရှိနိုင်ကြောင်းနဲ့ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ဘီလီယံနဲ့ချီ ရှိနိုင်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။  

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးနေစဉ်။ (Photo: WSTV)
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးနေစဉ်။ (Photo: WSTV)

အခုနှစ်မှာ မြန်မာနိုင်ငံက မြေရှားသတ္တုတွင်းတွေမှာ တူးဖော်ထုတ်လုပ်မှု ရပ်တန့်လိုက်တဲ့အတွက် ကမ္ဘာ့မြေရှားသတ္တုဈေးကွက်မှာ ဈေးနှုန်းတွေ တက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုသန့်စင်ထုတ်လုပ်မှု ၂၂ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြေရှားသတ္တုတွင်းတွေကဖြစ်ပြီး အခုနှစ်မှာလည်း တရုတ်နိုင်ငံဘက်ကို တင်ပို့မှု အခြေအနေအပြောင်းအလဲ မရှိကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြန်မာ့အရေး လေ့လာသူ စီးပွားရေး ပညာရှင် Jared Bissinger က အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ စစ်ကောင်စီရဲ့ စာရင်းတွေအရ ထိုင်းနိုင်ငံကနေ ကုန်ပစ္စည်း တင်သွင်းမှု ၁.၉ ဘီလီယံ ရှိခဲ့ပြီး ထိုင်းအစိုးရရဲ့ စာရင်းတွေအရတော့ မြန်မာနိုင်ငံဘက်ကို ကုန်ပစ္စည်း တင်ပို့မှု ဒေါ်လာ ၃.၆ ဘီလီယံ ရှိခဲ့တာကို ထောက်ပြပြီး အခုလို ကွာဟချက်များပြားနေတာဟာ နှစ်နိုင်ငံအကြား တရားမဝင် မှောင်ခိုကုန်ကူးသန်းမှုတွေ ကြီးထွားလာတာကို ပြသနေတယ်လို့ RFA ကို ပြောပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးရဲ့ သက်ရောက်မှု

■ အခုနှစ် အောကတိုဘာလကုန်မှာ ၁၀၂၇ စစ်ဆင်ရေး တိုက်ခိုက်မှုတွေကြောင့် ရှမ်း ပြည်နယ် မြောက်ပိုင်းမှာ တရုတ်နိုင်ငံကို ကုန်စည်တင်ပို့မှု အဓိကလမ်းကြောင်း နှစ်ခုဖြစ်တဲ့ လားရှိုး-မူဆယ်လမ်းနဲ့ လားရှိုး-ချင်းရွှေဟော်လမ်းကြော င်းတွေ ပြတ်တောက်သွားခဲ့ပါတယ်။ ဒီလမ်းကြောင်းနှစ်ခုက ကုန်သွယ်မှုတွေဟာ မြန်မာတစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်း ရှိတာကြောင့် ဆက်ပြီးပြတ်တောက်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့လယ်ယာထွက်ကုန် တွေ တင်ပို့မှု၊ လူသုံးကုန်ပစ္စည်း တင်သွင်းမှု နဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နိုင်စွမ်းကိုပါ ထိခိုက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

စစ်ကောင်စီကတော့ ရှမ်းမြောက်ဒေသ နယ်စပ်ဂိတ်နှစ်ခုကနေ ကုန်သွယ်မှုတန်ဖိုးတစ်ရက်ကို အမေရိကန်ဒေါ်လာ ဆယ်သန်းကျော်ရှိပြီး ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကုန်သွယ်ရေး ရပ်တန့်သွားတဲ့အတွက် အမေရိကန်ဒေါ်လာ သန်းငါးရာကျော်အထိ နစ်နာဆုံးရှုံးခဲ့တယ်လို့ ပြောထားပါတယ်။

အခုနှစ်အောက်တိုဘာလ နောက်ပိုင်းမှာ စစ်ရေးတိုက်ခိုက်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားပေမဲ့ ကုန်သွယ်ရေး လုံးဝရပ်တန့်သွားမှာ မဟုတ်ဘဲ မှောင်ခိုကုန်ကူးသန်းမှုအဖြစ် ဆက်ရှိနေလိမ့်မယ်လို့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ စီးပွားရေးပညာရှင် Jared Bissinger က သုံးသပ်ပါတယ်။

ကျင်စန်းကျော့ ကုန်သွယ်ရေးစခန်း လက်နက်ကြီးနှင့် ပစ်ခတ်ခံရမှုကြောင့် မီးလောင်နေသည့် ကုန်တင်ကားများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကျင်စန်းကျော့ ကုန်သွယ်ရေးစခန်း လက်နက်ကြီးနှင့် ပစ်ခတ်ခံရမှုကြောင့် မီးလောင်နေသည့် ကုန်တင်ကားများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ကုန်သွယ်ရေးမူဝါဒတွေ မတည်ငြိမ်မှု  

■ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်မှာ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကို ထိန်းချုပ်ထားခဲ့ရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်ပ ပို့ကုန်လုပ်ငန်းရှင်တွေကိုလည်း ရလာတဲ့ ဒေါ်လာငွေတွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေး ၂၁၀၀ ကျပ်နဲ့ မဖြစ်မနေ လဲလှယ်ပြီး ပြန်သွင်းဖို့ သတ်မှတ်ထားတာကို ၃၅ ရာခိုင်နှုန်းအထိ လျှော့ပေးလိုက်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့က ကြေညာလိုက်ပါတယ်။

အခုလို ဗဟိုဘဏ်က ဒေါ်လာကန့်သတ်ချက် ဖြေလျှော့ပေးလိုက်တာဟာ ပို့ကုန်လုပ်ငန်းရှင်တွေအတွက် အကျိုးရှိနိုင်ပေမဲ့ ဒေါ်လာကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူတင်သွင်းရတဲ့ သွင်းကုန်လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်စေလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

ငွေကြေးဖောင်းပွမှု

■ အခုနှစ်မှာ မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်း ပွမှုနှုန်းဟာ ၃ဝ ရာခိုင်နှုန်း နီးပါးအထိ ရှိခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က အမေရိကန် တစ်ဒေါ်လာ ၁၃၃၀ ကျပ်၊ ရွှေတစ်ကျပ်သား ၁၃ သိန်းကျပ် ဝန်းကျင်ရှိခဲ့ရာက အခု ၂၀၂၃ နှစ်လယ်လောက်မှာ  အမေရိကန် တစ်ဒေါ်လာကို ၃၉၀၀ ကျပ်ဝန်းကျင်နဲ့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၉ သိန်း နဲ့အထက်အထိ မြင့်တက်လာခဲ့ပါတယ်။ အခြေခံ စားသောက်ကုန်တွေလည်း ဈေးနှုန်း မြင့်တက်နေပြီး နိုင်ငံတကာ စားနပ်ရိက္ခာသုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ရင် ဆန်ဈေးနှုန်း သုံးဆနီးပါး၊ စားသုံးဆီ ဈေးနှုန်းလေးဆနီးပါးနဲ့ပဲ အသားငါးဟင်းသီးဟင်းရွက် ဈေးနှုန်းတွေ နှစ်ဆအထိ တက်သွားတယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က လက်ရှိ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေဟာ မသမာသူတွေရဲ့ဈေးကစားမှုကြောင့် ဖြစ်တယ်လို့ သြဂုတ်လ ၂၅ ရက်က ပြောဆိုသွားပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့လွဲမှားတဲ့ မူဝါဒတွေနဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ကျပ်နှစ်သောင်းတန် ထုတ်လိုက်တဲ့ ဂယက်

■  အခုနှစ်မှာ စစ်တပ်ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကနေ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်တွေ စတင် ထုတ်ဝေတော့မှာ ဖြစ်တဲ့အကြောင်း ဇူလိုင်လက ထုတ်ပြန်ကြေညာချက်ကြောင့် စီးပွားရေးလုပ်ငန်းတွေကို ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ ဒီကြေညာချက် ထွက်လာပြီးတဲ့နောက် အိမ်ခြံမြေအရောင်းအဝယ်တွေနဲ့ ရန်ကုန်မြို့က ရွှေဆိုင်တွေမှာ အရောင်းပိတ်ထားခဲ့ကြပြီး၊ ငွေကြေးဖောင်းပွမှု ပြဿနာကို ပိုဆိုးစေခဲ့ပါတယ်။ နှစ်သောင်းတန် ထုတ်ဝေမယ့် သတင်းကြောင့် ရွှေဈေးတစ်ကျပ်သားကို ၃၁ သိန်းဝန်းကျင်ကနေ၊ ၃၅ သိန်းအထိ တက်သွားခဲ့ပြီး အမေရိကန် တစ်ဒေါ်လာဈေး ၃၁၀၀ ကျပ်ကနေ  ၃၄၀၀ လောက်အထိ တက်သွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီ ထုတ်ဝေမည်ဟု ကြေညာခဲ့သည့် နှစ်သောင်းကျပ်တန်ငွေစက္ကူသစ် နမူနာပုံစံ၏ မျက်နှာဘက်။ (Photo: Myanmar Military)
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က စစ်ကောင်စီ ထုတ်ဝေမည်ဟု ကြေညာခဲ့သည့် နှစ်သောင်းကျပ်တန်ငွေစက္ကူသစ် နမူနာပုံစံ၏ မျက်နှာဘက်။ (Photo: Myanmar Military)

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အသစ်ထုတ်မယ့် နှစ်သောင်းတန်ဟာ အကန့်အသတ်နဲ့သာ ထုတ်ဝေမှာ ဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှု ဖြစ်မှာ မဟုတ်ဘူးလို့ ပြောထားပေမဲ့ ကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီဟာ ငွေကြေးပြတ်လပ်လာတဲ့အတွက် ငွေစက္ကူအသစ်တွေ ထုတ်ဝေလာတာလို့ သုံးသပ်ကြပါတယ်။

လောင်စာဆီ ပြတ်လပ်မှု

■ အခုနှစ်မှာ ဒီဇင်ဘာလ ပထမအပတ်လောက်က စပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အခြားမြို့တွေက စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီပြတ်လပ်နေတာကြောင့် အချို့ဆိုင်ပိတ်ထားရပြီး ဖွင့်တဲ့ဆီဆိုင်တွေမှာ ကားအစီးရေ ရာနဲ့ချီပြီး တန်းစီ ဝယ်ယူနေခဲ့ရပါတယ်။  စက်သုံးဆီဈေးတွေလည်း တက်လာပြီး၊ ဒီဇင်ဘာလ ၁၂ရက်နေ့က မြို့ကြီးတွေမှာ စက်သုံးဆီ၊ တစ်လီတာကို ပျမ်းမျှ လေးထောင်ကျော် ငါးထောင်နီးပါး အထိ ရှိခဲ့ပါတယ်။ စစ်ရေးပဋိပက္ခတွေ ဖြစ်နေပြီး၊ စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ စက်သုံးဆီ တစ်လီတာကို ကျပ်သုံးသောင်းအထိ ဈေးပေါက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ရန်ကုန် သီလဝါ ဆိပ်ကမ်းမှာ ဆီသင်္ဘောတွေ အဆက်မပြတ် ရောက်ရှိနေကြောင်း မကြာခဏ ထုတ်ပြန်ပြောဆိုနေပေမဲ့ စက်သုံးဆီလုပ်ငန်းရှင်တွေမှာ ငွေပေးချေစရာ ဒေါ်လာ ဝယ်မရတဲ့အတွေက် ဆီထုတ်ယူလို့ မရဖြစ်နေတာလို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေကြသူများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူနေကြသူများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြီးကြပ်မှုကော် မတီကနေ စက်သုံးဆီလုပ်ငန်းရှင်တွေကို ဗဟိုဘဏ်သတ်မှတ်ဈေး ကျပ် ၂၁၀၀ နဲ့ ဒေါ်လာရောင်းမပေးတော့ဘဲ ပြင်ပပေါက်ဈေးအတိုင်း ခွင့်ပြုလိုက်တဲ့ချိန်ကပြီး စက်သုံးဆီပြဿနာတက်လာတာလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဆီက အခွန်ကောက်ဖို့ ကြိုးပမ်းမှု

■ အခုနှစ်မှာ ငွေကြေး ပြတ်လပ်လာတဲ့ စစ်ကောင်စီဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ ရွေ့ပြောင်းလုပ်သားတွေဆီက ရတဲ့ လုပ်ခ၊ လစာတွေထဲက အခွန်ကောက်ခံဖို့ စတင် ကြိုးပမ်းခဲ့ပါတယ်။

အခုနှစ် စက်တင်ဘာမှာ စစ်ကောင်စီဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို သူတို့ရတဲ့ လုပ်ခ လစာတွေထဲက အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းကို မဖြစ်မနေ ပြန်ပို့ဖို့ စည်းမျဉ်းအသစ်နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကိုလည်း စုစုပေါင်း ဝင်ငွေရဲ့ နှစ် ရာခိုင်နှုန်း ဒါမှမဟုတ် အသုံးစရိတ်တွေ ဖယ်ပြီး ကျန်တဲ့ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် ပေးဆောင်ကြရမဲ့ စည်းမျဉ်းအသစ်တွေ ထုတ်ပြန်လိုက်ပါတယ်။ ပတ်စပို့စ် သက်တမ်းတိုးတဲ့အခါ ဝင်ငွေခွန်ဆောင်ထားတဲ့ အထောက်အထားပြနိုင်မှ သက်တမ်းတိုးပေးမယ်လို့လည်း သတ်မှတ်ထားတာတာ ဖြစ်ပါတယ်။

၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် ထိုင်းရောက် မြန်မာနိုင်ငံသားများ  စစ်ကောင်စီကို ဝင်ငွေခွန်မဆောင်နိုင်ကြောင်း ဆန္ဒပြခဲ့ကြစဉ်။ (Photo: RFA)
၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ဘန်ကောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် ထိုင်းရောက် မြန်မာနိုင်ငံသားများ စစ်ကောင်စီကို ဝင်ငွေခွန်မဆောင်နိုင်ကြောင်း ဆန္ဒပြခဲ့ကြစဉ်။ (Photo: RFA)

ဒီစည်းမျဉ်း အသစ်ကြောင့် စင်္ကာပူနဲ့ အခြားနိုင်ငံအချို့က မြန်မာနိုင်ငံသားတွေ မြန်မာသံရုံးမှာ အခွန်သွားရောက်ပေးဆောင်မှုတွေ ရှိခဲ့ပြီး၊ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကတော့ စစ်ကောင်စီရဲ့ စည်းမျဉ်းအသစ်ကို ဆန့်ကျင်နေကြပါတယ်။  

အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကဏ္ဍ

■ စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံမငြိမ်သက်မှုနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုတွေကြောင့် အိမ်ခြံမြေတွေကို ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ပိုပြီးဝယ်ယူလာကြတာကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ တက်နေခဲ့ပါတယ်။ အခုနှစ်မှာ အိမ်ခြံမြေ ဈေးတွေ ၄၀ ကနေ ၆၀ ရာခိုင်နှုန်းလောက်အထိ ထပ်ပြီး တက်သွားတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတစ်ခုက RFA ကို ပြောထားပါတယ်။

အရင်က အမှန်တကယ် နေထိုင်ဖို့ ဝယ်ယူသူ အများစုအဖြစ် ရှိခဲ့ရာက၊ အခုနှစ်မှာတော့ ကျပ်နှစ်သောင်းတန် အသစ်ထုတ်လိုက်တဲ့ ဂယက်နဲ့ အမြတ်ရဖို့ ဝင်ရောက်ဈေးကစားသူတွေကြောင့် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ အိမ်ခြံမြေဈေး အတက်အကျ မြန်ဆန်မှုတွေ ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က နေရာအချို့မှာ အိမ်ဈေး ဆယ်ဆကျော်လောက်အထိ တက်သွားခဲ့တယ်လို့ အိမ်ခြံမြေ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ၊ ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံအချို့မှာ မြန်မာနိုင်ငံသားတွေရဲ့ အိမ်ခြံမြေ ဝယ်ယူမှု မြင့်တက်နေပြီး၊ အခုနှစ် ဘန်ကောက်မြို့ အိမ်ခြံမြေ သတင်းအချက်အလက် စင်တာရဲ့ ကိန်းဂဏန်းတွေအရ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ကွန်ဒိုဝယ်ယူမှု အများဆုံးထဲမှာ ပါဝင်ခဲ့တာလည်းတွေ့ရပါတယ်။ အိမ်ခြံမြေတွေ ဈေးနှုန်းတွေ မြင့်တက်လာပေမယ့်လည်း၊ မြေဈေးနဲ့ ဒေါ်လာဈေးတက်တာတွေနဲ့အတူ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေလည်း ဈေးတက်နေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်နေတယ်လို့ လေ့လာသူတွေက RFA ကို ပြောပါတယ်။

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် တစ်နေရာအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ် တစ်နေရာအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်မြို့က အကြီးစားဆောက်လုပ်ရေးစီမံကိန်း တွေ အားလုံးလိုလို ရပ်တန့်နေတာ တွေ့ရပြီး ဒဂုံမြို့နယ်၊ စစ်သမိုင်း ပြတိုက် နေရာမှာ တည်ဆောက်နေတဲ့ Y Complex စီမံကိန်း၊ ရန်ကင်းမြို့နယ်မှာ တည်ဆောက်နေတဲ့  Yankin PPP Redevelopment စီမံကိန်း နဲ့ ရန်ကုန်မြို့လယ် မီးရထားရုံး အဆောက်အဦအနီးမှာ တည်ဆောက်နေတဲ့ Peninsula ဟိုတယ်စီမံကိန်းတွေအားလုံး ရပ်တန့်နေပါတယ်။ Peninsula ဟိုတယ်စီမံကိန်းကို စီးပွားရေးအခြေအနေအရ ရပ်တန့်ထားတာ မှန်ကန်ကြောင်း Nikkei Asia သတင်းမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနိုင်ငံ ချေးငွေနဲ့ တည်ဆောက်နေတဲ့ ရန်ကုန်-ဒလ တံတားစီမံကိန်းကတော့ အခုနှစ် မတ်လမှာ ဆောက်လုပ်ရေး လုပ်ငန်းအချို့ ဆက်လက်ဆောင်ရွက်ခဲ့တာတွေ့ရပြီး၊ ၂၀၂၄ ခုနှစ် နှစ်ကုန်လောက်မှာ ပြီးစီးဖို့ ရည်မှန်းထားကြောင်း ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း

■ ၂၀၂၃ခုနှစ် ပထမ ခြောက်လမှာ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသွား လေးသိန်းခြောက်သောင်း ဝင်ရောက်ခဲ့ပြီး ဒါဟာ မနှစ်က ဝင်ရောက်မှုထက် ၅၀ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပေမယ့်၊ ကိုဗစ် ကပ်ရောဂါ မတိုင်ခင် ၂၀၁၉ ခုနှစ်က ခြောက်လအတွင်း ကမ္ဘာလှည့် ခရီးသွား ၁၃ သိန်း ကျော် ဝင်ရောက်တာထက် အများကြီး နည်းနေတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။ လာရောက်ကြတဲ့ ခရီးသွားအများစုဟာ အာရှနိုင်ငံတွေက ဖြစ်ပြီး မြန်မာနိုင်ငံမှာ ရက်တိုတိုပဲ နေထိုင်ကြတာ ဖြစ်တဲ့အတွက် ဝင်ငွေ များများ မရခဲ့ကြောင်း၊ စစ်ကောင်စီက အာရှနိုင်ငံအချို့က ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးပြီး ဆွဲဆောင်ဖို့ ကြိုးစားပေမဲ့ ခရီးသည် ဝင်ရောက်မှု တက်မလာခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားတဲ့ ဟိုတယ်တွေ တော်တော်များများလည်း ပြန်မဖွင့်နိုင်ကြသေးဘဲ အခုနှစ်မှာ အရှုံးပေါ်နေတဲ့ ဟိုတယ်တွေ အစုလိုက်အပြုံလိုက် ရောင်းချမှုတွေလည်း ရှိခဲ့ပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍ

■ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ နိုင်ငံအနှံ့ ကျေးလက်နေပြည်သူတွေ စစ်ဘေးရှောင်နေရတဲ့ အခြေအနေကြောင့် ထွန်ယက်စိုက်ပျိုးမှုတွေ ကျဆင်းနေပါတယ်။  ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုရတဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေလို သွင်းအားစုတွေ ဈေးနှုန်း မြင့်တက်လာတာကြောင့် အခုနှစ်မှာ သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတွေ လျော့ကျခဲ့ပါတယ်။

လယ်ယာလုပ်ငန်းခွင်ကို ဝင်နေသည့် ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားတစ်ဦးအား ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo: RFA)
လယ်ယာလုပ်ငန်းခွင်ကို ဝင်နေသည့် ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားတစ်ဦးအား ၂၀၂၃ ခုနှစ် ဩဂုတ်လက တွေ့ရစဉ်။ (Photo: RFA)

အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတစ်ဝန်းမှာ နွေနဲ့မိုးစပါး စိုက်ဧက စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ပျိုး ထုတ်လုပ်နိုင်တော့တယ်လို့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကျွမ်းကျင်သူတွေက RFA ကို ပြောထားပါတယ်။ အခုနှစ် အစောပိုင်းမှာ ဆန်တင်ပို့မှု ယာယီပိတ်ပင်လိုက်တာနဲ့ ပို့ကုန်ရငွေကို မဖြစ်မနေပြောင်းဖို့ ကန့်သတ်ချက်တွေကြောင့်လည်း လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ထိခိုက်စေတယ်လို့ စီးပွားရေးပညာရှင် Jared Bissinger က သုံးသပ်ပါတယ်။

ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ ဧရာဝတီတိုင်းမှာ အခုနှစ် လောင်စာဆီ ပြတ်လတ်မှုကြောင့် တောင်သူတွေ ထွန်ယက်စိုက်ပျိုးမှုတွေ နှောင့်နှေးနေပါတယ်။

အထည်ချုပ်ကဏ္ဍအတွက် မျှော်လင့်ချက်

■ အိမ်နီးချင်းနိုင်ငံတွေထက် လုပ်အားခ ဈေးသက်သာတဲ့ အားသာချက်ကြောင့် အထည်ချုပ်လုပ်ငန်းတွေ တိုးတက်မှုကနေ ကျဆင်းနေတဲ့ နိုင်ငံ့စီးပွားရေးကို ဆွဲတင်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပေမဲ့ စိန်ခေါ်မှုတွေ အများကြီး ဆက်ပြီးရင်ဆိုင်နေရဦးမယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မှုများပြားတာ၊ ခွင့်ပြုချက် လိုင်စင်ရဖို့ ခက်တာ၊ မတည်ငြိမ် မှုတွေကြောင့် ကုန်ကြမ်းသယ်ယူပို့ဆောင်ဖို့ ခက်ခဲတာနဲ့ နိုင်ငံခြားငွေ လွတ်လွတ်လပ်လပ် လဲလှယ်ခွင့်မရှိတာအပြင်၊ ကျွမ်းကျင် လုပ်သားတွေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာနေကြတာကြောင့် လုပ်သားရှားပါးမှု အခက်အခဲတွေ ရင်ဆိုင်နေကြရတဲ့အတွက် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေဟာ တိုးတက်ဖို့ထက်၊ အရှုံးမပေါ်ဖို့ ဦးစားပေးရုန်းကန်နေကြတယ်လို့ ကမ္ဘာ့ဘဏ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ က တွေ့ရစဉ်။ (Photo: RFA)

နှစ်သစ်အတွက် သုံးသပ်ချက်

■ လာမဲ့နှစ်မှာလည်း စစ်ရေးပဋိပက္ခ တိုက်ခိုက်မှုတွေ၊ လျှပ်စစ်မီး ရရှိမှု၊ ပြည်ပဝယ်လိုအားနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှု အခြေအနေအားလုံးကို မူတည်ပြီး၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး နှစ် ရာခိုင်နှုန်း တိုးတက်မှု ရှိနိုင်ပြီး၊ ငွေကြေးဖောင်းပွမှု ၂၀ ရာခိုင်နှုန်း ဝန်းကျင် ဆက်ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ စစ်ကောင်စီရဲ့ကုန်သွယ်ရေး၊ ဘဏ္ဍာရေး မူဝါဒတွေ အမျိုးမျိုးပြောင်းနေတာနဲ့ ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့် စီးပွားရေးနဲ့ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ထိခိုက်လွယ်ပြီး အရှုံးပေါ်တာတွေ ဆက်ဖြစ်နေမယ်လို့ ဆိုပါတယ်။ ရှမ်းမြောက်ဒေသက တရုတ်နဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဆက်ပြီး ပြတ်တောက်နေမယ်ဆိုရင် လယ်ယာပို့ကုန်တွေ တင်ပို့မှုထိခိုက်ပြီး စိုက်ပျိုးရေးကဏ္ဍကို အများဆုံး ထိခိုက်လိမ့်မယ်လို့လည်း သုံးသပ်ထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေဟာ နိုင်ငံ့စီးပွားရေး ပြန်လည်ဦးမော့လာပြီး မြန်မာပြည်သူတွေ အကျိုးရှိစေဖို့ထက် စစ်တပ်နဲ့စစ်ကောင်စီ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နိုင်ငံစီးပွားရေးကို ချုပ်ကိုင်ထားဖို့ရည်ရွယ်ချက်နဲ့  မူဝါဒချမှတ်နေတာဟာ အဓိကပြဿနာ ဖြစ်နေတယ်လို့ စီးပွားရေးပညာရှင် Jared Bissinger က သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။