အနုပညာရှင်တွေကို လွှတ်ပေးမှု ဟန်ပြလုပ်ရပ်အဖြစ် ဝေဖန်ကြ
2022.03.02

အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ နာမည်ကျော် အနုပညာရှင်တချို့ကို စစ်ကောင်စီက မတ်လ ၂ ရက်နေ့ မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ အခုလို သူတို့ကို ပြန်လွတ်ပေးလိုက်မှုအတွက် အနုပညာရှင်တွေ အပါအဝင် ပြည်သူတွေက ကြိုဆိုကြ ပေမယ့် ဒါဟာ စစ်ကောင်စီရဲ့ ဟန်ပြ လုပ်ရပ်သာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း ဖမ်းဆီး အပြစ်ပေးထားတဲ့ အနုပညာရှင် တွေထဲက သရုပ်ဆောင် ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပြေတီဦးနဲ့ ဒါရိုက်တာ ဝိုင်းတို့ကို စစ်ကောင်စီက မနေ့က မတ်လ ၂ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့တွေက နိုင်ငံအနှံ့အပြားရှိ မြို့တွေ ကျေးရွာတွေကို မြို့လုံးကျွတ် ရွာလုံးကျွတ် မီးရှို့တဲ့ သတင်းတွေ အရပ်သားတွေကို မုဒိမ်းကျင့် သတ်ဖြတ် လုယက်တဲ့ သတင်းတွေ နေ့စဉ်ရက်ဆက် ပေါ်ထွန်နေချိန်မှာ အခုလို နာမည်ကျော်အနုပညာရှင် တချို့ကို လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖြစ် တစ်ချိန်က တာဝန်ယူခဲ့ပြီး အခု တော်လှန်ရေးနယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ အဆိုတော်လင်းလင်းက ဘဝတူ အနုပညာရှင်တွေ အခုလို လွတ်မြောက်လာတဲ့ အတွက် သူဝမ်းသာပါတယ် ဒါပေမဲ့ မတရားဖမ်းဆီးထားတဲ့ သူအားလုံးကို လွှတ်ပေးရမှာ ဖြစ်တယ်လို့ မနေ့က ညနက်ပိုင်းမှာ RFA ကိုပြောကြားခဲ့ပါတယ်။
“အနုပညာရှင် ညီအစ်ကို မိတ်ဆွေမိသားစု အချို့လွတ်မြောက်ပြီး မိသားစုနဲ့ ဆုံတွေ့ ကြတဲ့အတွက် အရမ်းကို ဝမ်းသာကြည်နူးရပါတယ်။ သို့သော်လည်း ဒီလူတွေ ဒီပုဂ္ဂိုလ်တွေကို နဂိုတည်းက ဖမ်းစရာအကြောင်း တစက်မှ မရှိတာပါ။ တလက်စတည်း ပေါ့နော် အဓမ္မဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် သမ္မတကြီး အပါအဝင် တိုင်းပြည် အနှံ့က နိုင်ငံရေးခေါင်းဆောင်ပုဂ္ဂိုလ်တွေ CDM မိသားစုတွေ အဲဒီအပြင် ကိုယ့်ရဲ့ အာဏာနဲ့အကျိုးစီးပွား တည်မြဲဖို့အတွက် နည်းမျိုးစုံနဲ့ အဓမ္မ ဖမ်းဆီးထားတဲ့ လူသားအရေး မျှတမှုကို ရှေးရှုသော ပြည်သူပြည်သား အားလုံးကိုလည်း လွှတ်ပေး ရပါ့မယ်။”
နယ်ခြားဒေသတစ်ခုကို ရောက်ရှိနေတဲ့ နိုင်ငံရေးလှုပ်ရှားသူ စာရေးဆရာ ဝေမှူးသွင် ကလည်း ဒါဟာ စစ်ကောင်စီရဲ့ ဟန်ပြ လှည့်ကွက်ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“ထင်ရှားတဲ့ ကျော်ကြားတဲ့ အနုပညာရှင်တွေ လွှတ်ပေးခြင်းဟာ သာမန်လူတွေကို လွှတ်ပေးတာထက်စာရင် သူတို့အတွက် ပုံရိပ် ပိုကြီးမယ်လို့ စစ်ကောင်စီက စဉ်းစားပုံရတယ်။ ဒီလိုလွှတ်ပေးလိုက်လို့ စစ်ကောင်စီက ရက်စက်မှုတွေ ရပ်တန့် သွားပြီလို့တော့ လူထုကယုံကြည်မှာ မဟုတ်ဘူး။ သူတို့ကို အမြစ်ပြတ် ချေမှုန်း ရမယ်ဆိုတဲ့ အယူအဆ လူထုဆီမှာခိုင်မြဲနေပြီ အဲဒါတော့ သေချာပါတယ်။”
မြန်မာနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ဒါဟာစစ်ကောင်စီအနေနဲ့ သူတို့ရဲ့ ရက်စက်စွာ ဖိနှိပ်ချေမှုန်းမှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
“လူထုအပေါ် ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ၊ ကျေးရွာတွေအပေါ် ဗုံးကြဲတာတွေ စသည်အားဖြင့် ဒီသတင်းတွေ အပေါ်မှာ အခု လူထုစိတ်ဝင်စားနေတဲ့ အနုပညာရှင် တွေကို လွှတ်လိုက်ခြင်းအားဖြင့် သူတို့ စိတ်ကောင်းစေတနာ ရှိတယ်ဆိုတာကို ပြချင်လို့၊ တစ်ဖက်က ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဒါတွေကို လုပ်နေတယ် လို့ဘဲ ကျနော်တော့ ယူဆတယ်။”
ဒါ့အပြင် အခုလွတ်လိုက်တဲ့ အနုပညာရှင်တွေကို ပြည်သူတွေကို စည်းရုံးရာမှာ အသုံးချဖို့လည်း စစ်ကောင်စီက ကြိုးပမ်းမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
“ပြေတီဦးတို့ အိန္ဒြာကျော်ဇင်တို့ ဇာတ်ကားတွေဆို သူတို့ဖမ်းထားတဲ့အတွက် အဲဒီအချိန်ကစပြီး မပြရတော့ဘူးလေ။ ဒီလူတွေ မပါတဲ့ကား ဒီလူတွေမပါတဲ့ ဖျော်ဖြေရေး လုပ်ငန်းစဉ်တွေလည်း ရှိမှ မရှိဘဲကိုး၊ အဲဒီ အခြေအနေလည်း သူ့အနေနဲ့ ဖြေလျှော့နိုင်ခွင့်ရသွားတာပေါ့။"
တကယ်တော့ ဒီလိုလုပ်လိုက်တဲ့အတွက် နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေ တိုက်ပွဲ တွေဟာ သေးသိမ် အားနည်းသွားစရာ မရှိဘဲနဲ့ ပိုပြီးအားကောင်းလာနိုင်တဲ့ အခြေအနေ တွေ ရှိလာပါလိမ့်မယ် ဒီအခြေအနေတွေက ပြောင်းလဲလို့ မရပါဘူး။ ဒါတွေကို သူက လှည့်စားဖို့ ကြိုးစားနေတာသာ ဖြစ်ပါတယ်။
"ဒီပုဂ္ဂိုလ်တွေကို နဂိုတည်းက ဖမ်းစရာအကြောင်း တစက်မှ မရှိတာပါ။"
အမေရိကန် ပြည်ထောင်စုရောက် ကဗျာဆရာ စောဝေကတော့ စစ်ကောင်စီဟာ အရင် ခေတ်အဆက်ဆက် စစ်အစိုးရတွေရဲ့ လမ်းကြောင်းအတိုင်း ဆက်လျှောက် နေတာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“စစ်ကောင်စီဟာ သူ့အာဏာ သက်ဆိုးရှည်ရေးနဲ့ သူ့အာဏာ တည်တံ့ခိုင်မြဲရေးအတွက် သူဟာ အရင်စစ်အစိုးရတွေ လုပ်နေကျပုံစံအတိုင်း ပြည်သူတွေ စိတ်ဝင်စားတဲ့ အနုပညာရှင်တွေကို လွှတ်ပေးပြီးတော့ အနောက်မြောက် လွင်ပြင်မှာရှိတဲ့ ဒီမိုကရေစီ လိုလားတဲ့ ကိုယ့်တိုင်းရင်းသား ညီအကို မောင်နှမတွေ တောသူ၊ တောင်သားတွေကို သတ်ဖြတ် ရွာလုံးကျွတ် မီးရှို့နေတာတွေကို လူတွေ စိတ်ဝင်စားမှု လျော့သွားအောင် ဒီအနုပညာရှင်တွေ လွှတ်ပေးလိုက်တာလို့ မြင်တယ်။ တိုင်းပြည်ထူထောင်ဖို့ဆိုရင် ထောင်တွေထဲမှာ Generation Z အပါအဝင် အနာဂတ်တိုင်းပြည်ကို ဖန်တီးမယ့် လူငယ်ပေါင်းများစွာ၊ ကိုယ်နဲ့ သဘောထား ကွဲလွဲတဲ့ နိုင်ငံရေး အယူအဆမတူတဲ့ လူပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားတာ နှစ်နဲ့ ချီလာပါပြီ။ အခုအချိန်အထိ စာပေ အနုပညာရှင်တွေရော လူငယ်တွေရော လွတ်လပ်စွာ ကွဲလွဲခြင်းကြောင့် ဖမ်းဆီးထားတဲ့သူတွေကို လွှတ်ပေးတာမရှိပါဘူး။”
အခုလို ပြည်တွင်းပြည်ပ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လတ်တလော မရရှိနိုင်သေးပါဘူး။