အင်းလေးဟိုတယ် မီးလောင်မှု ဘယ်သူတွေ တာဝန်ရှိသလဲ

သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.11.16
အင်းလေးဟိုတယ် မီးလောင်မှု ဘယ်သူတွေ တာဝန်ရှိသလဲ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ညောင်ရွှေမြို့နယ် မန်ကျည်းစင်ရွာတွင် မီးလောင်နေသည့်ဟိုတယ်တစ်လုံးအား မီးငြိမ်းသတ်နေကြစဉ်။
Myanmar Fire Services Department

နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်ညက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် အရှေ့ဘက်က Inle Princess Resort ဟိုတယ် မီးလောင်ကျွမ်းခဲ့ပြီး အပျက်အစီးများခဲ့ပါတယ်။ မီးလောင်ကျွမ်းချိန် သုံးနာရီနီးပါးကြာရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီဟိုတယ်ဟာ ကြယ်လေးပွင့်အဆင့်ရှိပြီး မြန်မာ့ရိုးရာပုံစံ ဝါး၊ သစ်သားတွေနဲ့ ဆောက်လုပ်ထားကာ အဆောင်တွေကို ရေနံချေး သုတ်ထားတာပါ။ မီးပုံးပျံပျက်ကျလို့ အခုလို မီးလောင်ကျွမ်းရတာလို့ ဒေသခံတွေက ပြောပေမဲ့ သက်ဆိုင်ရာက ခုချိန်ထိ အသေးစိတ်ထုတ်ပြန်တာ မရှိသေးပါဘူး။

အခုလို မီးပုံပျံပျက်ကျလို့ လောင်ကျွမ်းခဲ့တယ်ဆိုတာကို မယုံကြည်နိုင်ဘူးလို့ NLD အစိုးရ လက်ထက် ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးက ပြောပါတယ်။

“မီးပုံးပျံကျလို့ လောင်တယ်ပေါ့ဗျာ၊ ဒါပေမဲ့ Inle Princess ဟိုတယ်အနေအထားက တစ်နေရာထဲ စုထားတာ မဟုတ်ဘူးဗျ၊ ဘန်ဂလိုလေးတွေ အများကြီးပြန့်ကျဲပြီးတော့ အလယ်မှာ Main Building နဲ့ အဲလောက် မကပ် ဘူးဗျ၊ မီးပုံးပျံကျလောက်တာနဲ့ အကုန်လောင်သွားတယ်ဆိုတာကတော့ သိပ်မယုံကြည်သေးဘူးပေါ့ဗျာ၊ နောက်ရေကြီးထားတာ ရေတောင်သိပ်မကျသေးဘူး၊ အဲလောက်အကြာကြီး ငြိမ်းသတ်ရတယ်ဆိုတော့ စိတ်မကောင်းစရာတော့ ဖြစ်တာပေါ့ဗျာ"



အဲဒီ Inle Princess Resort ကို ၁၉၉၀ ခုနှစ် ညောင်ရွှေလွှတ်တော်အမတ်ဖြစ်ခဲ့သလို ၂၀၁၅ NLD အစိုးရလက်ထက်မှာ ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဖြစ်ခဲ့တဲ့ ဦးအုန်းမောင်နဲ့ သူ့သမီး ဒေါ်ယဉ်မျိုးစုတို့ ပိုင်ဆိုင်တယ်လို့ ပြောကြပါတယ်။ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ တည်းခဲ့ဖူးကြောင်းလည်း ဦးနေမျိုးက ဆိုပါတယ်။

ဒီဟိုတယ် အခုလို ပျက်စီးရတာ နှမြောစရာကောင်းတယ်လို့ တည်းခိုဖူးသူတစ်ယောက်က RFA ကို မှတ်ချက်ပြုပါတယ်။

“ဦးလေးလည်း တစ်ခေါက်တော့ တည်းဖူးတယ်၊ တော်တော့်ကို နှမြောစရာကောင်းတယ်ပြောရမယ်၊ ဘာကြောင့်လောင်မှန်းလည်း မသိဘူး၊ မီးပုံးပျံ ပြုတ်ကျတယ်လို့တော့ ပြောနေကြတာ၊ ပြန်လုပ်ဖို့တော့ ကောင်းတယ်၊ သူတို့က အဲမှာ ဗမာကြောင်မျိုးရင်းတွေ မွေးထားတဲ့နေရာတို့ ဘာတို့ အဲတာမျိုးတွေနဲ့ သူတို့ထိန်းသိမ်းထားတယ်၊ သပ်သပ်ရပ်ရပ်နဲ့ ဖြစ်ကတတ်ဆန်း ဘာမှမလုပ်ထားဘူး"

အခုလိုလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး လက်ရှိလုပ်ကိုင်နေတဲ့ ဟိုတယ်ဝန်ထမ်းတွေကို RFA က အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ တချို့က ဖုန်းမကိုင်ကြသလို တချို့ကလည်း ပြန်ဖြေဖို့ အဆင်မပြေကြောင်းသာ ပြောကြပါတယ်။


ဆက်နွှယ်သော သတင်းများ

ညောင်ရွှေမြို့နယ် မန်ကျည်းစင်ရွာ မီးလောင်

အင်းလေးက ရေဘေးသင့်အိမ် တစ်ရာခန့်ကို လူမှုကူညီရေးအသင်းတွေ ပြုပြင်ပေး

တောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပဖို့ ဖိအားပေးငွေကောက်ခံနေ


ဒီဟိုတယ်ဟာ နိုင်ငံတကာဧည့်သည်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ အင်းလေးရဲ့ ရေပေါ်ဟိုတယ်ထဲမှာ အစောဆုံး ဖြစ်ကြောင်း အင်းလေးဒေသခံတွေကို အလုပ်အကိုင်တွေ အများအပြား ပေးနိုင်ခဲ့သလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းတွေနဲ့ အခြားသင်တန်းတွေပါ အများကြီး လုပ်ပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ခရီးသွားလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

“သမ္မတ ဦးသိန်းစိန်လက်ထက် တံခါးဖွင့်ပြီးတဲ့နောက်ပိုင်းမှာ သိသိသာသာကြီး ဒီအင်းထဲက ဟိုတယ်နဲ့ Tourism လုပ်ငန်း ပြောင်းလဲသွားရတဲ့အစလို့တောင် ပြောလို့ရတယ်ပေါ့လေ။ ဒီလိုမျိုး ဟိုတယ်မီးလောင်တဲ့အခါမျိုးမှာ ပြန်လည်တုံ့ပြန်မှု အားနည်းတာရော၊ Attention ရော အများကြီး မရကြတာပေါ့လေ၊ ဒီလိုမျိုးဟိုတယ်တွေရော နိုင်ငံရေးတည်ငြိမ်စဥ်ကာလတုန်းက ရှိခဲ့တဲ့အမွေအနှစ် (Heritage) တွေ အကုန်လုံးက ဒီစစ်နဲ့အတူ ပျက်စီးကုန်မလားဆိုတာ၊ စိုးရိမ်စရာတော့ရှိတာပေါ့နော်"

ဒီမီးလောင်မှုကို ညောင်ရွှေမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးအပါအဝင် ပတ်ဝန်းကျင်ဒေသခံတွေက အချိန်သုံးနာရီနီးပါးကြာ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ကြရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။